Home / The Special Session of Union Parliament

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာ၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းကျေးရွာ၊ ကချင်ပြည်နယ်၊ အနန့်ပါဒေသတို့၌ လေကြောင်းဖြင့်လည်းကောင်း၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် မီးရှို့၍လည်းကောင်း အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သေစေရန် ရည်ရွယ်တိုက်ခိုက်သတ်ဖြတ်သည့် လုပ်ရပ်များအပါအဝင် နိုင်ငံတစ်ဝှမ်းလုံး၌ ကျူးလွန်လျက်ရှိသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများ၊ အဆိုးရွားဆုံးသော အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုတိုက်တွန်းမှုများ ပြုလုပ်ရန်အတွက် ရည်ရွယ်၍ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်း၊ ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရေး တောင်းဆိုတိုက်တွန်းချက်နှင့် စပ်လျဉ်းသည့် အရေးကြီးအဆိုအား တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၉) ဦးက အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ထောက်ခံဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၎င်းအရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ၎င်းဆုံးဖြတ်ချက်အား တက်ရောက်လာကြသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး၏ သဘောတူညီချက်ဖြင့် ချမှတ်အတည်ပြုခဲ့သည်။

ဆုံးဖြတ်ချက်တွင် စစ်ကောင်စီထံ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားဆီးမှုများ ထိရောက်စွာ ပြုလုပ်ပေးရန်၊ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းများဖြစ်သည့် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းအပါအဝင် အခြားသော ဝင်ငွေရလုပ်ငန်းများအား ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ပြုလုပ်ပေးရန်၊ လူမျိုးတုန်း သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်တပ်မှတာဝန်ရှိသူများ၊ တရားမဝင်စစ်ကောင်စီအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအပေါ် ထိရောက်ပြီး ပြင်းထန်သော ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ တိုးချဲ့ပြုလုပ်ပေးရန်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဉ်းချထားသည့် အကျဉ်းသားအားလုံးကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုချက်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) ပါ ဆုံးဖြတ်ချက်များကို အမြန်ဆုံးလက်တွေ့ကျကျ ဖော်ဆောင်ပေးရန်အပါအဝင် စုစုပေါင်း တောင်းဆိုချက် (၁၃) ချက်ပါဝင်သည်။

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား အစီအစဉ် (၁၂) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၏ လွှတ်တော်ကိုယ်စားပြုကော်မတီများ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဥရောပပါလီမန် ဒုတိယ ဥက္ကဋ္ဌနှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်များအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများနှင့် သံတမန်ကိုယ်စားလှယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာပါလီမန်အဖွဲ့အစည်းများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့သည်။

Scroll to Top