“(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထား သော ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို အခြေခံ၍ မြန်မာနိုင်ငံ၌ အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့မှုရပ်စဲခြင်းအပါအဝင် ညီညွတ်သော အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆို အား ထောက်ခံဆွေးနွေးခြင်း
လေးစားအပ်ပါသော ဒသမအကြိမ်အစည်းအဝေးသို့ တက်ရောက်နေကြတဲ့ နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားတဲ့ ပြည်တွင်း/ ပြည်ပ အထူးဧည့်သည်တော်များ၊ နိုင်ငံတကာပါလီမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဦးစွာပဏာမ ဆုတောင်းမေတ္တာပို့သရင်း မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်ခင်ဗျာ။
ကျွန်တော်ကတော့ ကယား/ကရင်နီပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ ဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော့်အနေနဲ့ တနင်္သာရီဖက်ဒရယ်ယူနစ်၊ မြိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း တင်သွင်းတဲ့ “(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာညီလာခံတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထားသော ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံ များနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကိုအခြေခံ၍ မြန်မာနိုင်ငံ၌ အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုအပေါ် ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်း ဖက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီ တင်ပို့မှု ရပ်စဲခြင်းအပါအဝင် ညီညွတ်သောအရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်းပြီး ထောက်ခံဆွေးနွေး သွားမှာပဲ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ –
အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းမှုဖြစ်စဉ်အပြီး လူထုက တရားနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ်များသာမက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့အပါအဝင် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သူများ၊ သတင်းသမားများ၊ အလုပ်သမားအရေး ဆောင်ရွက်ပေးနေကြသည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနဲ့ အပြစ်မဲ့ပြည်သူလူထုကို ၎င်းတို့အာဏာ တည်မြဲရေးကို သာ ရှေးရှုပြီး အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါ တယ်။ မကြာသေးမီကာလက အကြမ်းဖက်စစ်အုပ်စုသည် သမ္မတကြီး ဦးဝင်းမြင့်အား ပြန်လည် လွှတ်ပေးခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ ဘာမျှကြားသိခြင်း၊ စုံစမ်းနိုင်ခြင်း၊ မျက်မြင်ကိုယ်တွေ့ သိရှိရခြင်း မရှိတဲ့ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တယ်လို့ ၎င်းတို့ထိန်းချုပ်ထားတဲ့ သတင်းဌာနများက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ယနေ့အချိန်အထိ တိကျသော မှတ်တမ်းဓာတ်ပုံများကိုသာမက မိသားစုဝင်နဲ့ ရှေ့နေများနှင့်ပါ တွေ့ဆုံခွင့် မရှိသေးတာကြောင့် အတည်ပြု၍ မရနိုင်သေးပါဘူး။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အစိုးရကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် အာဏာလုယူ ခဲ့ပြီး ၅ နှစ်အကြာမှာ ၎င်းတို့ရဲ့ အာဏာဆက်လက်တည်မြဲရေးအတွက် ပြုလုပ်ခဲ့တဲ့ ၎င်းတို့၏ မိတ်ဖက်နိုင်ငံအနည်းအကျဉ်းမှအပ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းကမျှ ထောက်ခံမှုမရှိတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအပြီး အရပ်သားဝတ်ပြောင်းလဲကာ နိုင်ငံတော်အာဏာ ကို ဆက်လက်သိမ်းပိုက်ထားခဲ့ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ၎င်းတို့နှင့် လက်ဝေခံအဖွဲ့အစည်း လူပုဂ္ဂိုလ် တစ်စု၏ အကျိုးစီးပွားအတွက်သာ ဦးတည်လုပ်ဆောင်နေတဲ့ စီးပွားရေးလမ်းစဉ်တွေက ပြည်သူ တစ်ရပ်လုံးကို ဆင်းရဲတွင်းနက်စေတဲ့ စီးပွားရေးကျဆင်းမှုတွေဆီကို ကျရောက်စေခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းနှင့်ဆက်နွယ်တဲ့အဖွဲ့များက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ရွှေ့ပြောင်းဆက်လက်လည်ပတ်နိုင်အောင် အကာအကွယ်ပေးထားကြတာကိုလည်း သိရှိနေရ ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိတဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ပြည်သူများ၏ အိုးအိမ်နှင့်ပိုင်ဆိုင်မှုများကို ဓားပြသဖွယ် ခိုးယူလုယက် မီးရှို့ဖျက်ဆီးမှုများအပြင် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တဲ့ စစ်ရာဇဝတ်မှုတွေ ကိုလည်း ပေါ်ပေါ်တင်တင် ဆက်လက်ကျူးလွန်လျက်ရှိပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်များ ကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေနိုင်ဖို့အတွက် လိုအပ်တဲ့လေယာဉ်ဆီနဲ့ လောင်စာဆီတွေကို နိုင်ငံတကာရဲ့ ပိတ်ဆို့မှုများကြားကနေ တရားမဝင်တင်သွင်းနိုင်ဖို့အတွက် The Asia Sun Group နှင့် ဆက်စပ်လျက်ရှိတဲ့ လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ မတ်လ နှင့် ဧပြီလတို့မှာ အိမ်နီးချင်းနိုင်ငံအချို့ဖြစ်တဲ့ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ရဲ့ ဆိပ်ကမ်းများမှ တစ်ဆင့် သီလဝါဆိပ်ကမ်းသို့ ဆက်လက်ပို့ဆောင်လျက်ရှိနေကြောင်းကို သိရှိထားရပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ –
မြန်မာပြည်အတွင်းမှာရှိတဲ့ အလုပ်သမားများအနေနဲ့ ကုန်စျေးနှုန်းနှင့် လုပ်ခလစာ မျှတမှုမရှိခြင်း၊ စီးပွားရေးကျဆင်းမှုကြောင့် အလုပ်အကိုင်ရှားပါးလာခြင်းတို့ကို ပိုမိုရင်ဆိုင် ကြုံတွေ့နေရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတင်းအဓမ္မစစ်မှုထမ်းအတွက် စစ်သားခေါ်ယူ စုဆောင်းခြင်းနှင့် ပေါ်တာဆွဲခြင်းများကို နေ့ညမရွေး၊ နေရာဒေသမရွေး ဆက်တိုက်လုပ်ဆောင် နေတဲ့အတွက် ပြည်တွင်းက လူငယ်၊ လူရွယ်များဟာ စိတ်မလုံခြုံမှုများကို ခံစားကြရပြီး အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် နေ့စဉ်နဲ့အမျှ သွားရောက်နေ ကြတဲ့ အရေအတွက်တွေ တိုးပွားလာနေပါတယ်။ ဒီလိုမျိုး ပြည်ပသို့ သွားရောက်လုပ်ကိုင်ရာ မှာလည်း အထောက်အထားမရှိခြင်းနဲ့ ဘာသာစကားအခက်အခဲများကြောင့် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၏ ခေါင်းပုံဖြတ်ခံရခြင်း၊ ဥပဒေနှင့်အညီ ပြဋ္ဌာန်းထားသော ရသင့်ရထိုက်သည့် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို လုံးဝမရရှိခြင်းကဲ့သို့သော အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများကို ခံစားနေကြရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO မှာ အတင်း အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ သဘောတူစာချုပ် (အမှတ် – ၂၉)၊ လွတ်လပ်စွာ အသင်း အပင်း ဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ဆိုင်ရာသဘောတူစာချုပ် (အမှတ် – ၈၇)၊ အလုပ်လုပ်ကိုင်ရန် သတ်မှတ်ထားသည့် အငယ်ဆုံးအသက်အရွယ်ဆိုင်ရာ သဘောတူစာချုပ် (အမှတ် – ၁၃၈) နဲ့ ကလေးသူငယ်အလုပ်သမားခိုင်းစေမှု၏ အဆိုးရွားဆုံးပုံစံများဆိုင်ရာ သဘောတူစာချုပ် (အမှတ် – ၁၈၂) တို့ကို သဘောတူလက်မှတ်ရေးထိုးထားသော်လည်း ဒီပုဒ်မများကို လိုက်နာခြင်း မရှိ တာကြောင့် ILO က ၂၀၂၂ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးခဲ့ရာ သဘောတူစာချုပ် (အမှတ် – ၂၉) နှင့် (အမှတ် – ၈၇) တို့ကို ဆက်လက် ကျူးလွန် လျက်ရှိကြောင်း ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက အတည်ပြုထားတာကို သိရှိရပါ တယ်။
ဒါ့အပြင် ILO အနေဖြင့် မြန်မာနိုင်ငံအပေါ် ILO ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၃၃ အရ အရေးယူမှုအား ၂၀၀၀ ပြည့်နှစ်တွင် ပထမအကြိမ်ချမှတ်ခဲ့ပြီး ဒုတိယအကြိမ်မြောက် အရေးယူ ခြင်းအဖြစ် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာ နိုင်ငံနှင့်ပတ်သက်၍ ILO ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) မှ အကြံပြုထားသော ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာက လက်သင့်မခံ နိုင်လောက်တဲ့ အလုပ်သမားများရဲ့ အခြေခံအခွင့်အရေးများကို ချိုးဖောက်ခြင်း၊ အလုပ်သမား ရေးရာအဖွဲ့များ ဖွဲ့စည်းခွင့်ကို တားဆီးပိတ်ပင်ခြင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်းမှ ကင်းလွတ် ပိုင်ခွင့်နှင့် အခြေခံလူထုလွတ်လပ်ခွင့်စတဲ့ အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေဆဲဖြစ်ပြီး အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း၊ အလုပ် သမားများနှင့် ပြည်သူများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အတင်းအကျပ် အဓမ္မစစ်မှုထမ်းစေခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြောင်းကို နိုင်ငံတကာ အစီရင်ခံစာ များက အတည်ပြုထားကြပါတယ်။ သို့သော် အကြမ်းဖက်စစ်အုပ်စုဟာ ဒါတွေအပေါ်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုတစ်စုံတရာမရှိဘဲ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် အရေးယူမှုတွေ ကိုလည်း လေးစားလိုက်နာခြင်းမရှိပါဘူး။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လ အထိ ၅ နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၇,၀၅၂) ကြိမ် ပြုလုပ်ခဲ့ကြောင်း သုတေသနစာတမ်းများအရ သိရှိရပြီး ဒီလိုလူမဆန်တဲ့ အကြမ်း ဖက်လုပ်ရပ်များကြောင့် လူဦးရေ ၂ သန်းကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ထို့ကြောင့် ဒီလိုအကြမ်းဖက်လုပ်ရပ်များစွာကို ဆက်လက်ကျူးလွန်လျက်ရှိတဲ့ စစ်အုပ်စုကို အဆုံးသတ် နိုင်စေရေးအတွက် မိမိတို့လွှတ်တော်အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းကို –
(က) လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်စေရန် လေယာဉ်ဆီတင်ပို့ရောင်းချမှုနှင့် ဆက်စပ်ဝန်ဆောင်မှုအားလုံးကို ဖြတ်တောက်ပေးရန်၊
(ခ) စစ်အုပ်စု၏ ဝင်ငွေရလမ်းနှင့် အကျိုးစီးပွားကို အားပေးနေသည့် အရင်းအမြစ်များ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ၊ လက်နက်နှင့် လေယာဉ်ဆီ တင်သွင်းမှုများ အတွက် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို ထိထိရောက်ရောက် ဖြင့် တိုးမြှင့်ချမှတ်လုပ်ဆောင်သွားရန်၊
(ဂ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထား ရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် စစ်အုပ်စုအပေါ် နည်းလမ်း ပေါင်းစုံဖြင့် အစွမ်းကုန် ဖိအားပေးဆောင်ရွက်ပေးရန်၊
(ဃ) မြန်မာနိုင်ငံအတွင်း လူထုအခွင့်အရေးများ၊ အလုပ်သမားအခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ် ပြီး အစိုရချင်းဖြစ်စေ၊ အဖွဲ့အစည်းချင်းဖြစ်စေ ဆက်ဆံမှုများကို ရပ်ဆိုင်းရန်၊
စသည့်အချက်များကို အထူးအလေးပေးတိုက်တွန်းလိုပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ –
အရပ်သားဝတ်ပြောင်းလဲပြီး တရားဝင်မှုရရှိအောင် ကြိုးစားနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီကနေ့ထိတိုင် ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုထား ခြင်း မရှိသေးပါဘူး၊ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) က ပြည်သူလူထုတစ်ရပ်လုံး၏ ကိုယ်စားပြုထားသော အဖွဲ့အစည်း အဖြစ် ပြီးခဲ့တဲ့ (၁၅၂) ကြိမ်မြောက် ညီလာခံအတွင်းမှာ ဆက်လက်အတည်ပြုဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ အလားတူ အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုတစ်ရပ်လုံးအပေါ် လုပ်ဆောင် လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များအား နိုင်ငံတကာက လက်ရှိချမှတ်ထားသည့် ဒဏ်ခတ် ပိတ်ဆို့မှုများကို ထိထိရောက်ရောက်လုပ်ဆောင်ပေးရန်နှင့် ဒီထက်မကသော အဖက်ဖက်က အရေးယူပိတ်ဆို့မှုများကိုလည်း တိုးမြှင့်ချမှတ်ပေးသွားရန်အပြင် မြန်မာနိုင်ငံမှာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး ကြိုးပမ်းဆောင်ရွက် နေကြသည့် တော်လှန်ရေးအင်အားစုတစ်ရပ်လုံးကို ဆက်လက်အသိအမှတ်ပြု ထောက်ပံ့သွား ရန် အင်တိုက်အားတိုက် တောင်းဆိုသွားရမည့် အရေးကြီးသောအချိန်ကာလလည်း ဖြစ်နေပါ တယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ –
ဒါ့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ကျွန်တော့်အနေဖြင့် “(၁၁၃) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့ သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထားသော ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို အခြေခံ၍ မြန်မာ နိုင်ငံ၌ အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုအပေါ် ဆိုးရွားသော လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့မှုရပ်စဲခြင်းအပါအဝင် ညီညွတ်သော အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆို ကို လေးလေးနက်နက် ထောက်ခံလိုကြောင်း ပြောကြားလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဦးစိုင်းပန်ဖ
မဲဆန္ဒနယ်အမှတ် (၅)၊ ကယား/ကရင်နီပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


