Home / ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆို

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆို

“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင် ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက တင်သွင်းခြင်း
 
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့
 
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တကွ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံတော်အကြီးအကဲ များနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ နိုင်ငံတကာလွှတ်တော် အမတ်များ၊ နိုင်ငံတကာသံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာ ပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
 
ကျွန်မကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး ဖြစ်ပါတယ်။
 
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များရှင်။ ကျွန်မအနေဖြင့် “အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆိုအား တင်သွင်းသွားမှာ ဖြစ်ပါတယ်။ 
 
လေးစားအပ်ပါသော နာယကကြီးရှင်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်များသည် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အရပ်သားအစိုးရထံမှ လက်နက်အားကိုးဖြင့် ဥပဒေမဲ့ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ပြီးနောက် နိုင်ငံတော်၏ အာဏာအား ဥပဒေမဲ့ ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် နိုင်ငံ တစ်ဝှမ်းရှိ ပြည်သူများအား ဖမ်းဆီးထောင်ချခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများအပြင် စစ်ဘေးရှောင်စခန်းများအပါအဝင် ပြည်သူများနေထိုင်ရာ ကျေးရွာတွေမှာ လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများကို နေ့စဉ် တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ 
 
ထို့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင် နိုင်ငံသားအခွင့်အရေးများကို ပိတ်ပင်တားဆီးလျက် စစ်အုပ်ချုပ်ရေးစနစ်ကို ပြည်သူလူထုက အတင်းလက်ခံလာစေရန် လိုသလို ဥပဒေများပြဋ္ဌာန်းပြီး ကြိုးပမ်းဆောင်ရွက်နေခြင်းကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူအခွင့်အရေးစံနှုန်းများသည် လုံးဝဆိတ်သုဉ်းသွားခဲ့ရပြီးဖြစ်ကာ တိုင်းပြည်အား ကျဆုံးနိုင်ငံ အဖြစ်သို့ ရောက်ရှိစေရန် ဖန်တီးနေခြင်းဖြစ်ပါတယ်။ အဖက်ဖက်မှ နိမ့်ကျနေတဲ့ အခြေအနေ ရောက်မှသာ အာဏာရှင်စနစ်ဆိုး သက်တမ်းကြာရှည်အောင် ထိန်းသိမ်းထားနိုင်မယ်ဆိုတဲ့ တိုင်းပြည်နှင့် လူထုအကျိုးထက် ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တတ်တဲ့ အာဏာရှင်တွေရဲ့ ယဉ်ကျေးမှုတစ်ခုပဲဖြစ်ပါတယ်။ 
 
အကြမ်းဖက်စစ်ကောင်စီ၏ တိုးမြှင့်လုပ်ဆောင်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်  ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသောအကြမ်းဖက်မှုများကို ရပ်တန့်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများက ဆုံးဖြတ်ချက်များ၊ စီးပွားရေး၊ သံတမန်ရေး အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် စစ်ကောင်စီအပေါ် ဖိအားပေး လုပ်ဆောင်နေမှုများအတွက် မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ဒီနေ့ အစည်းအဝေးကနေ ပြောကြားလိုပါတယ်။
 
သို့သော် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင်များဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့  ကြိုးပမ်းအားထုတ်မှုများကို လုံးဝလျစ်လျူရှုလျက် တိုင်းပြည်အား ပိုမိုဆိုးရွားသည့် အခြေအနေ ရောက်သွားစေရန် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြန်မာ့အရေးဆိုင်ရာဆုံးဖြတ်ချက်နှင့် အာဆီယံဘုံသဘော တူညီချက်အား အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များ ချမှတ်ပြီး နောက် အကြမ်းဖက်စစ်တပ်ဟာ ပိုမိုရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကို တိုးမြှင့် လုပ်ဆောင်နေတာကို နေ့စဉ်သတင်းများအရ စိတ်ထိခိုက်ကြေကွဲဖွယ် တွေ့မြင်နေရပါတယ်။
 
လွန်ခဲ့သည့် ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာ ၌ အကြမ်းဖက်စစ်ကောင်စီ၏ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ (၁၈၀) ကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒါဟာ အရပ်သားပြည်သူများအပေါ်၌ ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ နိုင်ငံ တစ်ဝှမ်း၌ အကြိမ်မြောက်များစွာ ကျူးလွန်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၅၉၈) ကြိမ်ထက်မနည်းရှိခဲ့ပြီး တိုက်ခိုက်မှုအကြိမ်ရေစုစုပေါင်း (၁,၀၀၀) နီးပါးရှိပါတယ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းရွာရှိ အမျိုးသား (၄၀) ကျော်အား လက်ပြန်ကြိုးတုပ်၍ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သလို ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၆၀) ကျော် ထိခိုက်သေဆုံးခဲ့မှုတွေဟာ ကမ္ဘာသိ အရက်စက်ဆုံး အကြမ်းဖက်မှုတွေထဲက ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ ကျမရဲ့ အဆိုအား ပိုမိုရှင်းလင်းစေရန် Power Point ဖြင့် တင်ပြခွင့်ပြုပါ ရန် လေးစားစွာ တင်ပြအပ်ပါတယ်။
 
ယခု တင်ပြထားသည့် Slide ကတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းအား အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှု ဓာတ်ပုံ ဖြစ်ပါတယ်။

ဒါကတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအား အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုမှတ်တမ်းဓာတ်ပုံဖြစ်ပါတယ်။

ယခုပုံကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စုစည်းထားရှိသော မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ကျူးလွန်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများကို ပြသထားသည့် စာရင်းအချက်အလက်များ ဖြစ်ပါတယ်ရှင်။

နိုင်ငံတစ်ဝှမ်းလုံး၌ ကျယ်ကျယ်ပြန့်ပြန့် ခုခံတော်လှန်ခြင်းကြောင့် အရှုံးနှင့်ရင်ဆိုင်နေ ရသည့် အာဏာသိမ်းစစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများအား တိုးမြှင့်လုပ်ဆောင်နေ သည့် နည်းတူ မြေပြင်၌လည်း ကျေးရွာများ၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကိုလည်း ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်လျက်ရှိပါသည်။ မြေပြင်ထိုးစစ်ဆင်တဲ့အခါ အရပ်သား တွေကို လူသားဒိုင်းအဖြစ် အသုံးချတာ၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းတွေမှာ တပ်စွဲထား တာတွေဟာ ဂျနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်နေတယ်ဆိုတာ သိသာပေါ်လွင်လျက်ရှိပါတယ်။ ယနေ့အထိ ပြည်သူ့အိုးအိမ် (၇၀,၀၀၀) နီးပါး မီးရှို့ဖျက်ဆီးခံထားရပြီး ဘာသာရေးအဆောက်အဦ များ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကိုပါ တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိပါတယ်။

ယခု တင်ပြထားသော Slide သည် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်စီးမှုများမှ မှတ်တမ်းဓာတ်ပုံအချို့ ဖြစ်ပါတယ်ရှင်။

ဖမ်းဆီး၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်းများကဲ့သို့ လူမဆန်သော ရာဇဝတ်မှုများကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဥပဒေနှင့် လူ့အခွင့်အရေးစံနှုန်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်လျက် ဆက်တိုက်ကျူးလွန်လုပ်ဆောင်နေခြင်းဟာ သတင်းအမှောင်ချထား တဲ့ ၁၉၉၈ အလွန်ကာလတွေမှာ မြန်မာစစ်အာဏာရှင်များက ပြည်သူလူထုအပေါ်၌ မည်မျှရက်စက် ကြမ်းကြုတ်စွာ လုပ်ဆောင်ခဲ့တယ်ဆိုတာကို တွေးကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ ယနေ့အချိန်ထိ ပြည်သူ (၃,၄၆၅) ဦး သတ်ဖြတ်ခြင်းခံထားရပြီး ပြည်သူ (၂၁,၉၄၇) ဦးအား ဥပဒေမဲ့ ဖမ်းဆီးခဲ့ပါ တယ်။ ဖမ်းဆီးခံထားရသူများအား အကျဉ်းထောင်များအတွင်း၌ ညှဉ်းပမ်းနှိပ်စက်မှုများ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ၊ ဆေးကုသခွင့်မရရှိခြင်းကဲ့သို့ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက် မှုများကို ကျူးလွန်လုပ်ဆောင်လျက်ရှိပါတယ်။

ယခုမြင်တွေ့နေရသော ပုံသည် ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် အရပ်သားပြည်သူများအား သတ်ဖြတ်မှုဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါတယ်။

ဆက်လက်ပြီးမြင်တွေ့ နေရသည့်ပုံဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ အနီးတွင် မော်တော်ယာဉ်များပေါ်၌ မီးရှို့သတ်ဖြတ်ထားတဲ့ မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးအား သေဒဏ်ပေးကွက်မျက်ခဲ့ပြီး ပြည်သူ (၁၀၀) ကျော်အပေါ်၌လည်း သေဒဏ်ချမှတ်ခံထားရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူအချို့အား အစအနဖျောက်ထားပြီး မိသားစုဝင်များနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်းခံထားရပါတယ်။ သေဒဏ်အမိန့်ချမှတ်ခံ ထားရသူများအပေါ် ကြိုးပေးကွက်မျက်မှု မပြုလုပ်နိုင်ရေး အချိန်မီ တားဆီးကာကွယ်ပေးရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း နိုင်ငံတကာခေါင်းဆောင်များကို ထပ်လောင်းအသိပေးလိုပါတယ်။

ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ဆက်လက်တိုးမြှင့်လုပ်ဆောင်နေခြင်းသည် ပြစ်ဒဏ်မှ ကင်း လွတ်နေခြင်းနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်လျက် ရှိကြောင်း မီးမောင်းထိုးပြလျက်ရှိပါတယ်။

ဒီနေရာမှာ အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ အရေး ကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ အနည်းငယ်မျှသာ တိုးတက်မှုရှိတယ် ဆိုတာ အသိပေးတင်ပြလိုပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူ လူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် အဓိကပါဝင်ပတ်သက်သူ ဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ ဆက်ဆံမှုအားနည်းခြင်းဟာ မြန်မာ့အရေးဖြေရှင်းနိုင်ရေး အာဆီယံရဲ့ ကြိုးပမ်းမှုများ မအောင်မြင် ခြင်းရဲ့ အဓိကအချက်လို့ သုံးသပ်ယူဆမိပါတယ်။ ဒါ့ကြောင့် လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသည့် အင်ဒိုနီးရှားအနေဖြင့် အားနည်းချက်များကို သုံးသပ်ကာ အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုစည်းလုံးညီညွတ်မှုဖြင့် မြန်မာ့အရေးကို အမြန်ဆုံး ကူညီဖြေရှင်းပေး နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇဝတ်မှုတွေဟာ နိုင်ငံတကာ ဥပဒေ များနှင့် စံနှုန်းများကို ဖောက်ဖျက်နေရုံသာမက နိုင်ငံတကာတရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုး ရေးကို တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိပါတယ်။ မြန်မာပြည်သူများသည် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား နေ့စဉ်ခံစားနေရပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူသားအခွင့်အရေးအားလုံး လုံးဝဆိတ်သုဉ်းခဲ့ပြီး ဖြစ်ပါတယ်။ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူ (၁၇.၆) သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိပါတယ်။ စစ်ဘေးရှောင်ပြည်သူများထံသို့ အရေးပေါ် အကူအညီများ တိုက်ရိုက်ရောက်ရှိနိုင်ရန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် မဖြစ်မနေ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်းကိုလည်း ထပ်လောင်း အသိပေးလိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ မြန်မာပြည်သူများကို ကာကွယ်ပေးရန် တာဝန်ရှိမှုကို ကမ္ဘာ့နိုင်ငံများအနေဖြင့် သိရှိ၍ ထိရောက်သော အရေးယူမှုများပြုလုပ်နိုင်ရန် အမြန်ဆုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆက်လက်ပြီး တုံ့ဆိုင်းနေမယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာ ထပ်မံဆုံးရှုံးနေရဦးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အမှောင်မိုက်ဆုံး သမိုင်းတစ်ခုဖြစ်လာနိုင်သလို နိုင်ငံတကာအသိုက်အဝန်းအတွက် ရှက်ဖွယ် သမိုင်း တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံးရပ်တန့်နိုင်ရေး စစ်ကောင်စီထံ လေယာဉ်ဆီ အပါအဝင် စစ်လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ တင်ပို့ရောင်းချခြင်းအား ပိတ်ပင် တားဆီးမှုများကို ထိရောက်စွာ ပြုလုပ်ပေးဖို့ အင်မတန် အရေးကြီးလှပါတယ်။ အလားတူ လူမျိုး တုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ စစ်တပ်မှတာဝန်ရှိသူများ၊ တရားမဝင်စစ်ကောင်စီအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ ရာဇဝတ်မှုများကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအပေါ် ထိရောက်ပြီး ပြင်းထန်သော ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ တိုးချဲ့ပြုလုပ်ပေးခြင်းအားဖြင့် ကူညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုပါတယ်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို ဖော်ထုတ် နိုင်ရေး အချက်အလက်များ စုဆောင်းနေသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး မှုယန္တရား (IIMM) ကို ပံ့ပိုးကူညီပေးပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး များသို့ ပေးပို့၍ တရားစီရင်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများက ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆို လိုပါတယ်။ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က နေ့စဉ်တိုးမြှင့်လုပ်ဆောင်လျက် ရှိတဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုများမှ မြန်မာပြည်သူများကို အကာအကွယ်ပေးနိုင်ရေးအတွက် လေယာဉ်မပျံသန်းရဇုံနှင့် R2P ဝင်ရောက်ပေးရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆို လိုပါတယ်ရှင်။

ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆိုးရွားသောအခြေအနေတွေဟာ နိုင်ငံရေး သဘောထားမတိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICJ) တွင် တရားရင်ဆိုင်နေရသည့် ရာဇဝတ်သား စစ်တပ်ခေါင်းဆောင်များက မြန်မာပြည်သူများအပေါ် ထပ်မံပြီး နိုင်ငံတကာ ရာဇဝတ်မှုတွေကို လူမဆန်စွာ ဆက်တိုက်ကျူးလွန်နေတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားပေါ်လွင်နေပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေး နိုင်ရေး ဒီကနေ့ အထူးအစည်းအဝေးကနေ ဆုံးဖြတ်ချက်ချမှတ်ပေးနိုင်ပါရန် လေးစားစွာ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Scroll to Top