Refresh

This website crphmyanmar.org/publications/news-and-press-release/210th-session-the-ipu-governing-council-15-10-2022/ is currently offline. Cloudflare's Always Online™ shows a snapshot of this web page from the Internet Archive's Wayback Machine. To check for the live version, click Refresh.

Home / လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက် စစ်တပ်က တာဝန်ရှိသူများအား မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန် အဖွဲ့ဝင်လွှတ်တော်များသို့ IPU အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆို

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက် စစ်တပ်က တာဝန်ရှိသူများအား မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန် အဖွဲ့ဝင်လွှတ်တော်များသို့ IPU အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆို

နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ခြင်းကို ကျင့်သုံးရန်သည် နိုင်ငံတိုင်း၏တာဝန်ဖြစ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားသော ရောမဖွဲ့စည်းပုံစည်းမျဉ်း (Rome Statue)နှင့် ကိုက်ညီမှုရှိသည့် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစည်းမျဥ်းကို လိုက်နာခြင်းအားဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်တပ်က တာဝန်ရှိသူ မည်သူကိုမဆို မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲဆိုခြင်းဖြင့် မိမိတို့၏ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးရန် အဖွဲ့ဝင်လွှတ်တော်များက သက်ဆိုင်ရာအာဏာပိုင်များအား လေးလေးနက်နက် တိုက်တွန်းပေးရန် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရဝမ်ဒါနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၁၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့၏ အမှုဆောင်ကောင်စီအစည်းအဝေး (210th Session the IPU Governing Council) က တောင်းဆိုခဲ့သည်။

ယင်းအစည်းအဝေးက လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာပါ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် အကြမ်းဖက်စစ်တပ်က ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အား အတည်ပြုခဲ့ရာတွင် တောင်းဆိုချက် (၉) ချက်အား ထည့်သွင်း တောင်းဆိုထားသည်။

အာဏာသိမ်းသည့်နေ့မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြောင်းပြချက်မဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃၇) ဦး ရှိပြီဖြစ်ကာ(၃၀) ဦးသည် ထိန်းသိမ်းခံ ထားရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် စစ်တပ်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခံနေရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်ခွင့်နှင့် တွေ့ဆုံခွင့်အားလုံးကို ပိတ်ပင်ခဲ့ပြီး ကိုယ်စားလှယ်များအား လျှို့ဝှက်နေရာများသို့ ပြောင်းရွှေ့ခဲ့ကာ အာဏာပိုင်များသည် ကိုယ်စားလှယ်အချို့အား ဖွက်ထားခဲ့ပြီး အစအနဖျောက်ဖျက်ပစ်ရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးခဲ့သည်မှအပ အခြားပြစ်မှုများ ကျူးလွန်ကြောင်း အထောက်အထားခိုင်လုံစွာ မပြသနိုင်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးအား ချက်ချင်း ပြန်လွှတ်ပေးရန် စစ်တပ်အာဏာပိုင်များအား တောင်းဆိုထားသည်။

ထို့ပြင် CRPH အဖွဲ့ဝင်များ အပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်ညီတစ်ညွတ်တည်း ရပ်တည်ကြောင်း ပြသရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစည်းမျဉ်းစည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာမှုရှိစေရေး ဖိအားပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများ၊ အထူးသဖြင့် အာဆီယံပါလီမန်များညီလာခံ(AIPA)များကို တောင်းဆိုထားသည်။

CRPH အဖွဲ့ဝင် (၂၀) ဦးနှင့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမှ အခြား ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ခြိမ်းခြောက်နေမှုကို ရပ်တန့်ရန်၊ ၎င်းတို့၏ အခွင့်အရေးများ ကျင့်သုံးမှုကို ပိတ်ပင်တားဆီးမှု မပြုလုပ်ရန်၊ ရုပ်ပိုင်းအရသော်လည်းကောင်း၊ တရားစွဲခြင်းအားဖြင့်သော်လည်းကောင်း ဖိနှိပ်မှု မပြုလုပ်ရန်၊ စစ်တပ်က အင်အားအလွန်အကျွံသုံး၍ တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများကို လိုက်နာရန်လည်း ဆုံးဖြတ်ချက်တွင် ပါဝင်သည်။

ဆုံးဖြတ်ချက်တွင် စစ်တပ်အာဏာပိုင်များက ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆန္ဒမရှိမှုကို ပြသခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် စစ်တပ်အာဏာပိုင်များအား အာဆီယံ အစည်းအဝေးများမှ ဖယ်ကျဉ်ထားခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်တပ်အာဏာပိုင်များ၏ နှုတ်ဆိတ်နေမှုသည် ထပ်မံ၍ ဆိုးရွာသော လူ့အခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန်ခြင်းကို ခိုင်ခိုင်မာမာ တွန်းအား‌ပေးလျက်ရှိပြီး အစအန ဖျောက်ဖျက်ပစ်ခြင်း၊ အကျဉ်းချခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျင့်သုံးလုပ်ဆောင်နေမှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်းကို ထောက်ပြထားသည်။ တရားရေးဆိုင်ရာ အရေးယူမှုနှင့် တာဝန်ခံမှုတို့မှ အကြမ်းဖက်စစ်တပ်မှ တာဝန်ရှိသူများကို အကာအကွယ်ပေးနေခြင်းကြောင့် ပြစ်ဒဏ်မှ ကင်းလွတ်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်း၍ စစ်တပ်မှ တာဝန်ခံမှုရှိစေရေးနှင့် စစ်တပ်အား အရေးယူဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။

အမှုဆောင်ကောင်စီဆုံးဖြတ်ချက်အား ဆက်လက်ဖတ်ရှု့ရန် >>>>>>>> https://www.ipu.org/file/15415/download


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2543/
class=wp-image-2544/
Scroll to Top