“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ်၊ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်၏ ဆွေးနွေးချက်
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင်။
ကျွန်မကတော့ ကရင်ပြည်နယ်၊ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် “အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးရှင်။ မြန်မာပြည်သူများသည် နိုင်ငံရဲ့အချုပ်အခြာအာဏာကို မတရားလုယူထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်သော အာဏာရှင်လူတစ်စုကို “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ဆိုသည့် ဆောင်ပုဒ်ကို ဆွဲကိုင်ကာ တော်လှန် တိုက်ပွဲဝင်နေကြသည်မှာ ယခုဆိုလျှင် (၂) နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြည်သူ တို့၏ မလျော့သော ဇွဲ၊ လုံ့လအားစိုက်ထုတ်မှုများကြောင့် တစ်ဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီ ဟာ လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှုမြောက်သည့် အကြမ်းဖက်မှုများကို တစ်နေ့ထက်တစ်နေ့ ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့မြင်ရပါတယ်။ CDM တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်း များ၊ ကျောင်းသား/ကျောင်းသူများအပါအဝင် သတင်းမီဒီယာသမားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား မတရားဖမ်းဆီးအကျဉ်းချနှိပ်စက်ခြင်း၊ ဥပဒေမဲ့ ပြစ်ဒဏ် ပေး သတ်ဖြတ်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနဲ့ ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချခြင်း စသည်တို့ကို တစ်ဆင့်ထက်တစ်ဆင့်တိုးမြှင့် ကျူးလွန်လျက်ရှိပြီး စစ်ဘေးရှောင်စခန်း များနှင့် ကျေးရွာများကိုလည်း ဝေဟင်နှင့် မြေပြင်တို့မှတစ်ဆင့် ထိုးစစ်ဆင်ခြင်းများကို ပိုမိုလုပ်ဆောင် လျက် ရှိပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးရှင်။ ကျွန်မတို့ ကရင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်နေ မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကော်သူးလေဒေသတွင် စစ်ဘေးရှောင်ဦးရေ (၅) သိန်း ကျော်အထိ ရှိနေပြီဖြစ်ကြောင်းကို ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန် ထားပါတယ်။ အလားတူပင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူပိုင်နေရာ များကို ပစ်မှတ်ထား၍ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ရာ ကရင်ပြည်နယ် တွင် လေကြောင်းမှတိုက်ခိုက်မှုအကြိမ်ရေ အနည်းဆုံး (၁၅၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုများ ကြောင့် အရပ်သား သေဆုံးမှု (၅၀) ကျော်အထိ ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး (၁၀၀) ကျော် ခန့်ရှိခဲ့ပါတယ်။ OCHA Myanmar ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ဦးရေ (၁၇) သန်းကျော် ရှိနေပြီဖြစ်ပြီး အချို့မှာ တောတောင်များထဲများထဲတွင် သန့်ရှင်းသော ရေ၊ အစားအစာ၊ ဆေးဝါးနဲ့ အမိုးအကာ လုံလောက်စွာ ရရှိမှုမရှိဘဲ အချို့မှာ အိမ်နီးချင်းနိုင်ငံများထဲသို့ ရွေ့ပြောင်း ခိုလှုံ နေထိုင်နေကြရပါတယ်။
ထိုကဲ့သို့ မိမိတို့နေရပ်ကိုစွန့်ခွာကာ အတင်းအကြပ်ဖိအားပေး ရွေ့ပြောင်းရခြင်းဖြစ်တဲ့ Force Displacement ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် အတိအလင်း ဖော်ပြထားခြင်းမရှိသော်လည်း စာတမ်း၏ အပိုဒ် (၃) တွင် လူတိုင်းအသက်ရှင်ခွင့်၊ လုံခြုံခွင့်ရှိရမည်၊ အပိုဒ် (၁၃) တွင် လူတိုင်း မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနေထိုင်ခွင့်ရှိရမည် ဆိုသည်တို့ကို ထည့်သွင်းဖော်ပြထားပါတယ်။
သို့သော် အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထား၍ မြေပြင်နှင့် ဝေဟင်တို့မှ ထိုးစစ်ဆင်နေမှုများကြောင့် ပြည်သူများမှာ ၎င်းတို့ဆန္ဒမပါရှိဘဲ အသက်ဘေးအန္တရာယ် လွတ်မြောက် ရာ နေရာများသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ စစ်ကောင်စီက လက်နက်အားကိုး ဖြင့် လူသားမျိုးနွယ်စုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေ ခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာဥပဒေများအရ ပဋိပက္ခများအတွင်း လူသားဒိုင်းအဖြစ် အသုံး ပြုမှုများကို တားမြစ်ထားပါသော်လည်း စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများမှာ ပြည်သူများအား လူသားဒိုင်းများအဖြစ် အသုံးချခြင်းများအပြင် ကရင်ပြည်နယ်အပါအဝင် မြန်မာ တစ်နိုင်ငံလုံးမှာ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို ကျူးလွန်လျက်ရှိရာ ယခုအချိန်ထိ မီးရှို့ ဖျက်ဆီးခံရသည့် အိမ်ခြေစုစုပေါင်း (၆) သောင်းကျော် ရှိနေပြီဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးရှင်။ သမိုင်းဆိုသည်မှာ ပြောင်းလဲလို့ မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံအဖွဲ့အစည်းများသည် လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်။ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ် များအား ချက်ခြင်းရပ်တန့်စေရန်အတွက် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများအပြင် လက်ရှိစုံစမ်းစစ်ဆေး ရေး လုပ်ငန်းများနှင့် စစ်ကောင်စီအား နိုင်ငံတကာဥပဒေအရ International Court of Justice (ICJ)၊ International Court of Criminal (ICC) တို့တွင် တရားစွဲဆိုရာတွင် လိုအပ်တဲ့ အချက်အလက် စုဆောင်းမှုများမှာ နိုင်ငံတကာအနေဖြင့် ပံ့ပိုးကူညီပေးရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံ၍ ကူညီ ပံ့ပိုးပေးပါရန် နိုင်ငံတကာသို့ တိုက်တွန်းတောင်းဆိုရင်း အဆိုရှင်၏ အရေးကြီးအဆိုအား လေးလေး နက်နက် ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။
အားလုံးကို ကျေးဇူးတင်ပါတယ်။


