Home / ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းခဲ့သည့်အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ထောက်ခံဆွေးနွေးမှု

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းခဲ့သည့်အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ထောက်ခံဆွေးနွေးမှု

“နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် တရားဝင် အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက် လက်ကူညီပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုအား ထောက်ခံဆွေးနွေးခြင်း

ယနေ့ နဝမအကြိမ် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံတော်ယာယီ သမ္မတ ကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားသည့် ဧည်သည့်တော်များ၊ နိုင်ငံတကာ သံတမန်များအားလုံးကို မင်္ဂလာပါလို့ လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။

ကျွန်တော်ကတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ခင်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင် ဖြစ်ပါတယ်။

လေးစားအပ်ပါသော နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များကခင်ဗျာ-

ဒီကနေ့ ကျွန်တော့်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကလေးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းသွားတဲ့ “နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းကဆက်လက်ဖွဲ့စည်းမည့် တရားမဝင် အဖွဲ့အစည်းများ အား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ကူညီ ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တော်လှန်ရေးအင်အားစု များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား-

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ ယခုလို မြန်မာပြည်သူအပေါင်းလွတ်လပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အာဇာ နည်ကြီးများဟာ အသက်နှင့်ရင်းနှီးပြီး နောင်လာနောက်သားများကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော မြန်မာနိုင်ငံကို အခိုင်အခန့် တညီတညွတ် တည် ထောင်ရန် သန္နိဋ္ဌာန်ချမှတ်ပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများကို အခြေပြုကာ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္နဋ္ဌာန်ချ၍လည်းကောင်း၊ လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ လွတ်လပ်စွာတွေးကြံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသား ဖော်ပြနိုင်မှု၊ လွတ်လပ်စွာ ယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှုစသည်ဖြင့် လူ့အခွင့်အရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ထောင်ရေးတို့ကို အာမခံလျက် နောင်လာနောက်သားများကို အမွေချန်ထား အပ်နှင်း ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံဟာ လွတ်လပ်ခွင့်တွေကို ခံစားနိုင်သည်နှင့်အညီ ကမ္ဘာနှင့် ရင်ဘောင်တန်းလျက် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လွှတ်တော်အတွင်း ဆွေးနွေးချက်များကို တိုင်းပြည် ပြိုကွဲတော့မည်ဟု အကြောင်းပြလျက် အာဏာငန်းဖမ်းနေသည့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် စစ်အုပ်စုတစ်ခုက အာဏာသိမ်းခဲ့ပါတယ်။

ထိုအချိန်မှစ၍ မြန်မာပြည်မှာ လူအခွင့်အရေး ဒီမိုကရေစီအရေးများ ဆိတ်သုဉ်းသွားပြီဆို တာ ပြည်သူအပေါင်းက သိရှိခံစားခဲ့ကြပြီး ၁၉၆၂ ခုနှစ်မှစ၍ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အပေါင်းက ရသည့်အခွင့်အရေးများကို အသုံးချလျက် ငြိမ်းချမ်းစွာ စဉ်ဆက်မပြတ် ဆန္ဒပြ တိုက်ပွဲဝင် ခဲ့ကြပါသည်။

၁၉၈၈ ခုနှစ်မှာတော့ ဆိုရှယ်လစ် စီးပွားရေးစနစ် ကျဆုံးခဲ့တဲ့အတွက် ပြည်သူအပေါင်း အထွေထွေကျပ်တည်းမှုကြီး ဖြစ်ပေါ်ပြီး နိုင်ငံတဝှမ်း လူထုဆန္ဒပြတောင်းဆိုပွဲများ ပေါ်ပေါက်လာကာ တပါတီအာဏာရှင်စနစ်ပွဲသိမ်းရန် တောင်းဆိုပွဲများ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့ပါတယ်။ သို့သော် အာဏာ ရှင် ဦးနေဝင်းကတော့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျက်နှာ မကြည့်ဘဲ အာဏာတည်မြဲရေးအတွက် လူ့အခွင့် အရေး ချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများ ကျူးလွန်ရင်း နောက်ထပ် အာဏာရှင်တစု ထပ်မံမွေးဖွား ပေးခဲ့ပြန်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို နာဂစ်မုန်တိုင်းအတွင်းမှာပဲ အတင်းအကြပ်ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံသည်ပင် တရားဝင်မှုမရှိသော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည်ပြန်လည် ထူထောင်ရေးတို့ဟာ အရေးကြီးလိုအပ်လာသည့်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၅-၂၀၂၀ ရွေးကောက်ပွဲမှာ လူထု ထောက်ခံမှု အများဆုံးရရှိပြီး  သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ပြီး နိုင်ငံတော်တာဝန်များ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခေါင်းဆောင်မှု အရည်အချင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး၊ လွတ်လပ်သည့် ဈေးကွက်ဖော်ဆောင်ရေးတို့ တည်ဆောက် အောင်မြင်မှုရှိသောကြောင့် ပြည်သူအပေါင်းကလည်း ၂၀၂၀ ရွေးကောက်ပွဲ တခဲနက် ထောက်ခံပြီး ပြည်သူ့ဆန္ဒသဘောထား ဖော်ပြခဲ့ကြပါသည်။

စစ်အာဏာရှင်တို့ အစဉ်အလာအတိုင်း တိုင်းပြည်တိုးတက်လာခြင်း၊ ပြည်သူလူထု အသိ အမြင်၊ အတွေးအခေါ် မြင့်မားလာခြင်းဟာ ၎င်းတို့အတွက် ကိုယ်ကျိုးစီးပွားနဲ့ ဥပဒေမဲ့ လုပ်ဆောင်နေ မှုတွေကို အတားအဆီး ဖြစ်နေတာကို သိရှိကြတဲ့အတွက် ၂၀၂၁ ခုနှစ်မှာ လူထုရွေးကောက်တင်မြှောက် ခဲ့တဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့အစိုးရကို ပြောင်ပြောင်တင်းတင်း အဓမ္မ အာဏာသိမ်းခဲ့ပြန်ပါတယ်။

နာယကကြီးခင်ဗျား-

ယနေ့အချိန်မှာတော့ အားလုံးသိမြင်နေကြသည့်အတိုင်းပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရလက်ထက်မှာ တားဆီးနှိမ်နှင်းခဲ့တဲ့ ကျားဖြန့် (Scan Center) များဟာ အကြမ်းဖက် စ.က.စ၏ ဝင်ငွေရလမ်းတစ်ခု ဖြစ်နေပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာပင် (၁၂.၅) ဘီလီယံ ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုများမှာလည်း မြန်မာပြည်သည် ကမ္ဘာ့အဆင့် (၁) ဖြစ်နေပါပြီ။

မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့သည့် (၁၉-၂-၂၀၂၁) ရက်နေ့မှစ၍ ယနေ့အထိ တိုင်းသူပြည်သား အပေါင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှု၊ နေအိမ်များမီးရှို့မှု၊ စာသင် ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများပါမကျန် မီးရှို့ဖျက်ဆီးမှု၊ တွေ့ရာလူများ ကလေးများပါမကျန် ရက်စက်စွာ သတ်ဖြတ်ခံနေရသောကြောင့် ပြေးလွှားတိမ်းရှောင်ရင်း အသက် ရှင်သန်ခဲ့ကြရပါတယ်။

(၃.၆) သန်းသော ပြည်သူများကတော့ အဝေးရပ်များတွင် တိမ်းရှောင်နေကြရသည့်အတွက် ပြင်ပထောက်ပံ့မှုမရှိဘဲ ရှင်သန်ဖို့ ခက်ခဲနေကြပါတယ်။ AAPP အဖွဲ့ရဲ့ စာရင်းများအရ အကြမ်းဖက် စစ်တပ်ကြောင့် သေဆုံးသူ အတည်ပြုပြီးဦးရေ (၇,၈၅၆)ဦးရှိပြီး၊ အတည်ပြုရန် လိုအပ်နေဆဲ သေဆုံး သူဦးရေ (၄,၆၀၀) ခန့် ရှိပါတယ်။ ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ပြည်သူသေဆုံးမှုနှုန်းမှာ ပိုမိုမြင့်တက်လျက်ရှိရာ AAPP ၏ မှတ်တမ်းအရ မတ်လ ပထမအပတ်အတွင်း အရပ်သား အနည်းဆုံး (၈၆) ဦးဝန်းကျင် သေဆုံးခဲ့သည်။ မတ်လ ၉ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရသူဦးရေ စုစုပေါင်း (၃၀,၅၈၁) ဦး ရှိပါတယ်။ လူ့အခွင့် အရေး ချိုးဖောက်မှုမှာ မရေမတွက်နိုင်အောင် များပြားနေပြီ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ နိုင်ငံတကာ၏ အကူအညီပေးမှု၊ ပြည်သူအပေါင်း ခုခံတော်လှန်နေကြ သည့် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတို့ကြောင့် စစ်အာဏာရှင့် စ.က.စနှင့် အပေါင်းအပါများဟာ ပြိုကျတော့မည့် အိမ်အိုကြီးလို၊ အစာမစားတော့သည့် ကျားအိုကြီးလို မောပန်းချိနဲ့နေပါပြီ။

ဒီအတွက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ၊ ASEAN၊ ဥရောပသမဂ္ဂနှင့် အကူအညီပေးနေကြသည့် နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့ကို ကျွန်တော်တို့ မြန်မာပြည်သူ များကလည်း အထူးကျေးဇူးတင်လျက် ရှိကြပါတယ်။ အားကိုးသမှုလည်း ရှိကြပါတယ်။ သို့သော် ပေးအပ်သည့်အကူအညီများကလည်း မြန်မာပြည်သူများအတွက် စစ်မှန်တဲ့လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခံစားနိုင်မယ့် စနစ်တစ်ခု၊ အချိန်တစ်ခုကို ရောက်ရှိစေဖို့ကိုသာ လေးလေး နက်နက် ထောက်ခံကူညီကြပါရန် လေးစားစွာ တိုက်တွန်းလိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ၎င်းတို့ တရားဝင်မှုရဖို့ ဟန်ပြလုပ်ကြံဖန်တီးထားတဲ့ လွတ်တော် ဖြစ်စေ၊ အစိုးရဖြစ်စေ ဘယ်လို အာဏာတည်မြဲရေး အစီအမံပဲ ဖြစ်ပါစေ၊ မြန်မာ့ပြဿနာကို ငြိမ်းစေ မယ့်၊ အကြမ်းဖက်မှုများကို ရပ်တန့်စေမယ့်အစီအမံ၊ ကြိုးပမ်းမှုမဟုတ်ဘူးဆိုတာ အထူး အသိပေးလို ပါတယ်။

လက်ရှိပြဿနာတွေကို ကြီးထွားစေဖို့ဖြစ်သလို မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှု များကို တိုးမြင့်လုပ်ဆောင်ဖို့ တရားဝင်လူသတ်လိုင်စင်ကိုရယူဖို့ ကြိုးစားနေခြင်း ဖြစ်ပါတယ်။ ဒီလို လူမဆန်တဲ့ စစ်အာဏာရှင်တွေက တရားမဝင် တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်ထားနေခြင်း ဟာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုစီးပွားကိုသာ ဆိုးရွားစေတာမဟုတ်ဘဲ ဒေသတွင်းနှင့် နိုင်ငံ တကာ အကျိုးစီးပွား၊ နိုင်ငံတကာပြည်သူတို့ရဲ့ လုံခြုံရေးကိုလည်း ကြီးကြီးမားမား သက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံများသို့ နေရပ်စွန်ခွာထွက်ပြေးစေရန် လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှုတွေကို ဆက်လက် လုပ်ဆောင်နေသလို ကမ္ဘာ့နိုင်ငံသူ/နိုင်ငံသားတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်)လုပ်ငန်းတွေဟာလည်း အကြမ်းဖက်စစ်တပ်နဲ့ မိတ်ဖက်လက်နက်ကိုင်အုပ်စုများက နေရာ ပြောင်းရွှေ့ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာချုပ်ကိုင်ထား မှု ရှိနေသလို မငြိမ်းချမ်းနိုင်သလို ဒေသတွင်းတည်ငြိမ်းရေးနဲ့ လုံခြုံရေးဟာလည်း ထိခိုက်နေရအုံးမှာ ဖြစ်ပါတယ်။

အထူးအရေးအပါဆုံးမှာ မြန်မာ့လက်ရှိ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့ဆိုတာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားပြည်သူများက ထောက်ခံယုံကြည်လေးစားရတဲ့ ပုဂ္ဂိုလ်များက ဦးဆောင် ဦးရွက်ပြု ပါဝင်ဖို့ အထူးလိုအပ်ပါတယ်။ စစ်မှန်တဲ့ အပြောင်းအလဲ၊ ညင်သာတဲ့ အကူးအပြောင်းကို အမှန်ဖော်ဆောင်နိုင်ဖို့ အာဆီယံနဲ့ ကုလသမဂ္ဂတို့က တောင်းဆိုထားသလိုပဲ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်။

သို့ပါသောကြောင့် ICJ, ICC ကမ္ဘာ့အဖွဲ့အစည်းများ၊ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန် တို့ အပါအဝင် ဒီမိုကရေစီနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံအပေါင်းက နေ့စဉ်နှင့်အမျှ ခံစားနေရသည့် မြန်မာ ပြည်သူတို့ လွတ်မြောက်ရေး၊ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး တို့ကို ကူညီပံ့ပိုးသောအားဖြင့် စစ်အာဏာရှင်ကျဆုံးရေးအတွက် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ပေး ပါရန် တိုက်တွန်းလိုပါတယ်။ မြန်မာ့အရေး ဖြေရှင်းမှုကို မှန်ကန်ပြီး လက်တွေ့ကျတဲ့ အဖြေရှာမှုကို အလေးအနက်စဉ်းစားပြီး မြန်မာပြည်သူတို့၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်မှန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တော်လှန်ရေး ဆောင်ရွက် ကြသည့် အင်အားစုများကို ပံ့ပိုးကူညီများ ညီညီညွတ်ညွတ်ပေးအပ်ပြီး မြန်မာပြည်သူတို့နှင့်အတူ ဆက်လက်ရပ်တည်ပေးပါရန် လေးလေးနက်နက်တိုက်တွန်းရင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကလေး မဲဆန္ဒနယ်မှ ဒေါ်ရှားမီး တင်သွင်းသွားခဲ့သည့် ယခုအဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ပါ ကြောင်း ထောက်ခံရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ဒေါက်တာဝင်းအောင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ခင်ဦးမဲဆန္ဒနယ်

စစ်ကိုင်းဖက်ဒရယ်ယူနစ်

Scroll to Top