၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ကြွရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်တွင်းပြည်ပ အထူးဧည့်သည်တော်များနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုနေကြတဲ့ ပြည်သူပြည်သား များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။ ကျွန်မကတော့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စီစီသက် ဖြစ်ပါတယ်ရှင်။
ကျွန်မအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီက တင်သွင်းတဲ့ “အကြမ်းဖက်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ကြိုးပမ်း ဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာတို့ သိရှိနိုင်ရန်နှင့် လက်ရှိ ပြဿနာအရပ်ရပ် အား ဖြေရှင်းနိုင်ရန် သံတမန်အရ ချဉ်းကပ်ဖြေရှင်းသွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်းပြီး ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
လက်ရှိမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ နိုင်ငံရေးထွက်ပေါက်ရှိရန်အလို့ငှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် နည်းလမ်းပေါင်းစုံနဲ့ အပူတပြင်း ကြိုးပမ်းလျက်ရှိနေပါတယ်။ မိမိတို့ ပြည်သူတွေဟာ လက်ရှိ အချိန်မှာတောင် အကြမ်းဖက်စစ်ကောင်စီ၏ အမျိုးမျိုးသော အကြမ်းဖက်နှိပ်စက်မှုတွေကို ခံစားနေ ကြရတာ ကမ္ဘာကြီးက အသိဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အတုအယောင်ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်မည်ဆိုပါက မိမိတို့ပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကြုံတွေ့ကြရမည့်အပြင် လူအခွင့်အရေး၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ အထွေထွေ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အနေဖြင့်လည်း ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲအပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၂၀၂၅ ခုနှစ်တွင် ကျင်းပဖို့ ပြင်ဆင်နေသည့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းကို ကြေငြာချက်ထုတ်ပြန် ကန့်ကွက်ထားပြီး ဖြစ်ပါတယ်။
စစ်တပ်ဟာ ရာဇဝတ်မှုတွေကို ထပ်ကာထပ်ကာ ကျူးလွန်နေခြင်းဖြစ်တာကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံပံ့ပိုးမှုများ မပြုလုပ်ရန် လေးလေးနက်နက် တောင်းဆိုအပ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ဆောင်နေခြင်းဖြစ်တဲ့အတွက် ၎င်းတို့ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနှင့် ပြည်သူလူထု၏ ဆန္ဒ ပါဝင်ခြင်း လုံးဝမရှိကြောင်းကို ကမ္ဘာကသိအောင် မိမိတို့ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ ကန့်ကွက်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ စစ်ကောင်စီမှ ကျင်းပရန်ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲဟာ ၎င်းတို့၏ တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက်ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုမှာလည်း ပြည်တွင်းပြည်ပအခက်အခဲတွေ ပတ်လည်ဝိုင်းနေလျက် ရှိနေပါတယ်။ ဒီအနေအထား တွေကို အခွင့်ကောင်းယူပြီး မိမိတို့တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အုပ်စုကို စစ်ရေး၊ နိုင်ငံ ရေး ထိုးနှက်တိုက်ခိုက်မှုတွေ တညီတညွတ်တည်း တပြိုင်နက်တည်း ပြုလုပ်နိုင်ကြဖို့ သိပ်ကို လိုအပ်လှပါတယ်။ အကြမ်းဖက်စစ်အုပ်စုက လက်ရှိ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးတွေမှာ ၎င်းတို့ အင်အား ချိနဲ့လာတာနှင့်အမျှ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား သွေးကွဲအောင် အဖက်ဖက်ကနေ ထိုးနှက်ဖြိုခွဲမှုတွေ၊ သွေးခွဲလှည့်စားမှုတွေကို တစ်ရှိန်ထိုး လုပ်ဆောင် လာခဲ့ပါတယ်။ ဒီအတွက်လည်း တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုအသီးသီးအနေ ဖြင့် တော်လှန်ရေး သတိရှိကြဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တော်လှန်ရေးအင်အားစု အားလုံးနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ပိုမိုချိတ်တွဲဆောင်ရွက်နိုင်ပါရန်နှင့် မိမိတို့ရဲ့ ရှိနေ ပြီးဖြစ်တဲ့ ညီညွတ်မှုတွေကို ပိုမိုခိုင်မာအားကောင်းအောင် တည်ဆောက်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံ များအနေဖြင့် ပိုမိုသိရှိပြီး မိမိတို့နိုင်ငံရဲ့ ဘုံရည်မှန်းချက်နဲ့ ပကတိအခြေအနေများကို လက်ခံနားလည် နိုင်စေရန် သံတမန်နည်းလမ်းများအရ အမြန်ဆုံး ချဉ်းကပ်ဆောင်ရွက်သွားနိုင်မည်ဆိုလျှင် ကျွန်မတို့ အားလုံးရဲ့ ဒီမိုကရေစီခရီးလမ်းကြမ်းကြီးဟာ အမြန်ဆုံးအဆုံးသတ်ပြီး တိုင်းရင်းသားပြည်သူအားလုံး ရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အမြန်ဆုံး လျှောက်လှမ်း နိုင်မည်မှာ မုချဧကန် ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးရှင်။ အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်းများ ကို ဖြေရှင်းနိုင်မှာမဟုတ်တဲ့အပြင် ၎င်းတို့အာဏာတည်မြဲရေးကိုသာ ဦးတည်နေသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပါတယ်ရှင်။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်းအားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာ အနေဖြင့် ရှင်းလင်းစွာ သိရှိနိုင်ပါရန်နဲ့ လက်ရှိပြသနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန်အတွက် သံတမန် နည်းလမ်းများအရ အမြန်ဆုံး ချဉ်းကပ်သွားနိုင်ရန် အဆိုကို ထောက်ခံလျက် အမျိုးသားညီညွှတ်ရေး အစိုးရအား တိုက်တွန်းဆွေးနွေးအပ်ပါတယ်ရှင်။
ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။


