၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်
ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေကျော် ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ မွန်ပြည်နယ်၊ ဘီလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး တင်သွင်းခဲ့သော နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ အဆိုထဲမှာ အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့်ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်းကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး ဆိုတဲ့အကြောင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန် ရေး အင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်းတွေကို ဒေသတွင်းနှင့် နိုင်ငံတကာကို ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက သံတမန်နည်းအရ ချဉ်းကပ်ဆောင်ရွက်သွားဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။
လေးစားအပ်ပါသော နာယကြီးခင်ဗျာ။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်းများအရ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာကို ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့် ရေးအဖွဲ့များရဲ့ အစီရင်ခံစာများအရ သိနိုင်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ်များကိုလည်း နိုင်ငံ တကာနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က အသိအမှတ်ပြုမှုများ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်မှာ ပြည်သူသာအမိ ပြည်သူသာအဖ ဖြစ်တဲ့အတွက် မည်သူမဆို ပြည်သူ့ဆန္ဒ ကို လေးစားရပါမယ်။ ပြည်သူနဲ့အတူ ဖြစ်ရပါမယ်။ ပြည်သူ့ဆန္ဒကို အလေးမထားကြဘဲ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြွေးကြော်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ် ပြန်လည် ထွန်းကားရေးအတွက် ကြိုးစားနေကြခြင်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ရွေးကောက်ပွဲတစ်ခု ကျင်းပချိန်တိုင်းမှာ ကျင်းပ ပြီးပြီဆိုလျှင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ မဲမသမာမှုတွေနဲ့ ပက်သက်လို့ ကန့်ကွက်တာတွေ၊ တိုင်ကြားတာတွေ ရှိလာတဲ့အခါမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။ တာဝန်မရှိတဲ့ စစ်အုပ်စုက ၂၀၂၀ ရွေးကောက်ပွဲ ဟာ မဲမသမာမှု ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် တည်ဆဲရွေးကောက်ခံအစိုးရထံမှ မတရားသဖြင့် အာဏာသိမ်းယူခဲ့တဲ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်များစွာကို မတရားဖမ်းဆီး ထိန်းသိမ်းခဲ့ကြပါ တယ်။ အဆိုပါအကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းယူမှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကို အဟန့်အတားဖြစ်စေပြီးတော့ ပြည်တွင်းငြိမ်းချမ်းမှု၊ ဒေသတွင်း ငြိမ်းချမ်းမှုတို့ကို ဆိုးရွားစွာ ထိခိုက်ပျက်ပြားစေနိုင်ကြောင်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာရဲ့သဘောထားများမှာ အတိအလင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို ရွေးကောက်ပွဲ ဥပဒေများဖြင့်လည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို နိုင်ငံရေး နည်းဖြင့်လည်းကောင်း ဖြေရှင်းခြင်းမပြုကြဘဲ အာဏာသိမ်းယူခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း များနဲ့ စတင်ယုတ်မာမှု ပြုခဲ့ကြပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားတဲ့ လုပ်ရပ်တွေအပေါ် ကျေနပ်မှုမရှိတဲ့အတွက် ငြိမ်းချမ်းစွာဆန္ဒပြလာကြတဲ့ ပြည်သူတွေကိုလည်း စစ်အုပ်စုက အကြမ်းဖက် ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်ခဲ့ခြင်းများဖြင့် စတင်ခဲ့ရာမှ ရွာလုံးကျွတ်မီးရှို့သတ်ဖြတ်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင် စခန်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများအထိ လုပ်ဆောင်လာတာတွေကို တွေ့နေရပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက် အဦတွေ၊ ဆေးရုံနှင့် စာသင်ခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေမှုများကို ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဆိုတာဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိလာနိုင်မှာမဟုတ်ဘဲ စစ်အုပ်စုကသာ တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ဒီအတုအယောင် ရွေးကောက်ပွဲ ဟာ မြန်မာပြည်သူများ ခံစားနေရတဲ့ စစ်ဘေးဒုက္ခများကို လျော့ပါးမသွားနိုင်တဲ့အပြင် ဒေသတွင်း တည်ငြိမ်ရေးများ ရရှိလာဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ၂၀၂၀ ခုနှစ် က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အခင်းအကျင်း၊ အခြေအနေများနဲ့လည်း များစွာကွာခြားမှုရှိနေတာ တွေကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်ဆိုတဲ့ အကြောင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ အနေ ဖြင့် နိုင်ငံတကာသို့ စဉ်ဆက်မပြတ် တရပ်စပ် ပြောဆိုပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်များမှ တစ်ဆင့် ဖွဲ့စည်းပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်အစိုးရတစ်ရပ် ဖြစ်သည်နှင့်အညီ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဘုံဦးတည်ချက်များပါသော ဘုံသဘောထားရပ်တည်ချက်များကို ချမှတ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး သဘောတူညီမှု ရရှိထားတဲ့ လုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ပြဿနာတွေ၊ အခက်အခဲတွေ အနည်းငယ်ရှိကြသော်လည်း အတူတကွ ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများဖြင့် တော်လှန် ရေးခရီးကို လျှောက်လှမ်းနေကြတဲ့အခါမှာ လုပ်ငန်းစဉ်တွေကို ပီပြင်စွာဖြစ်ပေါ်လာနိုင်ရေးအတွက် နိုင်ငံတကာမှ ထိထိရောက်ရောက် ပံ့ပိုးကူညီမှုများရရှိရန်လည်း မဖြစ်မနေ လိုအပ်လျက် ရှိနေပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေး အင်အားစုများအချင်းချင်းကြားမှာ ဖြစ်ပွားမှုရှိလာတဲ့ အငြင်းပွားမှုတိုင်းကို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူကြပြီး ငြိမ်းချိမ်းသောနည်းလမ်းများဖြင့် အတူတကွဖြေရှင်းသွားကြရန် ကမ်းလှမ်းထားခြင်း များနှင့်အတူ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ထမ်းဆောင်ပေးနေရတဲ့ တပ်မတော်သားများအနေဖြင့် ပြည်သူတွေ လိုလားလျက်ရှိတဲ့ ဂုဏ်သက္ခာရှိတဲ့ ပြည်သူ့တပ်မတော် ဖြစ်ပေါ်လာရေးအတွက် ပြည်သူ့ထံသို့ အလင်းဝင်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွား ကြဖို့ ဖိတ်ခေါ်ထားတာတွေအထိ မိမိတို့အနေဖြင့် လုပ်ဆောင်လျက်ရှိနေကြောင်းတွေကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ဒေသတွင်းနှင့်နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်အောင် ချဉ်းကပ်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းရင်းနဲ့ မွန်ပြည်နယ်၊ ဘီလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး တင်သွင်းခဲ့ပါသော နိုင်ငံတကာဆက်ဆံရေးကော်မတီရဲ့အဆိုကို အကြံပြုထောက်ခံ ဆွေးနွေးလိုက်ရပါတယ်။
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
အရေးတော်ပုံ အောင်ရမည်။


