“(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထား သော ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို အခြေခံ၍ မြန်မာနိုင်ငံ၌ အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့မှုရပ်စဲခြင်းအပါအဝင် ညီညွတ်သော အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆို အား ထောက်ခံဆွေးနွေးခြင်း
လေးစားအပ်ပါသော ဒသမအကြိမ်အစည်းအဝေးသို့ တက်ရောက်နေကြတဲ့ နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စု ဝန်ကြီးချုပ် နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားတဲ့ ပြည်တွင်း/ ပြည်ပ အထူးဧည့်သည်တော်များ၊ နိုင်ငံတကာပါလီမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုအားပေးနေကြတဲ့ ပြည်သူ ပြည်သားများအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ လိုက်ရပါတယ်။
ကျွန်မကတော့ ပဲခူးတိုင်း၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီဒွန်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း (တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်) တင်သွင်းတဲ့ “(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့ က အကြံပြုထားသော ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက် ကို အခြေခံ၍ မြန်မာနိုင်ငံ၌ အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန် လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့မှု ရပ်စဲခြင်းအပါအဝင် ညီညွတ်သော အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုကို ထောက်ခံပါကြောင်းနှင့် လွှတ်တော်ကြီးက လက်ခံဆွေးနွေး သွားရန် တင်ပြဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရှင့် –
ယနေ့ လွှတ်တော်ရှေ့မှောက်တွင် တင်သွင်းလိုသော အဆိုသည် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေနှင့် အကျပ်အတည်းများ၊ ပြည်တွင်း/ ပြည်ပရှိ မြန်မာ့အလုပ်သမားထုတစ်ရပ်လုံးအပေါ်နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လွန်စွာအရေးကြီးသော အဆိုတစ်ရပ်ဖြစ်ကြောင်း ပြောကြားလိုပါ တယ်။
၂၀၂၁ ခုနှစ်၌ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးနောက် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်၍ ဆင့်လွှဲအာဏာကို အပ်နှင်း ထားသော တရားဝင်ပြည်သူ့ကိုယ်စားပြုအစိုးရအပါအဝင် အပြစ်မဲ့ပြည်သူလူထုအား လက်နက် အားကိုးဖြင့် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို ယနေ့ထိတိုင် လုပ်ဆောင်လျက် ရှိကာ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျူးလွန်မှုများသည် သိသိသာသာဆိုးရွားလာခဲ့ပြီး ပြည်တွင်း၊ ပြည်ပရှိ လူ့အခွင့်အရေးနှင့် အလုပ်သမားအဖွဲ့အစည်း တွေရဲ့ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုကို ရင်ဆိုင်နေရပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနှင့် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များ ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက် လာနေပါတယ်။ စစ်ကောင်စီရဲ့မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားများနဲ့ ပြည်ပထွက်ခွာလိုသူများအပေါ် ကြီးမားသော ရိုက်ခတ်မှုနှင့် ဖိစီးမှုများကို ဖြစ်ပေါ်စေလျက်ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမား တွေဟာ လူကုန်ကူးမှုကွန်ရက်တွေရဲ့ သားကောင် ဖြစ်လာကြရပါတယ်။
ပြည်တွင်းမှာ ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်နေသော်လည်း အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေကို ထိရောက်စွာ တိုးမြှင့်ပေးခြင်းလည်း မရှိ ပါဘူး။ တစ်ဖက်မှာလည်း အချိန်ပို (OT) အတင်းအဓမ္မဆင်းခိုင်းခြင်းနဲ့ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေပါတယ်။ ဒီလို လုပ်ငန်းခွင်အတွင်း မတရားမှုများကို အလုပ်သမားများက ဆန္ဒပြ တောင်းဆိုလျှင်လည်း စစ်ကောင်စီတပ်ဖွဲ့များကို စက်ရုံအတွင်းအထိခေါ်ယူကာ သေနတ်ပြ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများကို လုပ်ဆောင်လျက်ရှိနေပါတယ်။
ဒါ့အပြင် အလုပ်သမားထုရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးနေကြတဲ့ အလုပ်သမား သမဂ္ဂများကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကာ ဖြိုခွဲခြင်း၊ အလုပ်သမား အခွင့် အရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို မတရားဖမ်းဆီး ခြင်း၊ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းနဲ့ စစ်ကြောရေးစခန်းတွေမှာ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ခြင်းများကို ကျူးလွန်နေခြင်းမှာ စစ်ကောင်စီသည် နိုင်ငံ၏ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍကို မောင်းနှင်နေတဲ့ အလုပ်သမားထုအပေါ် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ရာဇဝတ်မှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဋ္ဌာန်းချက်ဖြစ်သော ကွန်ဗင်းရှင်း ၈၇ အား ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေခြင်းသာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးရှင် –
အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းအာဏာကို အလွဲသုံးစားလုပ်၍ နိုင်ငံတကာ ဥပဒေများနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိနေပါတယ်။ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကလေး သူငယ်များရှိရာ စာသင်ကျောင်းတွေ၊ လူနာများရှိရာ ဆေးရုံတွေ၊ ဘုရားကျောင်း/ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ အရပ်သားနေအိမ်တွေကိုလည်း တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းဟာ ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) အရ ပြင်းထန်တဲ့ စစ်ရာဇဝတ်မှု မြောက်ပါတယ်။
ဒါ့အပြင် ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေအပါအဝင် နိုင်ငံ တကာမှာ တားမြစ်ထားတဲ့ ကလတ်စတာဗုံးများနှင့် လောင်စာဆီသုံး လေဟာနယ်ဗုံးများကို လူနေထိုင်ရာ ကျေးရွာတွေပေါ်ကို ကြဲချလျက်ရှိနေပြီးတော့ အဆိုးရွားဆုံး လေကြောင်း တိုက်ခိုက်မှုများ ဖြစ်တဲ့ အနန့်ပါ၊ ပဇီကြီး၊ ကနီကျေးရွာနှင့် အခြားသော ဒေသအနှံ့အပြားတွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ လူထုစုဝေးပွဲများနှင့် ရွာလုံးကျွတ် ပျက်စီးစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော ကလေးသူငယ်၊ အမျိုးသမီး နှင့် အရပ်သားများကို တစ်ပြိုင်နက်တည်း သေဆုံးစေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး နောက်ပိုင်း နိုင်ငံတစ်ဝှမ်းမှာ လူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် စစ်မြေပြင် တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်း (Forced Labor) များဟာ အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိ လာခဲ့ပါတယ်။ အဆိုပါ ကျူးလွန်မှုတွေဟာ ပြည်တွင်းဥပဒေအရသာမက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အခြေခံသဘောတူညီချက်ဖြစ်တဲ့ ကွန်ဗင်းရှင်း 29 (အဓမ္မ လုပ်အားပေး ခိုင်းစေမှုပပျောက်ရေး) ကို ပြင်းထန်စွာ ချိုးဖောက်နေခြင်း ဖြစ်ပါတယ်။
စစ်ကောင်စီအပေါ် ချမှတ်ထားတဲ့ ILO ရဲ့ Article 33 သတ်မှတ်ချက်ဟာ ပြည်တွင်း မှာရှိတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများသာမက ပြည်ပမှာရှိတဲ့ ရွှေ့ပြောင်း အလုပ် သမားများအပေါ် ပြုလုပ်နေတဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဖိနှိပ်မှုများကို ကမ္ဘာက သိရှိနေ ကြောင်း ပြသနေပါတယ်။ အဆိုပါ ပုဒ်မဟာ စစ်ကောင်စီရဲ့ တရားဝင်မှုကို ပိုမိုကျဆင်းစေပြီး ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံတကာဥပဒေအရ ကာကွယ် စောင့် ရှောက်မှုများ ပိုမိုပေးအပ်နိုင်ရန် အရေးပါသော လက်နက်တစ်ခု ဖြစ်လာပါတယ်၊ ILO သမိုင်း တစ်လျှောက် အဆိုပါ ပုဒ်မကို မြန်မာနိုင်ငံအပေါ် အသုံးပြုခဲ့ခြင်းမှာ ယခုအကြိမ်နဲ့ဆိုလျှင် ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်အဖြစ် ၂၀၀၀ ပြည့်နှစ်မှာ အဓမ္မလုပ်အားပေး ခိုင်းစေ မှုကြောင့် အရေးယူခဲ့ဖူးပြီး၊ ၂၀၂၅ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့သော (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) မှာ စစ်ကောင်စီအပေါ် အရေးယူရန် တညီ တညွတ်တည်း ထပ်မံအတည်ပြုခဲ့ပါတယ်။
ထပ်မံအတည်ပြုခဲ့တဲ့ အဓိကအချက်များဖြစ်သည့် –
၁။ နိုင်ငံအတွင်း လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှု ဆိုင်ရာ ချိုးဖောက်မှုများအပေါ် တာဝန်ခံမှုရှိစေရန်အတွက် ပြည့်စုံ၍ မဟာဗျူဟာ ကျသော လုပ်ဆောင်ချက်များကို ညှိနှိုင်းဆောင်ရွက်ရာတွင် လွတ်လပ်ပြီး လျို့ဝှက် စောင့်ကြည့်ခြင်းနှင့် အစီရင်ခံခြင်းစနစ်များမှတစ်ဆင့် ဆောင်ရွက်ရန်၊
၂။ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမည့် သို့မဟုတ် အလုပ်သမားထုအပေါ် ဖိနှိပ်မှုကို ကြာရှည်စေမည့် မည်သည့်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မျိုးကိုမဆို ပြန်လည်သုံးသပ်ပြီး ဆိုင်းငံ့/ရုပ်သိမ်းရန် (Divestment)၊
၃။ စစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများနှင့် စစ်လေယာဉ်ဆီ (Jet Fuel) များ မရောက်ရှိစေရေး ထိရောက်စွာ ပိတ်ဆို့တားဆီးရန်၊
၄။ အတင်းအဓမ္မ နေရပ်မပြန်ပို့ရေးမူ (Non-refoulement) ကို လိုက်နာရန်။
စသည်တို့ကို ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။
လေးစားအပ်ပါသော နာယကကြီးရှင်
မြန်မာနိုင်ငံကို လေယာဉ်ဆီနဲ့ ဆက်စပ်ဝန်ဆောင်မှုများ ပေးပို့နေခြင်းဟာ စစ်အုပ်စု ရဲ့ အရပ်သားများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု (War Crimes) များမှာ သွယ်ဝိုက်၍ ကူညီရာရောက်နေပြီး လေယာဉ်ဆီပိတ်ဆို့မှုကို လုပ်ဆောင်နိုင်မှသာလျှင် စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းများကို သယ်ဆောင်မယ့် တိုက်လေယာဉ်များကို မြေပြင်မှာ မလှုပ်ရှားနိုင်အောင် “အတောင်ပံ ချိုးပစ်လိုက်နိုင်မှာပဲ” ဖြစ်ပါတယ်။
စစ်အုပ်စုဟာ လေယာဉ်ဆီတွေကို “အရပ်ဘက် လေကြောင်းလိုင်းများ” အတွက်လို့ အကြောင်းပြပြီး တင်သွင်းလေ့ရှိတဲ့အတွက် Amnesty International ကဲ့သို့သော အဖွဲ့အစည်း များက မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှုအားလုံးကို “ခြွင်းချက်မရှိ အလုံးစုံပိတ်ဆို့ရန်” တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ လေယာဉ်ဆီ တင်သွင်း၊ ဖြန့်ဖြူးမှုမှာ ပါဝင်ပတ်သက်သူများ ကို အဓိကပစ်မှတ်ထား အရေးယူခြင်းများပြုလုပ်ပါက စစ်အုပ်စုထံသို့ လေယာဉ်ဆီ ရောက်ရှိ နိုင်မယ့် လမ်းကြောင်းမှန်သမျှကို လုံးဝ ပိတ်ဆို့သွားနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းကဲ့သို့ ပိတ်ဆို့မှုများရှိနေသော်လည်း စစ်ကောင်စီဟာ လေယာဉ်ဆီ ရရှိ နိုင်မယ့် လမ်းကြောင်းသစ်များကို နည်းမျိုးစုံနဲ့ ရှာဖွေနေဆဲဖြစ်တဲ့အတွက် လေယာဉ်ဆီ စီးဆင်း မှုကို ရပ်တန့်စေခြင်းသည် မြန်မာပြည်သူများအပေါ် ကျရောက်နေတဲ့ လေကြောင်းအန္တရာယ်နဲ့ စစ်ရာဇဝတ်မှုများကို လျှော့ချနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေကြပါ သဖြင့် အဆိုပါ ထောက်ပံ့ရေးကွင်းဆက်ကို အမြစ်ပြတ်ဖြတ်တောက်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းသို့ အလေးအနက် တိုက်တွန်းတောင်းဆိုလိုပါတယ်။
ထို့ကြောင့် စစ်အုပ်စုရဲ့ ဝင်ငွေရလမ်းနှင့် အကျိုးစီးပွားကို အားပေးနေတဲ့ အရင်း အမြစ်များ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ၊ လက်နက်၊ လေယာဉ်ဆီတင်ပို့မှုနှင့် ဆက်စပ် ဝန်ဆောင်မှုအားလုံးကို တားဆီးပိတ်ဆို့ခြင်းသည် နိုင်ငံရေးအရ အရေးယူမှု သက်သက်မဟုတ် ဘဲ၊ မြန်မာပြည်သူများအပေါ် နေ့စဉ်ကျူးလွန်လျက်ရှိသော “အစုအပြုံလိုက် သတ်ဖြတ်မှုများနဲ့ စစ်ရာဇဝတ်မှုများ” ကို ချက်ချင်းရပ်တန့်စေရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ရှုထောင့်မှ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မဖြစ်မနေလုပ်ဆောင်ပေးရန် လိုအပ်နေပါသောကြောင့် အဆိုရှင်တင်သွင်းသည့်အဆိုအား လေးလေးနက်နက်ထောက်ခံပါကြောင်း ပြောကြားရင်း နိဂုံး ချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ဒေါ်နီနီဒွန်း
ပဲခူးတိုင်း၊ ပေါက်ခေါင်းမဲဆန္ဒနယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


