“နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ ကိုသာ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆို
ဒီကနေ့ နဝမအအကြိမ် အစည်းအဝေးသို့ တက်ရောက်နေကြတဲ့ ပြည်ထောင်စု လွှတ်တော်နာယက၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ နိုင်ငံတကာ သံတမန်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်မကတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီး ဖြစ်ပါတယ်။
ဒီကနေ့အစည်းအဝေးမှာ ကျွန်မအနေနဲ့ “နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင် အဖွဲ့အစည်း များအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံးအပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာ နိုင်ငံ၌ ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံး ပေါ်ပေါက် ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုအား ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များရှင့်။
ဒီကနေ့ ဒီအချိန်မှာ ကျွန်မတို့ နိုင်ငံဟာ ဆိုးရွားပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့အတူ အာဏာသိမ်းစစ်တပ်က ၎င်းတို့အာဏာတည်မြဲရေးအတွက် နိုင်ငံ့အာဏာကို ဆက်လက်ထိန်းချုပ် ထားနိုင်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ ခိုင်လုံမှုမရှိ ဥပဒေမဲ့ မတရား အာဏာသိမ်းယူထားသော အကြမ်းဖက်စစ်တပ်ဟာ ပြည်တွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ဘယ်လိုပဲ ဝေဖန်ရှုတ်ချ နေပါစေ ၎င်းတို့အာဏာတည်မြဲနေမှသာ ၎င်းတို့ရဲ့ အကျိုးစီးပွားနှင့် ၎င်းတို့က ဆယ်စုနှစ်ပေါင်း များစွာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများမှ အပြစ်ပေးခံရမှု မရှိစေရေးအတွက် အာမခံပေးနိုင်မှာကို ကောင်းကောင်းသိနေတဲ့အတွက် ဘယ်လိုနည်းနဲ့ဖြစ်စေ နိုင်ငံ့အာဏာကို ဆက်လက် ထိန်းချုပ် ထားနိုင်ဖို့ ကြိုးပမ်းနေကြမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက် တိုင်းပြည်အခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များဟာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်ကြောင့် ပျက်စီးဆုံးရှုံးနေရဆဲ ဖြစ်ပါတယ်။ လူမဆန်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ငြိမ်းချမ်းရေးအတွက်လို့ လူကြားကောင်းအောင်ပြောပြီး အတုအယောင် ရွေးကောက်ပွဲကနေ အာဏာရဖို့ ကြိုးစားနေပေမယ့် ပြည်သူလူထုရဲ့ လူမှုဘဝ မငြိမ်းချမ်းအောင် ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် လူမဆန်တဲ့ အကြမ်းဖက်မှုများကို ဒီကနေ့ထိ တိုင် ကျူးလွန်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ယခုသီတင်းပတ်ထဲမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံ တစ်ဝန်းလုံးရှိ နေရာတော်တော်များများမှာ ဆက်လက်လုပ်ဆောင်နေတာကို သတင်းအရင်းအမြစ် တွေက ဖော်ပြခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့တွင် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာ အနီးရှိ ကုန်စည်တင်ကားများရပ်နားသောနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးခဲ့ရပြီး (၂၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ်။ မတ်လ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ (၇) ဦး သေဆုံးခဲ့ရပြီး လူနေအိမ် (၁၀) လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။ သေဆုံးခဲ့သူ တွေထဲမှာ လေဖြတ်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ အလားတူ ရခိုင်ပြည်နယ်မှာ ဖေဖော်ဝါရီလတစ်လတည်းမှာပဲ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သားပြည်သူ (၃၉) ဦး သေဆုံးခဲ့ရပါတယ်။
ဒီလို ပြည်သူအပေါ် ရန်ငြှိုးထားတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေရဲ့ လူမှုဘဝ လွတ်လပ်ငြိမ်းချမ်းဖို့ထက် ပြည်သူကို အကြောက်တရားသွင်းပြီး ၎င်းတို့ အုပ်ချုပ်တာကို လက်ခံဖို့ ဖိအားပေးနေခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ၎င်းတို့ကို ဆန့်ကျင်တွန်းလှန်တဲ့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူလူထုတွေ ငြိမ်သွားပြီဆိုရင် ၎င်းတို့ရဲ့ တရားမဝင် စစ်အုပ်ချုပ် ရေးကို ချဲ့ထွင်ဖို့၊ နိုင်ငံတကာရဲ့ ဖိအားတွေ လျော့နည်းစေဖို့၊ ၎င်းတို့အတွက် တရားဝင်မှု ရရှိစေဖို့ ဆက်လက်ကြိုးပမ်းသွားကြမှာပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး (၅) နှစ် ပြည့်ပြီးတဲ့အချိန်မှာ တိုင်းပြည်ဖရိုဖရဲဖြစ်ခဲ့ရတဲ့အပြင် ပြည်သူလူထုတစ်ရပ်လုံးဟာလည်း သေကြေပျက်စီးမှု၊ ဆင်းရဲမွဲတေမှု စတဲ့ ဒုက္ခမျိုးစုံကို ခံစားခဲ့ ကြရပြီး ဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်းပြီး ၅ နှစ်အချိန်ကိုရော လွန်ခဲ့တဲ့ ခေတ်အဆက်ဆက် အာဏာရှင်အုပ်ချုပ်ရေးကာလတွေကိုရော ပြန်ပြောင်းကြည့်ရင် စစ်အာဏာရှင်တွေမှာ အာဏာရှိ နေသရွေ့ လုပ်ပိုင်ခွင့်ရှိနေသရွေ့ တိုင်းပြည်နှင့် ပြည်သူဟာ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေကြရဦးမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်က အတုအယောင်ရွေးကောက်ပွဲနှင့် ဟန်ပြလွှတ်တော် နှင့် အစိုးရကို ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေခြင်းကို အမြန်ဆုံး တားဆီးနိုင်ဖို့လိုပါတယ်။ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းဖို့ ခိုင်မာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်နိုင်ဖို့ဆိုရင် မိမိတို့နိုင်ငံရေး ရည်မှန်းချက်တွေ နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးသဘောတူညီချက်မူဘောင်တွေလိုသလို အဓိကနဲ့ အရေးကြီးဆုံးကတော့ စစ်အာဏာရှင်စနစ်ကို ဖျက်ဆီးပစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေနဲ့ အပြန်အလှန်နားလည်မှုနဲ့အတူ ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို မဖြိုချနိုင်သရွေ့ ကျွန်မတို့ တည်ဆောက်လိုတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်မှန်းချက်ဟာလည်း ဝေးကွာနေကြဦးမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များအပါအဝင် တော်လှန်ရေးအင်အားစုများကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကနေ အောက်ပါ အချက်များကို တိုက်တွန်းတောင်းဆိုလိုပါတယ် –
၁။ အားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးကဏ္ဍအစုံတွင် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ကြရန်။
၂။ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသော ဘုံသဘောတူညီချက်များကို အမြန်ဆုံး ချမှတ်အကောင်အထည်ဖော်ရန်။
တော်လှန်ရေး ၅ နှစ်ကျော်ကြာတဲ့အထိ အကြမ်းဖက်စစ်တပ်ရဲ့ အမျိုးမျိုးသော ဖိနှိပ်မှုများ ကြားကပင် မြန်မာပြည်သူတွေဟာ ကြံ့ကြံ့ခံလျှောက်လှမ်းနေဆဲဖြစ်သလို အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများ အနေနဲ့လည်း ဘုံရည်မှန်းချက်အတွက် ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒီလို မိမိတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကြမ်းမှာ မိမိတို့နဲ့အတူ ရပ်တည်ပြီး ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံ တွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းထံက မိတ်ဆွေတွေကို မြန်မာပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒါပေမယ့်လို့ မိမိတို့ရဲ့ စစ်မှန်တဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် လူကြီးမင်းတို့ထံမှ စာနာနားလည်မှုတွေ၊ အတူရပ်တည်ပေးမှုတွေနဲ့ ထိရောက်တဲ့အကူအညီတွေ များစွာ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်မအနေနဲ့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ မိမိတို့ နိုင်ငံမှာ ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်နိုင်ဖို့၊ ပြည်သူ့ဆန္ဒနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ အောက်ပါတို့ကို ဆောင်ရွက်ပေးပါရန် လေးလေးနက်နက် တောင်းဆိုပါတယ် –
၁။ အကြမ်းဖက်စစ်အုပ်စုနှင့် အတုအယောင်ရွေးကောက်ပွဲကတစ်ဆင့် ၎င်းတို့ ဖန်တီး မည့် တရားမဝင်လွှတ်တော်၊ အစိုးရနှင့် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ဆောင်ရွက်ချက်ကိုမဆို အသိအမှတ်မပြုရန်နှင့် သံတမန်ရေးအရ ဆက်ဆံမှုများ လုံးဝမပြုလုပ်ရန်။
၂။ အကြမ်းဖက်စစ်တပ်က ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် လေကြောင်း တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေးအတွက် လက်နက် ခဲယမ်းနှင့် လေယာဉ်ဆီတင်သွင်းမှုများ၊ ရောင်းချမှုများနှင့် အခြားဘဏ္ဍာငွေရရှိစေ သော ပူးပေါင်းဆောင်ရွက်မှုများကို အမြန်ဆုံး လုံးဝ ဖြတ်တောက်ပြီး ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ပေးရန်။
၃။ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားသည့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ် များအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ ကိုသာ မြန်မာနိုင်ငံ၏ တရားဝင်အကျိုးသက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၍ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေးအရ အပြည့်အဝ ကူညီပံ့ပိုးပေးရန်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။


