Home / ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်း၏ ဆွေးနွေးချက်

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်း၏ ဆွေးနွေးချက်

“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆို” နှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်း၏ ဆွေးနွေးချက်
 
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်
 
လေးစားအပ်ပါတဲ့ ပြည်ထောင်စုလွှတ်တော်နာယက၊ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည် တော်များအားလုံး ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုပါတယ်။
 
ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေထက်ဝင်းဖြစ်ပါတယ်။ ယနေ့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးမှာ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီး တင်သွင်းမည့် “အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက် ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်း ကြောင်း အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
 
လေးစားရပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးများခင်ဗျာ။ အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုအဖွဲ့က လက်နက်အားကိုးဖြင့် နိုင်ငံတော်၏ အာဏာကို တရားမဝင်လုယူခဲ့ကြသည့် ယခုလို (၂) နှစ်ကျော်ကာလမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်းရဲဒုက္ခများ အမျိုးမျိုးတွေ့ကြုံခံစားနေကြရပြီး မိမိတို့ မကွေးတိုင်းဟာ အထိခိုက်ဆုံးနယ်မြေများတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ များဟာ မိမိတို့ မကွေးတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ်၊ မေလ ကစ၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နေအိမ်မီးရှို့ဖျက်ဆီးမှုပေါင်း (၉,၀၀၀) ကျော်ပြုလုပ်ခဲ့သလို ယခုအချိန်ထိလည်း ဆက်လက်ကျူးလွန် ဆောင်ရွက်ဆဲဖြစ်ပါတယ်။ 
 
ဒါကတော့ အကြမ်းဖက်စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းများမှာ နေအိမ်မီးရှို့ခဲ့မှုများကို စာရင်းကောက်ယူထားမှု ဖြစ်ပါတယ် –

မကွေးတိုင်းအတွင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ ရွာသစ်ကုန်း၊ သဖန်းကုန်း၊ ညောင်ကုန်း၊ ကံနက်နှင့် အိုးဘိုကျေးရွာများကို အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် နေ့လယ် ၁၂ နာရီလောက်တွင် ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ လေယာဉ်တစ်စီးဖြင့် အကြောင်းမဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦး သေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါကတော့ ညောင်ကန်ကျေးရွာမှာ လေကြောင်းဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ် –

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီအချိန်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ က Mi35 ရဟတ်ယာဉ်ဖြင့် မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာရှိ တိုက်နယ်ဆေးရုံကို တိုက်ခိုက်ခဲ့ရာ ဆေးရုံမှာ ရှိနေသော လူနာ (၂) ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးရုံဝန်ထမ်းများနေထိုင်သည့် အဆောင်တစ်ခု ပြိုကျပျက်စီးခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ မွန်းတည့် ၁၂နာရီခွဲခန့်မှာ ထီးလင်းမြို့နယ် အနောက်ဘက် ခြမ်းရှိ အရပ်ဘက်ဆေးရုံတစ်ခုကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ပေါင်ချိန် (၅၀၀) ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် (၃) ဦးသေဆုံးကာ (၁၂) ဦးဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို Mi 35 တစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး Mi 17 ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်သားများချကာ ကျေးရွာဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ရာ ဆေးကုသမှုခံယူနေသည့် လူငယ် (၁၀) ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ (၃၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းစသည့် လူမဆန် သည့် ပြစ်မှုမျိုးများကို အကြမ်းဖက်စစ်တပ်က ဆက်တိုက်ကျူးလွန်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒါကတော့ မန်ကျည်းကန်ကျေးရွာ လေကြောင်းဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ် –

၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာတွင် ညအိပ် စခန်းချခဲ့သော ခလရ (၅၀/၅၉/၂၇၄)+ပျူ ပူးပေါင်းအင်အား (၁၅၀) ဦးခန့်က အကြည်ဘန်းရွာ အိမ်ခြေ (၁၇၀) အိမ်ခန့်ရှိသည့်အနက်မှ (၁၄၀) အိမ်ခန့်ကို မီးရှို့ဖျက်ဆီးသွားတဲ့ ပုံများဖြစ်ပါတယ်။ ဝေဟင်မှမှတ်တမ်းရယူထားသည့် ပုံများ ဖြစ်ပါတယ်။

စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူရမယ့်အချိန်တွေမှာ လေယာဉ်သံနားစွင့်နေကြရတဲ့ ဘဝတွေ၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာလေး ဘယ်အချိန် မီးအရှို့ခံခဲ့ရမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ နိစ္စဓူဝ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ ဖြတ်သန်းနေကြရပါပြီ။

မိမိတို့ ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအင်အားကို ဖော်ညွှန်းပေးသည့် ယခု နွေဦးတော်လှန်ရေးသည် ကမ္ဘာ့နိုင်ငံများက ချီးကျူးအားကျလေးစားရမည့် သမိုင်းဝင်တော်လှန်ရေး ကြီး ဖြစ်မည်ဟု မိမိအနေဖြင့် အကြွင်းမဲ့ ယုံကြည်ပါတယ်။ အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆိုး ကြီးအား နိုင်ငံမှ အပြီးတိုင် အမြစ်ပြတ် ဆိတ်သုဉ်းသွားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပြည်သူများက အသက်ပေး၍ ကြိုးစားပါဝင် လုပ်ဆောင်နေမှုများအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အသိအမှတ်ပြု လေးစားသော အားဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့အား အားပေးကူညီနေသည့် အာဏာလက်ပါးစေများ အပေါ် ဥပဒေနည်းလမ်းအရ ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်ရေးနှင့် နှုတ်ဆိတ်နေခြင်း သည် မတရားမှုအား အားပေးရာရောက်သည်ကို သတိပြု၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ပြည်သူရွေးချယ်ထားသည့် တရားဝင် အမျိုးသားညီးညွတ်ရေးအစိုးရမှတစ်ဆင့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးသွားရန် တောင်းဆိုတိုက်တွန်းလျက် ယခုအရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံဆွေးနွေးလိုက်ရပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

Scroll to Top