Home / ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းခဲ့သည့်အဆိုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစည်သူအောင်၏ ထောက်ခံဆွေးနွေးမှု

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းခဲ့သည့်အဆိုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစည်သူအောင်၏ ထောက်ခံဆွေးနွေးမှု

“နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် တရားဝင် အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက် လက်ကူညီပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုအား ထောက်ခံဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်ထောင်စု ယာယီသမ္မတ ကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်တော်ကြီးများနှင့် ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည်တော် များအားလုံး ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

ကျွန်တော်ကတော့ ဧရာဝတီဖက်ဒရယ်ယူနစ်၊ မဲဆန္ဒနယ်အမှတ် () မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစည်သူအောင် ဖြစ်ပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ က‌လေးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းသည့် “နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင် အဖွဲ့အစည်းများ အား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစု များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းအဆို” ကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ။ ယနေ့လွှတ်တော်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းသောအဆိုသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေ အနေ၊ လူသားချင်းစာနာရေး အကျပ်အတည်းများနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အလွန်အရေးကြီးသော အဆိုတစ်ရပ် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်တပ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို ပြတ်တောက်စေခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ထားသော အရပ်သားအစိုးရကို အင်အားသုံး၍ ဖယ်ရှားခဲ့ပြီး ပြည်သူ့ဆန္ဒကို အလေးမထား ဂရုမစိုက်၊ လက်နက်အားကိုးဖြင့် မတရားမှုပြုသည့် လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ အခြေခိုင်မာစွာ ကူးပြောင်းနိုင်ရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့ရပါတယ်။ နိုင်ငံရေးတည်ငြိမ်မှု ပျက်စီးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ  ပိုမိုများပြားလာခဲ့ရာ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ ပြဿနာသည် ပြည်တွင်း ပြဿနာတစ်ခုသာ မဟုတ်တော့ဘဲ ဒေသတွင်း တည်ငြိမ်ရေးနှင့် နိုင်ငံတကာ လုံခြုံရေးအပေါ် သက်ရောက်မှုရှိနေသော အရေးကြီးသည့် နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဖြစ်လျက် ရှိနေပါတယ် ခင်ဗျာ။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကို လေ့လာကြည့်ပါက ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက် စစ်တပ်အာဏာသိမ်းမှုမှစတင်ကာ စစ်အုပ်ချုပ်ရေးစနစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို အချိန် ကြာမြင့်စွာ လွှမ်းမိုးချုပ်ကိုင်ခဲ့သလို  မြန်မာပြည်သူများကလည်း ဒီမိုကရေစီရေးအတွက် ၁၉၈၈ ခုနှစ် တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဆင်နွှဲကာ တိုက်ပွဲဝင် တောင်းဆိုခဲ့ကြပါတယ်။

သို့သော်လည်း စစ်အာဏာရှင်စနစ် ဆက်လက်တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးလုပ်ငန်းစဉ်များမှာ အချိန်ကြာမြင့်စွာ အခက်အခဲများ ကြုံတွေ့ခဲ့ရ ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ တချို့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ရာ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများကျင်းပပြီး လူထုဆန္ဒကို ဖော်ထုတ်ပြသခွင့် ရရှိခဲ့ပါတယ်။ သို့သော် စစ်တပ်၏ လက်နက်အားကိုး မတရား အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီခရီးလမ်းသည် ပြန်လည် ပြတ်တောက်သွားခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွား လာခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီရင်ခံစာများအရ ပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့ ပြီး သန်းပေါင်းများစွာ အိမ်ခြေရာမဲ့ဖြစ်လာကာ လူသားချင်းစာနာရေးအကူအညီ လိုအပ်နေသူများ ပိုမိုတိုးပွားလာခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဤအခြေအနေများသည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အလွန်ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာစစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း တွင် ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူ့တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများအဖြစ် လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လာခဲ့ကြပါတယ်။ ယင်းအခြေအနေတွင် ပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒကို ကိုယ်စားပြုသည့် အစိုးရတစ်ရပ်အဖြစ် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။

ထို့ပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများကလည်း လာမည့်အနာဂတ်တွင် မြန်မာနိုင်ငံတော်၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရေးကို ဦးတည်၍ စစ်ရေး၊ နိုင်ငံရေးများကို အတူတကွပူးပေါင်းဆောင်ရွက်နေကြတာကို တွေ့မြင်နိုင်ပါတယ် ခင်ဗျာ။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာလက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေကိုကြည့်ပါက နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် အချို့သော အရေးယူမှု များကို ဆောင်ရွက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုကို တရားမဝင်လုပ်ရပ်ဟု အကြိမ်ကြိမ် ပြတ်ပြတ် သားသား ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွား ရေးလုပ်ငန်းများအပေါ် Targeted Sanctions များ ချမှတ်ခဲ့ပါတယ်။ သို့သော်လည်း  ဤအရေးယူမှု များသည် လုံလောက်မှု မရှိသေးကြောင်းကို စစ်တပ်မှ စစ်ရာဇဝတ်မှုများ ဆက်လက်ကျုးလွန်နေမှုက သက်သေပြလျက်ရှိပါတယ်ခင်ဗျာ။

စစ်ရာဇဝတ်မှုများဖြစ်သည့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက် မှုများ၊ ကျေးရွာများကို ပစ်မှတ်ထား၍ ပြည်သူ့နေအိမ်များကို စစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုပြင်းထန်သည့် အရေးယူမှုများ ဆောင်ရွက်ရန် လိုအပ်လျက် ရှိ နေပါတယ်။

နိုင်ငံတကာပညာရှင်များမှလည်း မြန်မာနိုင်ငံအရေးသည် ပြည်တွင်းရေးသာမကတော့ဘဲ ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုရှိသည့် အခြေအနေဖြစ်လာပြီး အထူးသဖြင့် ဒေသတွင်း လုံခြုံရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီတန်ဖိုးများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် နီးကပ်စွာ ဆက်စပ်နေသည်ဟု သုံးသပ်ကြပါသည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် “Popular Democratic Resistance Above Authoritarian Military Regime (The Junta)”   ဖြစ်သည့်အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တည်ဆောက် နိုင်မှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတကာအရေးတို့အပေါ် တည်ငြိမ်မှုရှိစွာ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေတို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်းစစ်အုပ်စုကို legitimate actor အဖြစ် မဆက်ဆံသင့်ဘဲ ဒီမိုကရေစီအင်အားစုများကိုသာ အဖက်ဖက်မှ ပံ့ပိုးသင့်သည်ဟု သုံးသပ်မှု များလည်း ရှိကြပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ မြန်မာပြည်သူများသည် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်သာ လိုလားကြောင်းကို ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့၏ မဲပေးခွင့်ကို အသုံးပြုပြီး ဖော်ပြခဲ့ကြသလို၊ စစ်တပ်ပါဝင်နေသော အုပ်ချုပ်ရေးကို မလိုလားကြောင်း တပါတည်း ပြသခဲ့ကြပါတယ်။

သို့သော် အာဏာသိမ်းစစ်တပ်သည် ပြည်သူ့ဆန္ဒကို လေးစားခြင်းမရှိဘဲ အာဏာသိမ်းခဲ့ပါ တယ်။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော တော်လှန်ရေးသည် ဒီမိုကရေစီအတွက် တော်လှန်ရေး၊ လူ့အခွင့်အရေးအတွက် တော်လှန်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် တော်လှန်ရေး ဖြစ်ပါတယ်ခင်ဗျာ။

ဖက်ဒရယ်စနစ်သည်သာ တိုင်းရင်းသားအခွင့်အရေးကို အာမခံနိုင်ပြီး တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပေးနိုင်ကာ ပြည်ထောင်စုအတွင်း တန်းတူညီမျှမှုကို တည်ဆောက်နိုင်သဖြင့် လက်ရှိအခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့အဖွဲ့အစည်းအသီးသီးတို့ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှ သာ ၎င်းစနစ်ကို အမြန်ဆုံး တည်ဆောက်နိုင်မှာဖြစ်သည့်အပြင် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်း များ အနေဖြင့်လည်း –

၁။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဖိအားပေး တောင်းဆိုရန်၊

၂။ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန်၊

၃။  အကြမ်းဖက်စစ်အုပ်စုက ဦးစီးပြုလုပ်သော ရွေးကောက်ပွဲမှ ဖွဲစည်းမည့် တရားမဝင် အစိုးရ နှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အပြစ်ပေးအရေးယူနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန်၊

၄။ စစ်တပ်၏ လက်နက်ဝယ်ယူနိုင်မှုကို ကန့်သတ်ရန်အတွက် Global Arms Embargo ချမှတ်‌ပေးရန်၊

၅။  လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာတရားရေး လမ်းကြောင်းများကို အသုံးပြုရန်၊

၆။  မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးရန်၊

၇။ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့်ဖက်ဒရယ်ဒီမိုကရေစီအင်အားစု များကိုသာ ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးရန်တို့ကို အင်တိုက်အားတိုက် ဆောင်ရွက် ရမည့် အချိန်အခါဖြစ်ပါတယ်ခင်ဗျာ။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ။ မြန်မာနိုင်ငံ၏ အနာဂတ်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့အပေါ် အခြေခံ၍ တည်ဆောက်ရမှာဖြစ်ပါတယ်။ ထို့ကြေင့် မြန်မာ နိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုအား ထိထိရောက်ရောက် အရေးယူပေးရန်နှင့် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးရန် အဆိုအား ထောက်ခံဆွေးနွေးအပ်ပါ သည်။

လေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ။ ဤအဆိုအား အဆိုရှင်တင်သွင်း သည့်အတိုင်း လွှတ်တော်က အတည်ပြုပေးပါရန် လေးစားစွာ ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျာ။  

အားလုံးကိုကျေးဇူးတင်ပါတယ်။

 

ဦးစည်သူအောင်

အမှတ်(၆)မဲဆန္ဒနယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဧရာဝတီဖက်ဒရယ်ယူနစ်

Scroll to Top