Home / The Eighth Session of Union Parliament​

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ၂ ရက်တိတိ ကျင်းပခဲ့ပြီး ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၈၈) ဦး၊ အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ ၆၆.၂% နှင့် ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၇၁) ဦး၊ အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ ၆၀.၂၁% တက်ရောက်ခဲ့ကြသည်။

ပထမနေ့အစီအစဉ်တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းပြောကြားခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ၏ ပူးတွဲဥက္ကဋ္ဌ (Hon. Charles Santiago) မစ္စတာ ချာလ်းစ်ဆန်တီရေဂိုက အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အားကောင်းစေရေးကြိုးပမ်းမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဆိုင်ရာ အစီရင်ခံစာတို့အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် “မြန်မာနိုင်ငံ၌ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုကို နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဒုတိယနေ့ အစီအစဉ်တွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခဲ့သည့် အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃) ဦးက အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးခွန်းများ မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြေကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်၏ နိုင်ငံတကာ အသိုက်အဝန်းသို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက် (မူကြမ်း) အား ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်စကားပြောကြားပြီး ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးအား ရပ်နားခဲ့သည်။

လွှတ်တော်က အတည်ပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက် ကို မြန်မာ/အင်္ဂလိပ် (၂) ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

Scroll to Top