“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆို တင်သွင်းခြင်း
ဒီကနေ့ နဝမအကြိမ် အစည်းအဝေးသို့ တက်ရောက်နေကြတဲ့ နိုင်ငံတော် ယာယီ သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည် တော်များ၊ နိုင်ငံတကာသံတမန်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။
ကျွန်မကတော့ ရန်ကုန်ဖက်ဒရယ်ယူနစ်၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဖြစ်ပါတယ်။ လက်ရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။
ဒီကနေ့အစည်းအဝေးမှာ ကျွန်မအနေနဲ့ “အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော် ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကို မဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်အဆို” အား ပြည်ထောင်စုလွှတ်တော်သို့ ဖိတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များရှင့် – အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တရားဝင်အစိုးရ ထံမှ လက်နက်အားကိုးပြီး အာဏာသိမ်းယူခဲ့မှုကြောင့် မိမိတို့မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသီးအပွင့်များနှင့် ဖွံ့ဖြိုးမှုအားလုံးသည် အလုံးစုံပျက်သုဉ်းခဲ့ရပါတယ်။ တရားမဝင် စစ်အာဏာ သိမ်းမှုနောက် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း၊ အရပ်သားပြည်သူများအား အကြောင်းပြချက်မရှိ ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ၊ မီးရှို့ မှုများအပါအဝင် လူမဆန်သော အကြမ်းဖက်မှုများကို ယနေ့ထိတိုင် ကျူးလွန်လုပ်ဆောင်နေ ဆဲ ဖြစ်ပါတယ်။
ဒီကနေ့အထိတိုင် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ စီးပွားရေး၊ လူမှုရေး၊ ကမောက်ကမ ဖြစ်မှုတွေကြောင့် ပြည်သူသန်းပေါင်းများစွာဟာ ဒုက္ခပင်လယ်ဝေနေပြီး တိုင်းပြည်လူဦးရေရဲ့ ထက်ဝက်ကျော်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရပါတယ်။ ဒီကနေ့အချိန် အထိ ပြည်သူ ၃.၆ သန်းခန့်ဟာ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးမှုများ၊ အကြမ်းဖက်မှု များ၊ လေကြောင်းတိုက်ခိုက်မှုများနဲ့ အတင်းအဓမ္မဖမ်းဆီးစစ်မှုထမ်း စေခိုင်းနေမှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
ဒီလိုဆိုးရွားနေတဲ့ အခြေအနေကြားမှာပဲ အကြမ်းဖက်စစ်ကောင်စီဟာ တရားမဝင် သိမ်းယူထားတဲ့ အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ တို့မှာ အပိုင်း ၃ ပိုင်းခွဲပြီး အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အွန်လိုင်းသတင်း များနဲ့ အစီရင်ခံစာများအရ အကြမ်းဖက်စစ်တပ်အနေနဲ့ မြို့နယ် ၂၆၃ မြို့နယ်မှာသာ ကျင်းပ နိုင်ခဲ့တယ် လို့ဖော်ပြထားပါတယ်။ ကျင်းပနိုင်ခဲ့တဲ့ မြို့နယ်အများစုမှာ ကျွန်မတို့နိုင်ငံရဲ့ လူဦးရေ အများဆုံးဖြစ်တဲ့ ကျေးရွာတွေအများစုမှာ ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ ပထမပိုင်းမှာ မဲပေးခွင့် ရှိသူ ၁၁.၆ သန်းရှိပြီး မဲပေးသူဦးရေဟာ ၆ သန်းနဲ့ ၅၂.၁၃ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။ ဒုတိယပိုင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၇.၅၉ သန်းရှိပြီး ၄.၂၄ သန်း နဲ့ ၅၅.၉၅ ရာခိုင်နှုန်း၊ တတိယ ပိုင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၄.၉ သန်းရှိပြီး မဲပေးသူဦးရေ ၂.၇၉ သန်းနဲ့ ၅၆.၄၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာတွေမှာ ဖြေပြထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၄.၁ သန်းအနက် မဲပေးသူ ဦးရေဟာ ၁၃ သန်းသာ ရှိတဲ့အတွက် ၅၄.၈၅ ရာခိုင်နှုန်းသာ ရှိတာ တွေ့ရပါတယ်။
အထက်ပါအချက်အလက်များအရ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲဟာ ကိုယ်စားပြုမှု အနည်းငယ်ကိုသာထင်ဟပ်ခဲ့ရုံမျှမက ပြည်သူသန်းပေါင်း များစွာ နေရပ်စွန့်ခွာနေရတဲ့အချိန်၊ အဓိကအင်အားကြီးနိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ပါတီ ဝင်များကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပခဲ့တာကြောင့် စစ်မှန်ပြီး ခိုင်မာသော ရွေးကောက်ပွဲ တစ်ခုမဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ နိုင်ငံရေးအမြင်များကို လွတ်လပ်စွာ ဖော်ပြခွင့်၊ မဲဆန္ဒရှင်များအနေနဲ့ ကြောက်ရွံ့ ခြင်းမရှိ၊ ခြိမ်းခြောက်ခံရခြင်းမရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ခွင့် စတဲ့ လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများနဲ့ လုံးဝကိုက်ညီမှုမရှိဘူးဆိုတာ ပြည်သူရော၊ ကမ္ဘာရော အသိ ဖြစ်ပါတယ်။
အထူးအရေးကြီးဆုံးကတော့ အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပြီး ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ အခွင့်အာဏာရှိတဲ့ တရားဝင်အဖွဲ့အစည်းတစ်ရပ်လည်း မဟုတ်ပါဘူး။
ဒါကြောင့်လည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်း ထုတ်ပြန်ချက်မှာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဏာသိမ်းစစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲရလဒ်နဲ့ ဘယ်လိုအာဏာအစီအမံကိုမဆို တစ်ညီတစ်ညွတ်တည်း ငြင်းပယ်ပေး ရန် ကုလသမဂ္ဂ၏ မြန်မာလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ရွေးကောက်ပွဲတစ်ရပ် မဟုတ်သလို လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို ချုပ်ငြိမ်းစေမဲ့ မှန်ကန် တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြ နေသလို မြန်မာပြည်သူတွေကလည်း ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။
ပြည်သူအများစုရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်တဲ့ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ တရားဝင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်သလို ဒီရွေးကောက်ပွဲရလဒ်ဟာလည်း တရားဝင်ဆဲ အသက်ဝင်ဆဲ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ ယှဉ်ပြိုင်နိုင်ခဲ့သလို ပြည်သူလူထုဟာလည်း အကြောက်တရားမပါဘဲ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရရှိခဲ့ပါ တယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူက အပ်နှင်း ထားတဲ့ ဆင့်လွှဲအာဏာကို ကျင့်သုံးပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်များကို ထမ်းဆောင် နေဆဲ ဖြစ်ပါတယ်။ မိမိတို့၏ ဆင့်လွှဲအာဏာအရ အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်သူ့ အစိုးရအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး မိမိတို့နိုင်ငံ၌ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးတို့အတွက် စစ်မှန်သော တိုင်းရင်းသား အဖွဲ့အစည်း များ၊ တော်လှန်ရေးအင်အားစုများနဲ့ လက်တွဲ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။
လွှတ်တော်ဆိုတာ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ ဖြစ်ပြီး အဆောက်အအုံထက် ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ ဖြစ်ပါတယ်။ တရားမဝင် သိမ်းယူထားတဲ့ အာဏာကို ပြည်သူ့ထံ ပြန်အပ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လျှောက်ဖို့ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုခဲ့ရုံမျှမက ယနေ့ထိတိုင် အကြမ်းဖက် သတ်ဖြတ်နေဆဲဖြစ်တဲ့ အကြမ်းဖက်စစ်တပ်က ဖန်တီးထားတဲ့ လွှတ်တော် ဆိုတာဟာလည်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုအပ်ချက်ကို အကောင်အထည်ဖော်ဖို့ထက် အာဏာရှင်လူတစ်စုရဲ့ အာဏာလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်တယ် ဆိုတာ ထင်ရှား လှပါတယ်။
ဒါကြောင့်လည်း ပြည်သူလူထုရဲ့ဆန္ဒကို အမှန်တကယ်ဖော်ဆောင်ရွက်နေတဲ့ မိမိတို့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ မိမိတို့က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို နိုင်ငံတကာပါလီ မန်များအဖွဲ့ (IPU) က အသိအမှတ်ပြုမှုကို ဆက်လက်ထားရှိနေဆဲဖြစ်ပါတယ်။ မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေရုံမျှမက နိုင်ငံတကာမှာလည်း တရားဝင်ကိုယ်စားပြုခွင့် ရှိနေဆဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အာဏာသိမ်းမှု ၅ နှစ်ကျော် ကာလအထိတိုင်အောင် ပြည်သူကို ဆက်လက်ကိုယ်စားပြုနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် အတုအယောင် ဒီမိုကရေစီကို ဟန့်တားနိုင်ဖို့၊ မိမိတို့နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ အောက်ပါအချက်များကို လေးလေးနက်နက် တောင်းဆို တိုက်တွန်းလိုပါ တယ်-
၁။ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲရလဒ်နဲ့ ယင်း ရွေးကောက်ပွဲရလဒ်ဖြင့် ဖန်တီးသည့် အတုအယောင်လွှတ်တော်၊ ဟန်ပြ အစိုးရနှင့် မည့်သည့်အဖွဲ့အစည်းကိုမျှ အသိအမှတ်မပြုကြောင်း ကန့်ကွက်ပြီး ငြင်းဆိုရန်။
၂။ ဒီမိုကရေစီပြန်လည်ရရှိရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သော တည်ငြိမ်ရေးတို့အတွက်၊ အကြမ်းဖက်စစ်တပ်က ၎င်းတို့အာဏာတည်မြဲရေး လုပ်ကြံဖန်တီးထားသော နိုင်ငံရေးအခင်းအကျင်းနှင့် ၎င်းတို့၏ တရားမဝင် အဖွဲ့အစည်းများကို ငြင်းပယ်ရန်နှင့် တရားဝင်မှုမပေးရန် အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကကာအသိုက်အဝန်းအား တောင်းဆိုပေးရန်။
အားလုံးကို ကျေးဇူးတင်ပါတယ်။


