Home / The Ninth Session of Union Parliament​

ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး

ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ အစီအစဉ် () ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၀၅) ဦးအစည်းအဝေးတက်ရောက်ခွင့်ရှိသူ ဦးရေ၏ ၇၂.၄၄ % တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် (နောင်ချိုမဲဆန္ဒနယ်၊ရှမ်းပြည်နယ်) က အမှတ်တရစကား ပြောကြားခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ဆက်လက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ၏ ပူးတွဲ ဥက္ကဋ္ဌ မစ္စတာ ချာလ်းစ်ဆန်တီရေဂို (Hon. Charles Santiago) က အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကနိုင်ငံတကာဆက်ဆံရေးနှင့် ကုလသမဂ္ဂဆိုင်ရာ သံတမန်ရေးရာ ဆောင်ရွက်ချက်များ အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သည်။

ထို့နောက် ရန်ကုန်ဖက်ဒရယ်ယူနစ်မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း တင်သွင်းသည့် အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော် ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုကို လွှတ်တော်က ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ရာ ရန်ကုန်ဖက်ဒရယ်ယူနစ်မဲဆန္ဒနယ်အမှတ် (၆) မှ ဦးနေကျော် မကွေးဖက်ဒရယ်ယူနစ်၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်သီရိရတနာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အရာတော်မဲဆန္ဒနယ်မှ ဦးဝဏ္ဏတို့က အဆိုကို ထောက်ခံဆွေးနွေးခဲ့သဖြင့် အကြမ်းဖက်စစ်အုပ်စုက ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကိုမဆို အသိအမှတ်မပြုကြောင်း ကြေညာရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကလေးမဲဆန္ဒနယ်မှ ဒေါ်ရှားမီး တင်သွင်းသည့် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း အဆိုကို စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင်က ထောက်ခံဆွေးနွေးခဲ့သဖြင့် လွှတ်တော်က ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး ဧရာဝတီဖက်ဒရယ်ယူနစ်မဲဆန္ဒနယ်အမှတ် (၆) မှ ဦးစည်သူအောင်၊ ဧရာဝတီဖက်ဒရယ်ယူနစ်ဘိုကလေးမဲဆန္ဒနယ်မှ ဒေါ်ဝေမာလွင်၊ ပဲခူးဖက်ဒရယ်ယူနစ်၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်းတို့က အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြသဖြင့် လွှတ်တော်က တိုက်တွန်းရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ကယား (ကရင်နီ) ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးရောဘတ်ညေးရယ်က ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက် (မူကြမ်း) အား ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

အစီအစဉ်နောက်ဆုံး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လာသော သဝဏ်လွှာများအား မှတ်တမ်းတင်ပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိဂုံးချုပ်စကားပြောကြားကာ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးအား ရပ်နားခဲ့ပါသည်။

အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ပြည်နယ်/ဖက်ဒရယ်ယူနစ်/ဒေသ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နိုင်ငံတကာ သံတမန်များ၊ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပမှ မီဒီယာများ ပါဝင်တက်ရောက်ခဲ့သည်။

လွှတ်တော်က အတည်ပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက် (၁/၂၀၂၆) ကို မြန်မာ/အင်္ဂလိပ် (၂) ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။  

Scroll to Top