Home / ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းထွေး၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နိုင်ကောင်းရွက်၏ ဖြေကြားချက်

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းထွေး၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နိုင်ကောင်းရွက်၏ ဖြေကြားချက်

  • (၆-၂-၂၀၂၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်  သတ္တမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းထွေး၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နိုင်ကောင်းရွက်၏ ဖြေကြားချက်
ဒေါ်ခင်နှင်းထွေး (မဲဆန္ဒနယ်အမှတ်-၈၊ ကချင်ပြည်နယ်)။အားလုံးပဲ မင်္ဂလာပါရှင့်။ သတ္တမအကြိမ်အစည်းအဝေးသို့ ကြွရောက်လာကြသည့် ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ပြည်သူလူထုများအားလုံး ဘေးကင်းလုံခြုံပြီး စိတ်၏ ကျန်းမာ ခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာ ပဏာမ ဆုတောင်းမေတ္တာ ပို့သအပ်ပါ တယ်။ မိမိကတော့ ၂၀၂၀ ခုနှစ်တွင် ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ ရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းထွေး ဖြစ်ပါတယ်။ ကျွန်မအနေဖြင့် ပြည်ထောင်စုလွှတ်တော် နာယကကြီးမှတစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအား မေးမြန်းလိုတာ ဖြစ်ပါတယ်။ 

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးရှင့်။ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ပြည်သူ့အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲ ရေးတို့အတွက် လွန်စွာအရေးကြီးပါတယ်။ တော်လှန်ရေးအတွင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လူငယ်များ ၏ အနုပညာ၊ မိသားစုဘဝ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် ထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး အချို့သော လူငယ်များအနေဖြင့် ကိုယ်အင်္ဂါများ ဆုံးရှုံးခဲ့ရပါတယ်။ မတရား အာဏာသိမ်း စစ်ကောင်စီ ပြုတ်ကျရေးအတွက် ခုခံတော်လှန်စစ်ပွဲများတွင် နိုင်ငံတဝှမ်းမှ လူငယ်များများစွာ ပါဝင်ဆင်နွှဲလျက် ရှိကြပါတယ်။ စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ထိခိုက်မှုများလည်း ရှိခဲ့ပါတယ်။ လေးနှစ်ကျော်အကြာ ခုခံတွန်းလှန်စစ်တွင် အသက်ဆုံးရှုံးမှု၊ ကိုယ်အင်္ဂါ ဆုံးရှုံးမှုများတွင် လူငယ်များလည်း အများအပြား ပါဝင်လျက်ရှိပါတယ်။ စာသင်ခန်းအသီးသီးတွင် အသိပညာ၊ အတတ် ပညာများ ဆည်းပူးလေ့လာနေရမည့် တိုင်းပြည်၏ အညွန့်အဖူး လူငယ်လေးများသည် မိမိ၏ ဘဝကို စွန့်လွှတ်၍ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အားတက်သရော ပါဝင်ခဲ့သည့် လူငယ်များ ယခုကဲ့သို့ အသက်ခန္ဓာ၊ ကိုယ်အင်္ဂါများ စွန့်လွှတ်ဆုံးရှုံးခဲ့ရသည်မှာ တိုင်းပြည်အတွက်များစွာ ထိခိုက်နစ်နာရပြီး အလွန်ပင် ဝမ်းနည်းစရာ ကောင်းလှပါတယ်။ 

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးရှင့်။ ကိုယ်အင်္ဂါများကို စွန့်လွှတ် ခဲ့ရသည့် လူငယ်များ၏ အခြေခံကျန်းမာရေးထောက်ပံ့မှု၊ ပညာရေးအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန် အထောက်အကူဖြစ်စေသော အစီအစဉ်များ လိုအပ်ပါတယ်။ နွေဦးတော်လှန်ရေး အတွင်း ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်၍ တာဝန်ထမ်းဆောင်ခဲ့သော လူငယ်များအတွက် အထောက်အပံ့ ကောင်းများ ရေရှည်ပံ့ပိုးဆောင်ရွက်ရန်လည်း တာဝန်ရှိရပါမယ်။ လူငယ်များ ကိုယ်အင်္ဂါဆုံးရှုံးမှုကြောင့် ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အစီအမံများဆောင်ရွက်ခြင်း၊ အနာဂတ်တွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးတို့သည် လွန်စွာအရေးကြီးပါတယ်။ နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရသည့် လူငယ်များ၏ လူမှုရေး ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ အခြေခံအခွင့်အရေးများကို သိရှိပြီး စီမံ ဆောင်ရွက်စေရန် တိုက်တွန်းခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်မည့် လူမှု အသိုက်အဝန်း တည်ဆောက်နိုင်ရန်နှင့် လူမှုရေးတည်ငြိမ်မှုအား ပိုမိုလုံခြုံစေရန် ရည်ရွယ်ပြီး တိုင်းပြည် အနာဂတ်အတွက် အနစ်နာခံခဲ့သည့် လူငယ်လေးများ၏ ဘဝအနာဂတ်အတွက်လည်း အစီအမံများ ရေးဆွဲ၍ ပြန်လည်ကုစားပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ပေးခြင်းများ ပြုလုပ်ပေးစေလိုပါတယ်။ 

သို့ဖြစ်ပါ၍ ကျွန်မအနေဖြင့် နွေဦးတော်လှန်ရေးအတွင်း ပါဝင်ပြီး ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် လူငယ်များကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် “နွေဦးတော်လှန် ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် လူငယ်များအတွက် တော်လှန်ရေးကာလအလွန် အနာဂတ် ဘဝအာမခံချက်ရရှိနိုင်ရေး အစီအမံတစ်ရပ် ချမှတ်ရေးဆွဲထားခြင်း ရှိ၊ မရှိ” သိရှိလိုပါသဖြင့် ပြည်ထောင်စု လွှတ်တော် နာယကကြီးမှတစ်ဆင့် မေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်ကောင်းရွက် (ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန)။   သတ္တမအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ကြွရောက်လာကြသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ကိုယ်စားလှယ်များ၊ ကြည့်ရှုနေကြသည့် ပြည်သူများ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ ကျွန်တော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး နိုင်ကောင်းရွက် ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းထွေး ၏ ကြယ်ပွင့်ပြမေးမြန်းချက်ကို မိမိအနေဖြင့် ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရ သည့် တပ်ဖွဲ့ဝင်များအတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းတပ်ဖွဲ့ဝင်ဆိုင်ရာ လုပ်ထုံး လုပ်နည်းကို ၂၇-၆-၂၀၂၄ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ် (၂၈/၂၀၂၄) ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီး အဆိုပါလုပ်ထုံးလုပ်နည်းအရ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရေးဌာန၏ မသန်စွမ်း တပ်ဖွဲ့ဝင်များနှင့်စပ်လျဉ်း၍ အောက်ပါလုပ်ငန်းစဉ်များကို တာဝန်ယူစီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်-
 
  • (က) ငွေကြေးနှင့် လိုအပ်သည့်အထောက်အပံ့များပေးအပ်ခြင်း။
  • ( ခ )ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကုသခြင်း။
  • ( ဂ )ကျန်းမာရေးပြန်လည်ထူထောင်ခြင်း။
  • (ဃ)ပြန်လည်နေရာချထားခြင်းလုပ်ငန်းတာဝန်။
  • ( င )ပြန်လည်နေရာချခြင်းနှင့် နေရာထိုင်ခင်း။ 
  • ( စ )အသိအမှတ်ပြုခြင်း၊ ပြန်လည်ကုစားခြင်း။
မသန်စွမ်းတပ်ဖွဲ့ဝင်များ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အောက်ပါ လုပ်ငန်းများ ကို စစ်ရေးဌာန၊ ဆေးဝန်ထမ်းဌာနက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်-
  • (က)အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း များ၊ စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုခံယူခြင်း။
  • ( ခ )အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပြန်လည်ထူထောင်ရေးစခန်းတွင် ခြေတု၊ လက်တု၊ မျက်လုံးတုများ အစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြန်လည်တပ်ဆင်ခြင်း။
  • ( ဂ )ဆေးကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် စားသောက်နေထိုင်ရေး ဆောင်ရွက်ခြင်း။
မသန်စွမ်းတပ်ဖွဲ့ဝင်များ၏ ဆေးကုသမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အခြေအနေ ကို ဆေးဝန်ထမ်းဌာနခွဲက စနစ်တကျ မှတ်တမ်းတင်ထားရှိပြီး အလုပ်တာဝန် ပြန်လည်ထမ်းဆောင်နိုင် သည်အထိ ဘုတ်အဖွဲ့ ဖွဲ့စည်းဆုံးဖြတ်၍ အောက်ပါတိုင်း သတ်မှတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်- 
  • (က)ပျက်စီးဆုံးရှုံးသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း၊ စိတ်ပိုင်းဆိုင်ရာအခြေအနေသည် တိုက်ခိုက်ရေးစွမ်းရည်ကို ယုတ်လျော့စေမှုမရှိလျှင် စစ်ဘက်ဆိုင်ရာ တိုက်ပွဲ တာဝန်များကို ပြန်လည်ထမ်းဆောင်စေနိုင်သည့်အဆင့်။
  • ( ခ )ပျက်စီးဆုံးရှုံးသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း၊ စိတ်ပိုင်းဆိုင်ရာအခြေအနေသည် တိုက်ခိုက်ရေးစွမ်းရည်ကို ယုတ်လျော့စေမှုရှိလျှင် တိုက်ခိုက်ရေးမဟုတ်သည့် စစ်ဘက်ဆိုင်ရာတာဝန်နှင့် အရပ်ဘက်ဆိုင်ရာတာဝန်များကို ပြန်လည် ထမ်းဆောင် စေနိုင်သည့်အဆင့်။
  • ( ဂ )ပျက်စီးဆုံးရှုံးသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း၊ စိတ်ပိုင်းဆိုင်ရာအခြေအနေသည် ပြင်းထန်ပြီး နေ့စဉ်ဘဝ ပုံမှန်နေထိုင်သွားလာမှု ထိခိုက်လျှင် စစ်ဘက်ဆိုင်ရာ အရပ်ဘက်တာဝန်များ ပြန်လည် ထမ်းဆောင်ခြင်းမရှိသည့်အဆင့်။

မသန်စွမ်းတပ်ဖွဲ့ဝင်များ၏ ပြန်လည်နေရာချထားရေးနှင့် တော်လှန်ကာလအလွန် လူမှုဘဝ ပြန်လည်ပေါင်းစည်းရေးအတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းစဉ်ကို ဆေးဝန်ထမ်းဌာနခွဲက ကြိုတင် စီမံရမည်ဖြစ်ပြီး ကာလတို၊ ကာလလတ်၊ ကာလရှည် အပိုင်းအခြားအလိုက် ဖြည့်ဆည်းပေးခြင်း၊ အစီအမံ ပြုလုပ်ခြင်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနများ အသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

ဝန်ကြီးဌာနအနေဖြင့် အထက်ပါလုပ်ထုံးလုပ်နည်းအရ အတည်ပြုပြီး မသန်စွမ်းတပ်ဖွဲ့ဝင် များအတွက် တလုံးတခဲတည်း ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် (၅) သိန်းနှင့် လစဉ်အလိုက် ဂုဏ်ပြု ထောက်ပံ့ ငွေ ကျပ် (၅) သောင်းတို့ကို ပံ့ပိုးလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ အတည်ပြု တပ်ဖွဲ့ဝင် (၂၂၆) ဦးအတွက် ထောက်ပံ့ငွေ ခွဲဝေချထားပြီးဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ မသန်စွမ်းတပ်ဖွဲ့ဝင် (၃၃၈) ဦးကို အတည်ပြုထားပြီး ဖြစ်ပါတယ်။ ကိုယ်အင်္ဂါချို့ယွင်းသည့် တပ်ဖွဲ့ဝင်များအတွက် ခြေတု လက်တုတပ်ဆင်ခြင်းကို ပြည်တွင်းနှင့်နယ်စပ်နေရာ (၁၁) ခုတို့တွင် MoD၊ MoH ပူးပေါင်း ဆောင်ရွက်မှု ဖြင့်လည်းကောင်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများဖြင့် ဆောင်ရွက်ကူညီခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။

လေးစားအပ်ပါသော နာယကကြီးခင်ဗျား။ တော်လှန်ရေးအလွန်ကာလတွင် မသန်စွမ်းတပ်ဖွဲ့ ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဘဝရပ်တည်ရေး အစီအမံများဖြင့် အလုပ်အကိုင် အခွင့် အလမ်းများရရှိရန် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထောက်အပံ့များနှင့် စီးပွားရေး ထူထောင်မှုလည်ပတ်ရေးဆိုင်ရာ ရေရှည်ထောက်ပံ့မှုများ ပေးအပ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ က မူဝါဒတစ်ရပ် ချမှတ်ပေါ်ပေါက်ရေး ဝန်ကြီးဌာနအနေဖြင့် တိုက်တွန်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လေးစားစွာ ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျာ။ 
 
အားလုံးကို ကျေးဇူးတင်ပါတယ်။ 
 
အရေးတော်ပုံ အောင်နေပါပြီ။
Scroll to Top