Home / ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း (မြိတ်မဲဆန္ဒနယ်၊ တနင်္သာရီတိုင်း) တင်သွင်းသည့်အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း (ဝက်လက်မဲဆန္ဒနယ်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်) ၏ ထောက်ခံဆွေးနွေးမှု

ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း (မြိတ်မဲဆန္ဒနယ်၊ တနင်္သာရီတိုင်း) တင်သွင်းသည့်အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း (ဝက်လက်မဲဆန္ဒနယ်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်) ၏ ထောက်ခံဆွေးနွေးမှု

(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထား သော ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို အခြေခံ၍ မြန်မာနိုင်ငံ၌ အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့မှုရပ်စဲခြင်းအပါအဝင် ညီညွတ်သော အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆို အား ထောက်ခံဆွေးနွေးခြင်း

                လေးစားအပ်ပါသော နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားတဲ့ ပြည်တွင်း/ ပြည်မှ ဧည့်သည်တော်များ၊ နိုင်ငံတကာ ပါလီမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုနေ ကြတဲ့ ပြည်သူပြည်သားများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာ။

                ကျွန်တော်ကတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်‌တော်ကိုယ်စားလှယ် ဦးမြင့်သိန်း ဖြစ်ပါတယ်။

                ကျွန်တော့်အနေနဲ့ တနင်္သာရီဖက်ဒရယ်ယူနစ်၊ မြိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း တင်သွင်းတဲ့ “(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာညီလာခံတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထားသော ဆောင်ရွက်ရမည့်လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း သည့် ဆုံးဖြတ်ချက်ကိုအခြေခံ၍ မြန်မာနိုင်ငံ၌ အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့မှု ရပ်စဲခြင်းအပါအဝင် ညီညွတ်သော အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်းပြီး ထောက်ခံဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ

                အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာစည်းမျဉ်း၊ စစ်ဥပဒေများကို လုံးဝလိုက်နာ ခြင်းမရှိဘဲ လူမဆန်သော လုပ်ရပ်များကို ပြုလုပ်နေပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာများတွင် သာမက စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံ များနှင့် ဈေးများကိုပါ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း (၇,၀၅၂) ကြိမ် ပြုလုပ်ခဲ့မှုကြောင့် ကလေးသူငယ်များအပါအဝင် သေဆုံးသူ (၈,၀၆၀) ယောက်၊ ဖမ်းဆီးခံရသူ (၃၁,၀၄၇) ယောက် ရှိခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ အရပ်သားနဲ့ တော်လှန်ရေးရဲဘော်များကို ညှင်းပန်းနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် အဓမ္မအသုံးပြုခြင်း၊ ပုဒ်မ အမျိုးမျိုးတပ်ပြီး မတရားဖမ်းဆီးထောင်ချခဲ့ပြီး၊ စစ်ကြောရေးနှင့် ထောင်တွင်းညှင်းပန်းနှိပ်စက် မှုများကြောင့် နေ့စဉ်နှင့်အမျှ သေဆုံးသူများရှိနေတာ တွေ့နေပါတယ်။

                စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် အစောပိုင်းမှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ လူငယ်၊ လူရွယ်များကို ၎င်းတို့ဆန္ဒမပါဘဲ အတင်း အဓမ္မ ဖမ်းဆီးပြီး ရှေ့တန်းစစ်မျက်နှာပြင်ကို စေလွှတ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ ILO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကွန်ဗင်းရှင်း (၄) ခုကို လက်မှတ်ရေးထိုးထားသော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ယခုအချိန်အထိ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အခြေခံစံနှုန်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ စစ်ဆင်ရေးနယ်မြေများမှာ အရပ် သားများကို ပေါ်တာဆွဲခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ငွေတောင်းခြင်း၊ လူသားဒိုင်းများအဖြစ် အသုံးပြုခြင်းတို့ကို သိသာစွာ လုပ်ဆောင်နေတဲ့အတွက် အသက်မပြည့်သေးတဲ့ ကလေးသူငယ် များအပါအဝင် လူငယ်၊ လူရွယ်အများစုဟာ နိုင်ငံတကာသို့ သွားရောက်ကာ ရရာအလုပ်ကို လုပ်နေကြရပါတယ်။ တချို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်တဲ့အတွက် ဖမ်းဆီးခံရပြီး မြန်မာပြည်တွင်းသို့ ပြန်ပို့ခံရသည့်အတွက် စစ်ကောင်စီမှ တပ်သားသစ်များအဖြစ် အသုံးချခြင်း၊ ပြည်တွင်းမှာလည်း အလုပ်သမားခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း၊ လုပ်ခလစာ တိုးတောင်းတဲ့ ဆန္ဒပြသူများကို အလုပ်ထုတ်ခြင်း၊ အလုပ်သမားသမဂ္ဂများကို မတရားအသင်း အဖြစ် ကြေညာခြင်းစသည်တို့ဟာ ILO ၏ အဓမ္မစေခိုင်းမှုဆိုင်ရာ (Convention No.29) နှင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုဆိုင်ရာ (Convention No. 87) တို့ကို စနစ်တကျ ကျူးလွန် လျက်ရှိရာ ရောက်နေပါတယ်။

                ယင်းပြဋ္ဌာန်းချက်များကို ပြင်းထန်စွာ ချိုးဖောက်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သည် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ဖွဲ့စည်းကာ စစ်ဆေး ခဲ့ပြီး စစ်ကောင်စီ၏ ကျူးလွန်မှုများအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ (၁၁၃) ကြိမ်မြောက် ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ အရ အရေးယူရန် အုပ်ချုပ်ရေးအဖွဲ့ (Governing Body) က ချမှတ်ခဲ့ပါတယ်။ ILO Article 33 အရေးယူမှုများအား ၂၀၀၀ ပြည့်နှစ်တွင် တစ်ကြိမ် ချမှတ်ခံထားရသည့်အတွက် ယခုအကြိမ် ဟာ ဒုတိယမြောက် အရေးယူခံရခြင်းဖြစ်ပါတယ်။

                ILO အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထားတဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများ ဟာ စစ်ကောင်စီ၏ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နိုင်ငံ တကာအဆင့်မှာ အရေးယူပိတ်ဆို့မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပါတယ်။

                အဓိကအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့ အစည်းများအနေဖြင့် စစ်ကောင်စီထံသို့ ဘဏ္ဍာငွေ၊ လက်နက်နှင့် နည်းပညာများ စီးဆင်း မသွားစေရန်နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုများကို သွယ်ဝိုက်၍ပင် အားမပေးမိစေရန်အတွက် မိမိတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီး တားဆီးပိတ်ပင်မှု များ ပြုလုပ်ရန် တိုက်တွန်းထားပါတယ်။

နာယကကြီးခင်ဗျာ

                စစ်ကောင်စီ၏ လေကြောင်းအင်အားကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ စသည့် နိုင်ငံတကာအစိုးရများက မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ တင်သွင်း၊ ဖြန့်ဖြူးမှု ကွင်းဆက်တွင် ပါဝင်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထား၍ အရေးယူပိတ်ဆို့မှုများပြုလုပ်နေသော်လည်း တချို့အင်အားကြီးအာဏာရှင်နိုင်ငံကြီးများနှင့် အင်အားသေး အာဏာရှင်နိုင်ငံငယ်များက ‌လောင်စာဆီများကို ဆက်လက်ရောင်းချနေခြင်းကို သွယ်ဝိုက်သော နည်းလမ်းဖြင့် စုံစမ်းပြီး အပြစ်ပေးအရေးယူ‌ပေးပါရန် တောင်းဆိုပါတယ်။

                မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ နိုင်ငံပိုင်ဘဏ်များ၊ ကျောက်မျက်နှင့် သယံဇာတလုပ်ငန်းများမှရရှိသော ဘဏ္ဍာငွေလမ်းကြောင်းများကိုလည်း ဖြတ်တောက်ပေးပါ ရန် တောင်းဆိုပါတယ်။ သို့မှသာ စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် လောင်စာဆီများ ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

                စစ်ကောင်စီဟာ ၎င်းတို့ အာဏာတည်မြဲရေးအတွက် အကြမ်းဖက်နှိမ်နှင်းမှုများကို အရပ်သားပြည်သူများအပေါ် အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်နေတာကို အားလုံးအသိ ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှ တရားမဝင်အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည် သုံးသပ်ပြီး အစိုးရချင်းဖြစ်စေ၊ အဖွဲ့အစည်းချင်းဖြစ်စေ ဆက်ဆံမှုများကို ရပ်ဆိုင်းရန်၊ အသိ အမှတ်မပြုခြင်း သို့မဟုတ် ပံ့ပိုးကူညီမှုများ မပြုလုပ်ရန်နှင့် စစ်ကောင်စီအား နိုင်ငံတကာ အလုပ်သမားအသိုက်အဝန်းနှင့် စီးပွားရေးကွန်ရက်များမှ သီးခြားဖယ်ကြဉ်ထားခြင်းဖြင့် အရပ် သားပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှု များကို ချက်ချင်းရပ်တန့်စေရန် ပြင်းထန်သော နိုင်ငံတကာဖိအားပေးမှု လက်တွေ့ အကောင် အထည်ဖော်ပေးပါရန် နိုင်ငံတကာအသိုက်အဝန်းသို့ အနူးအညွတ်မေတ္တာရပ်ခံ တောင်းဆိုလို ပါတယ်။

နာယကကြီးခင်ဗျာ

                ILO ပုဒ်မ ၃၃ ဟာ စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းကို ပိတ်ဆို့ရန်နှင့် နိုင်ငံတကာ စင်မြင့်ထက်မှာ ၎င်းတို့၏ တရားဝင်မှုကို လုံးဝဖျက်သိမ်းရန် အထိရောက်ဆုံးသော လက်နက် တစ်ခုဖြစ်ပါတယ်။

                အလားတူ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ၁၈-၅-၂၀၂၆ မှ ၂၂-၅-၂၀၂၆ ရက်နေ့ထိ အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး သတင်းပတ်အဖြစ် ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၈၈) နိုင်ငံက “ပြုပြင်ပြောင်းလဲမှုများနှင့် ကန့်သတ်ချက်များအကြား အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး ကတိကဝတ် များကို ထုတ်ပြန်အတည်ပြုခဲ့ခြင်းသည် အာဏာရှင်စနစ်ကို ကမ္ဘာကြီးက လက်သင့်မခံတော့ ကြောင်း ပြသလိုက်တာဖြစ်ပါတယ်။

                အချိန်ကို ငဲ့ညှာသောအားဖြင့် ကတိကဝတ် (၄) ချက်ထဲမှ (၂) ခုကို ပြောပြလိုပါ တယ် –

၁။       အရပ်သားပြည်သူများအပေါ် ချိုးဖောက်ကျူးလွန်နေသည့်တရားခံများအား စနစ်တကျ စုံစမ်းစစ်ဆေးရန်၊ ဖမ်းဆီးထိန်းသိမ်းရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအား အလေးထားရန်၊

၂။       ပြည်သူများအား အကာအကွယ်‌ပေးရေးအတွက် လုပ်ဆောင်နေကြသည့် ဒေသခံများနှင့် ပြည်တွင်းကာကွယ်စောင့်ရှောက်သူရေးဆိုင်ရာ တာဝန်ခံများထံသို့ စီမံ ခန့်ခွဲရလွယ်ကူသော ငွေကြေးထောက်ပံ့မှုများ‌ ပေးအပ်ရန်။

ကတိကဝတ်များဟာ ကျွန်တော်တို့ ပြည်သူများ လိုလားတောင့်တနေတဲ့အချက်များ ဖြစ်ပါတယ်။

               ထို့ကြောင့် အာဆီယံနိုင်ငံများ၊ ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် စစ်ကောင်စီအား အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများကို တညီတညွတ်တည်း ချမှတ်အကောင်အထည်ဖော်ပေးပါရန် နိုင်ငံ တကာ အသိုက်အဝန်းသို့ တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးလိုက်ရပါတယ်။

                  အားလုံးကို ကျေးဇူးတင်ပါတယ်။

 ဦးမြင့်သိန်း

ဝက်လက်မဲဆန္ဒနယ်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

Scroll to Top