အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့သို့ အလုပ်သဘောခရီးစဉ် သွားရောက်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် BURMA Act အကောင်အထည်ဖော်ဆောင်မှုအတွက် အမေရိကန်ပြည်ထောင်စု၏ အကူအညီများရရှိရေး တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌသည် လက်ရှိမြန်မာနိုင်ငံအတွင်းရှိ စစ်ရှောင်ပြည်သူများနှင့် အရေးပေါ်အကူအညီလိုအပ်နေသူများအတွက် ထိရောက်သော ပံ့ပိုးကူညီမှုများပေးအပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ လုပ်ငန်းဆောင်ရွက်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူအညီများရရှိနိုင်ရေးနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းအားထုတ်မှုများတွင် ထိရောက်သော အကူအညီများ ရရှိနိုင်ရေးတို့အတွက် အမေရိကန်နိုင်ငံရှိ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
Photo: Derek Chollet’s Twitter
