“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်၏ ဆွေးနွေးချက်
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် “အရပ်သားများအပေါ် လေကြောင်း တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှု များကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီး အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျား။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူက ရွေးကောက် တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရထံက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ခက်မ (၃) ဖြာကို လက်နက်အားကိုးနဲ့ မတရားလုယူထားပြီး နိုင်ငံအတွင်း ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည်မှာ ယခုဆိုရင် (၂) နှစ်ကျော်ကာလသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အာဏာသိမ်း ဖြစ်စဉ်ကာလအစမှာပင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူများကို အင်အားအလွန်အကျွံသုံးပြီး သွေးထွက်သံယို နှိမ်နှင်းမှုများပြုလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ယခုအချိန်မှာ အရပ်သား များကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီး ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ပြုလုပ်နေပါတယ်။ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ထုတ်ပြန်ထားတဲ့စာရင်းများအရ မြန်မာနိုင်ငံမှာ အိမ်ခြေစုစုပေါင်း (၆၀,၄၅၉) ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းများရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ခံထားရပါတယ်။ ဒါ့အပြင် လေကြောင်းသုံး တိုက်ခိုက်မှုများကြောင့်လည်း သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေး သူငယ်များမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ။ ကျွန်တော့အား မှတ်တမ်းဓာတ်ပုံများနှင့်တကွ တင်ပြဆွေးနွေးခွင့်ပြုပါခင်ဗျာ။ ဒါကတော့ အမျိုးသားညီညွတ်ရေး အစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ၁၅-၃-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက် (၄/၂၀၂၃) ဖြင့် ကြေညာချက်တွင် စစ်အာဏာသိမ်းချိန်မှစ၍ ၁၃-၃-၂၀၂၃ အထိ အစုအလိုက်အပြုံလိုက် သတ်ဖြတ် မှု (၆၄) ကြိမ်အထိ ကျူးလွန်မှုများကြောင့် အရပ်သားပြည်သူ (၇၆၆) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ဒီလိုဆိုးရွားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ ကျွန်တော်တို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။


ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၇၀) နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး (၆၀) ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အကြမ်းဖက်စစ်ကောင်စီက သေဆုံးသူတွေကို သင်္ဂြုဟ်ခွင့်မပြုသလို ဒဏ်ရာရရှိသည့် ပြည်သူများအား ဆေးကုသမှုပေးရန်အတွက်ကိုလည်း ပိတ်ပင် တားဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူတွေရဲ့အသက်ဟာ မဆုံးရှုံးသင့်ဘဲ ပိုမိုဆုံးရှုံးခဲ့ရသည်မှာ လွန်စွာဝမ်းနည်းဖွယ်ရာကောင်းလှပါတယ်။
ဒါကတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဖားကန့်မြို့၊ မဇွပ်ယန်ကျေးရွာမှာ စစ်ကောင်စီက ဒေသခံများအား ဥပဒေမဲ့ဖမ်းဆီးနေသည့် မှတ်တမ်းဓာတ်ပုံပဲဖြစ်ပါတယ်။ RFA က သီးသန့် ပြုစုထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်၊ ဖားကန့်မှာပဲ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ စစ်ကြောင်းတွေက ကျေးရွာထဲကိုဝင်ပြီး ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၇၀၀) ကျော်ရှိခဲ့ပြီး အဲဒီထဲက (၅၀၀) ကျော်သာ ပြန်လည်လွတ်မြောက်လာသေးကြောင်းကိုလည်း သိရှိရပါတယ်။

ဒါ့အပြင် Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကချင်ပြည်နယ်တွင် မီးရှို့ခံရသည့် အိမ်ခြေ (၄၀၀) ကျော်အထိ ရှိလာပြီး ဒါကတော့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရှိ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးမှု မြင်ကွင်းပဲဖြစ်ပါတယ်။

ဒါကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေဟင်နဲ့ မြေပြင်တို့မှ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့် တော၊ တောင်များတွင် ခိုလှုံနေကြသည့် ဒေသခံပြည်သူများဖြစ်ကြပြီး ၎င်းတို့အတွက် သန့်ရှင်းသောရေ၊ အမိုးအကာနှင့်၊ ဆေးဝါး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေပါတယ်။



