Home / ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း ၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ဖြေကြားချက်

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း ၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ဖြေကြားချက်

(၆-၂-၂၀၂၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်  သတ္တမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း ၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ဖြေကြားချက်
 
ဦးဇော်မင်းသိန်း (လေးမျက်နှာမဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီး)။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုပါတယ်။ ဘေးကင်းလုံခြုံ ကျန်းမာကြစေဖို့လည်း ဆုတောင်းပါတယ်။ ကျွန်တော်က လေးမျက်နှာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း ဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော် အစည်း အဝေးတွင် ဝန်ကြီးဌာနများ၏ တာဝန်ပေးအပ်ထားမှုများနှင့်ပတ်သက်လို့ မေးခွန်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။
 
နာယကကြီးခင်ဗျား။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ မတရားအာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစား အလွှာ အသီးသီးဟာ ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။ စစ်အာဏာရှင်အပြီးသတ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာန အသီးသီးမှာရှိတဲ့ တာဝန်ရှိသူများဟာ ကျရာအခန်းကဏ္ဍများမှ တာဝန်များကို ထမ်းဆောင်လျက် ရှိပါ တယ်။ (၄) နှစ်တာကာလ မကြာခင်ပြည့်မြောက်တော့မှာဖြစ်သလို (၅) နှစ်တာကာလသို့လည်း ရောက် ရှိတော့မှာဖြစ်ပါတယ်။ သို့အတွက်ကြောင့်လည်း ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိခဲ့တဲ့အလျောက် ထိခိုက် ဆုံးရှုံးမှု အဆိုးဆုံး အခြေအနေများသည် ပြည်သူများ နေ့စဉ်နှင့်အမျှ တွေ့ကြုံခံစားနေကြရတာကိုလည်း အားလုံးသိရှိပြီးဖြစ်ပါတယ်။ တော်လှန်ရေးတာဝန်များကို တာဝန်ပေးအပ်သည့်နေရာမှာ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ်တွင် သစ္စာရှိမှု၊ စိတ်ချယုံကြည်ရမှု၊ အလုပ်တာဝန်များကို ပြီးမြောက်အောင်မြင် အောင် ထမ်းဆောင်နိုင်မှုအပေါ်မှာ တာဝန်ရှိသူများက စဉ်းစားရွေးချယ် ခန့်အပ်တာဝန်ပေးအပ်ရတာ ဖြစ်ပါတယ်။ သို့ပါသော်လည်း ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ်တွင် မျက်နှာမမူဘဲ အချို့သော တာဝန်ရှိသူများဟာ လိုက်နာရမည့် အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ စည်းကမ်းတွေနဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး တာဝန်မဲ့မှုတွေ၊ တာဝန်ပျက်ကွက်မှုတွေ ဖြစ်ပေါ်နေတာကို မြင်တွေ့ ကြားသိနေရပါတယ်။ သို့အတွက်ကြောင့်လည်း တော်လှန်ရေးနှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်သလို ကျွန်တော်တို့ အယုံအကြည်ကင်းမဲ့မှုတွေ ဖြစ်ပေါ်လာတာမျိုးလည်း တဖြည်းဖြည်း ရှိလာနေပြီ ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးဟာ ပြည်သူလူထုရဲ့ အပြည့်အဝအားပေးထောက်ခံအကူအညီများဖြင့် သာ အောင်မြင်မှုကို ရယူနိုင်မှာ အသေအချာဖြစ်ပါတယ်။ သို့အတွက်ကြောင့် ပြည်သူ့တော်လှန်ရေး အောင်မြင်စေဖို့ ပြည်သူလူထုနဲ့ အဖွဲ့အစည်းအသီးသီးမှာရှိတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ယုံကြည်မှုကို ပိုမိုရရှိ စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနအသီးသီး၏ အဆင့်ဆင့်သော တာဝန်ပေးအပ်ထားသူ များကို မည်ကဲ့သို့သော တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ခန့်အပ်တာဝန်ပေးထားသည်ကို သိရှိလိုသည့် အတွက် အဆိုပါမေးခွန်းအား မေးမြန်းရခြင်း ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 
 
ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီးဌာန)။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာတဲ့ ဧည့်သည်များအားလုံးကို မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်း၊ ညောင်လေးပင်မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။ အခုတော်လှန်ရေးကာလမှာ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန မှာ ပြည်ထောင်စုဝန်ကြီးအနေဖြင့်လည်း တာဝန်ယူဆောင်ရွက်နေပါတယ်။ 
 
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ “အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများတွင် တာဝန်ပေးအပ်ထားသော တာဝန်ရှိသူအဆင့်ဆင့်များအား မည်ကဲ့သို့ တာဝန်ယူ၊ တာဝန်ခံမှုများဖြင့် ခန့်အပ်တာဝန်ပေးထားသည် ကို သိရှိလိုသည့် မေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။
 
မြန်မာပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းခဲ့ပြီး နိုင်ငံအကြီးအကဲများနှင့် အရပ်သားအစိုးရတွင် ပါဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင် အသီးသီးကို ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးအကျဉ်းချခဲ့ကာ အခြား NLD ပါတီဝင်များကိုလည်း နှိပ်စက် သတ် ဖြတ်ခဲ့တာတွေကို အားလုံးအသိပဲ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာပဲ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အန္တရာယ်အမျိုးမျိုး ကြားကနေ လွှတ်တော်ခေါ်ယူပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို စတင် ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။ CRPH ဖွဲ့စည်းပြီးကာလမှာ အုပ်ချုပ်ရေးကိစ္စရပ်တွေကို စီမံဆောင်ရွက်နိုင်ဖို့ ဝန်ကြီး ဌာန (၉) ခုကို အရေးပေါ်ဖွဲ့စည်းပြီး ခေတ္တ ပြည်ထောင်စုဝန်ကြီး (၄) ဦးကို ခန့်အပ်တာဝန်ပေးခဲ့ရပါတယ်။ အဲဒီနောက် ယခင်ပြည်သူ့အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားခဲ့သူ တစ်ယောက် ကိုလည်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုပြဋ္ဌာန်းပြီး ပဋိညာဉ်ပါ ပြဋ္ဌာန်းချက် များနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရကို ဝန်ကြီးဌာန (၁၁) ခုနဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းချိန်မှာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတွေကို တာဝန်ပေး ရာမှာ စစ်ကောင်စီ အဖမ်းခံရခြင်းက လွတ်မြောက်လာသူတွေ၊ အဖမ်းမခံရသော်လည်း မိသားစု၊ နေအိမ်၊ ပိုင်ဆိုင်မှုတွေကို အမျိုးမျိုးဒုက္ခပေးနိုင်တာသိရက်နှင့် တော်လှန်ရေးအတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ် ပါဝင်ပေးနိုင်မည့်သူတွေ၊ ပြည်သူကလည်း ယုံကြည်အားကိုးမှု အထိုက်အလျောက်ရရှိပြီးသားသူတွေကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ရတာ ဖြစ်ပါတယ်။ အများစုက ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ပြည်သူ လူထုက ထောက်ခံမှုရှိကြတဲ့သူတွေ ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ တော်လှန်ရေးရဲ့ လိုအပ်ချက်အရ ဝန်ကြီးဌာနတွေကို တိုးချဲ့ဖွဲ့စည်းပြီး လက်ရှိအချိန်အထိ ဝန်ကြီးဌာန (၁၇) ခု ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေ စတင်ဖွဲ့စည်းတဲ့အချိန်မှာ တော်လှန်ရေးကာလနှင့်ကိုက်ညီမယ့် ဖွဲ့စည်းပုံအသစ်တွေကို ဝန်ကြီးဌာနအလိုက် ပြင်ဆင်ရေးဆွဲခဲ့ကြပြီးတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ ခန့်အပ်တာဝန်ပေးနိုင်ဖို့ လုပ်ဆောင်ခဲ့ကြရပါတယ်။ အဲ့ဒီအချိန်တုန်းက CDM နိုင်ငံ့ဝန်ထမ်းတွေကိုလည်း အကြမ်းဖက်စစ်တပ်က နည်းအမျိုးမျိုးနဲ့ ဖိနှိပ်နေတာကြောင့် နွေဦးတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ဆောင်ရွက်တဲ့သူတွေ၊ ပြည်ပရောက်ပညာရှင်တွေ၊ လူငယ်လူရွယ်တွေ၊ တော်လှန်ရေးအပေါ် သစ္စာရှိရှိ၊ သတင်းလုံလုံနဲ့ အလုပ် လုပ်ပေးနိုင်သူတွေ၊ ဝန်ကြီးဌာနရဲ့ ပင်မလုပ်ငန်းတွေမှာ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်တဲ့သူတွေကို စုစည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို စတင်လည်ပတ်ခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် ရပ်တည်ခဲ့ရတာဖြစ်လို့ ပုံမှန်အစိုးရတစ်ရပ်လို ဝန်ထမ်းရွေးချယ်မှုတွေ၊ ခန့်အပ်တာဝန်ပေးမှုတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေကို အစောပိုင်းကာလတွေ မှာ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတာကိုလည်း ဝန်ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဝန်ကြီး ဌာနဖွဲ့စည်းပုံတွေ တိုးချဲ့ပြီး ယခင်အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ခဲ့ကြသူတွေနဲ့ပါ ချိတ်ဆက်ပြီး ဝန်ထမ်း ယန္တရားအဆင့်ဆင့်ကို ဌာနအလိုက် လိုအပ်ချက်အရ ခန့်အပ်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ဝန်ကြီးဌာနအလိုက် တော်လှန်ရေးကာလ ဝန်ထမ်းအင်အား လိုအပ်ချက်အပေါ်မူတည်ပြီး ထပ်မံခန့်အပ် တာဝန်ပေးခြင်းကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက စီမံဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး များအပြင် ဌာနအကြီးအကဲများအဖြစ် အမြဲတမ်းအတွင်းဝန်အဆင့် ရာထူးစုစုပေါင်း (၄၇) ဦးနှင့် ညွှန်ကြား ရေးမှူးချုပ်၊ ရဲချုပ် စုစုပေါင်း (၂၇) ဦးကိုလည်း ခန့်အပ်တာဝန်ပေးထားခဲ့ပါတယ်။ ဌာနအကြီးအကဲများ ခန့်အပ်မှုနှင့်စပ်လျဉ်းပြီးတော့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှာ ဒုတိယအတွင်းဝန်၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်နှင့်အထက် ရာထူးခန့်အပ်သည့်နေရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း များအားလုံးက တည်ဆဲနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက လက်ခံကျင့် သုံးလျက်ရှိတဲ့ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်နှင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်ဖို့ ၂၀၂၄ ခုနှစ်၊ မေလ  ၂၅ ရက်နေ့မှာ ညွှန်ကြားချက်တစ်စောင်ကို ထပ်မံ ထုတ်ပြန်ခဲ့ ပြီး အဆိုပါ ညွှန်ကြားချက်နှင့်အညီလည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရတစ်ခုလုံးအနေဖြင့် ရွေးချယ်ခန့်အပ်မှုနဲ့စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနှင့်အညီ ဆောင်ရွက်လျက်ရှိသလို သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ လည်း ဌာနတွင်း ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကိစ္စရပ်တွေ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစီအမံတွေ၊ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီးတော့ တာဝန်ရှိတဲ့အဆင့်အသီးသီးက လိုက်နာဆောင်ရွက်ဖို့ကိုလည်း အသိပေးလုပ်ဆောင်လျက်ရှိပါတယ်။ စတင်တာဝန်ပေးအပ်စဉ်ကတည်းက လိုက်နာဆောင်ရွက်ဖို့ သဘောတူညီချက်ကို ရယူထားတာ ဖြစ်ပါ တယ်။ လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်သည့် ဝန်ထမ်းအချို့ကိုလည်း အရေးယူဆောင်ရွက်မှုတွေ လည်း ရှိခဲ့ပါတယ်။ တော်လှန်ရေးကာလမှာ ဝန်ကြီးဌာနတွေအနေနဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်တဲ့နေရာမှာ လက်ရှိတော်လှန်ရေး အမြန်အောင်မြင်ရေးကို ရှေးရှုပြီး ပိုမိုကျစ်လျစ် အားကောင်းရေးအတွက် ဝန်ကြီးဌာနဖွဲ့စည်းပုံတွေ၊ လုပ်ငန်းအကောင်အထည်ဖော်မှုတွေကို ပြန်လည် ဆန်းစစ်သုံးသပ်ခြင်း၊ အလုပ်အဖွဲ့အနေဖြင့် စုစည်းဆောင်ရွက်ရန်ကြိုးပမ်းခြင်း၊ တော်လှန်ရေးအလွန် ကာလ အပြောင်းအလဲတွေအတွက်ကိုလည်း အကျိုးပြုနိုင်ရေးကို ရည်ရွယ်ပြီး နိုင်ငံ့ဝန်ထမ်း CDM တွေ၊ တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နိုင်ရေးတွင် ပါဝင်ခဲ့ကြသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ လူငယ်တွေကိုပါ အနာဂတ်မှာပေါ်ပေါက်လာမယ့် အုပ်ချုပ်ရေးယန္တရားတွေမှာ ပါဝင်တာဝန်ယူနိုင်ဖို့ လိုအပ်တဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနဲ့ လေ့ကျင့်သင်တန်းပေးခြင်း လုပ်ငန်းတွေကိုလည်း စီမံ ဆောင်ရွက်လျက်ရှိပါတယ်။
 
အချုပ်အားဖြင့်တော့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးကာလအစိုးရအနေနဲ့ ဝန်ကြီးဌာနအသီးသီး၏ မူဝါဒများ၊ လုပ်ငန်းအကောင်အထည်ဖော်မှုများ၊ မြေပြင်အခြေအနေကို ပြည်သူ့ အသံတွေနဲ့ထင်ဟပ်ပြီး ပြန်လည်သုံးသပ်ခြင်းတွေ၊ ပြည်သူ့ယုံကြည်မှု ပိုမိုရရှိစေဖို့ ပြုပြင် ဆောင်ရွက် ခြင်းတွေကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အခုအခါ တော်လှန်ရေး အရှိန်မြင့်လာပြီ ဖြစ်သည့်အတွက်ကြောင့် တော်လှန်ရေးကိုအောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက် ဝန်ကြီးဌာနများမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တာဝန်ယူ၊ တာဝန်ခံမှုများ ပိုမိုရရှိစေဖို့ ဆက် လက်ပြီးတော့ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးလေးစားစား ပြန်လည်ဖြေကြားအပ်ပါတယ်။ 
 
ကျေးဇူတင်ပါတယ်ခင်ဗျာ။
Scroll to Top