Home / ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းခဲ့သည့်အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ဝေမာလွင်၏ ထောက်ခံဆွေးနွေးမှု

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းခဲ့သည့်အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ဝေမာလွင်၏ ထောက်ခံဆွေးနွေးမှု

“နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် တရားဝင် အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက် လက်ကူညီပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုအား ထောက်ခံဆွေးနွေးခြင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ​ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် များ၊ အထူးဖိတ်ကြားထားသည့် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များနှင့် နိုင်ငံတကာ သံတမန်များ အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာပါစေလို့ လေးစားစွာနှုတ်ခွန်းဆက်ပါတယ်။

ကျွန်မကတော့ ဧရာဝတီဖက်ဒရယ်ယူနစ်၊ ဘိုကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝေမာလွင် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒီနေ့ကျင်းပပြုလုပ်တဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကလေးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းတဲ့ “နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်း များအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းကဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများ အား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံးအပြစ်ပေးအရေးယူနိုင်ရေးဆောင်ရွက်ပြီး မြန်မာနိုင်ငံ၌ ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ် ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးရှင့်၂၀၂၁ ခုနှစ် အ​ကြမ်းဖက်စစ်တပ်ရဲ့ မတရားအာဏာသိမ်းပြီးနောက်ပိုင်း ယခုအချိန်အထိ မြန်မာနိုင်ငံမှာ ​အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လေကြောင်း တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေခြင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ပညာရေးနဲ့ ကျန်းမာရေးစနစ်များကို ဖျက်ဆီးပစ်ခြင်း၊ ဆက်သွယ် ရေးဖြတ်တောက်ခြင်းများအပြင် အမျိုးမျိုးသော ပိတ်ပင်တားဆီးမှုများကို ၎င်းတို့စိတ်ကြိုက်ပြုလုပ်နိုင် မယ့် ဥပဒေတွေကိုချမှတ်ခြင်းအပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်သူ လူထုအပေါ် ပြောင်​ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက အယောင်ပြပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ ဟာ “ဒီမိုကရေစီပြန်လည်ထူထောင်ရေး” လို့ပြောထားပေမယ့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများအပြင် နိုင်ငံတကာအစိုးရများကလည်း ၎င်းတို့ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပေါ် “ပြည်သူလူထုက အသိအမှတ်ပြုထားတဲ့ တရားဝင်ပြီး လွတ်လပ်တူညီသော မဲဆန္ဒရှင်များ၏ အခြေခံအခွင့်အရေးကိုချိုးဖောက်ကာ ပါတီများနှင့် လွတ်လပ်သော ရွေးကောက်ပွဲ အဖွဲ့များကို ဖယ်ထုတ်ထားပြီး စနစ်တကျပြင်ဆင်ဆောင်ရွက်ထားတဲ့ လွတ်လပ်​၊ တရားမျှတမှုမရှိသော အတုအယောင်ရွေးကောက်ပွဲ” ဖြစ်ပြီး  အသိအမှတ်မပြုကြောင်း၊  ရွေးကောက်ပွဲအမည်ခံ လုပ်ငန်းစဉ် တွေကလည်း တရားမျှတမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီစံနှုန်းတွေနဲ့လည်း ကိုက်ညီမှုမရှိတဲ့အပြင် စစ်အာဏာကို တရားဝင် ဆက်လက်တည်မြဲစေဖို့အတွက်သာ ရည်ရွယ်တဲ့ အတုအယောင် ရွေးကောက်ပွဲဆိုတာကို ထုတ်ပြန်ပြောဆိုထားကြပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးရှင့်။

ဒါ့ကြောင့် နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ အကြမ်းဖက် စစ်အုပ်စုနဲ့ ၎င်းက ဆက်လက်ဖွဲ့စည်းမယ့် တရားမဝင်အဖွဲ့အစည်းများကို မည်သည့်နိုင်ငံရေး၊ သံတမန် ရေးနှင့် စီးပွားရေးဆိုင်ရာ မည်သည့်ဆက်သွယ်ဆောင်ရွက်မှုမျိုးကိုမဆို အသိအမှတ်ပြု ဆက်ဆံခြင်း မပြုလုပ်ကြရန် ဆက်လက်တိုက်တွန်းဖို့ အထူးလိုအပ်လျက်ရှိပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းမှု ကြိုးပမ်းခြင်းဟာ (၅) နှစ်တိုင်ရှိ ခဲ့ပြီဖြစ်သော်လည်း အထမြောက်အောင်မြင်မှုမရှိသည့်အပြင် ဒီ (၅) နှစ်တာကာလအတွင်း စစ်ကိုင်း တိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတဝှမ်းတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၁၀,၆၅၁) ကြိမ်ထက်မနည်း၊ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း (၅၄၁) ကြိမ်ထက်မနည်း​ကို ကျူးလွန်ခဲ့ပါတယ်။

ဒီလိုမျိုး လူသားမျိုးနွယ်အပေါ် ပစ်မှတ်ထားပြီး ကျူးလွန်နေတဲ့ တရားလက်လွတ် လူမျိုးတုန်း သတ်ဖြတ်မှုများအပါအဝင် စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာရာဇဝတ်မှုများကို ဆက်လက်ကျူးလွန် နေဆဲဖြစ်ပါတယ်။

ဒါ့ကြောင့် အာဆီယံနဲ့နိုင်ငံတကာကချမှတ်ထားတဲ့ မူဝါဒတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြားထဲကမှ ပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်လျက်ရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများကို နိုင်ငံတကာဥပဒေအရ အမြန်ဆုံး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိစေရန်လည်း ပိုမိုထိရောက်သော အရေးယူဆောင်ရွက်ပေးမှုများကို တိုက်တွန်းတောင်းဆိုသွားရန်လိုအပ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးရှင့်။

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးစွမ်းရည်တွေကို အထောက်အကူပြုနေတဲ့ လေယာဉ်ဆီ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းများအပြင် လက်နက်ပစ္စည်းများနှင့် ဘဏ္ဍာရေး အရင်း အမြစ်များကို ဖြတ်တောက်နိုင်ရန် ပိုမိုတင်းကျပ်သော အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ် ဆောင်ရွက်နိုင်ရန်လည်း နိုင်ငံတကာကို တိုက်တွန်းသင့်ပါတယ်။

မြန်မာနိုင်ငံမှာ ထာဝရတည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက်  ပြည်သူလူထုက အသိအမှတ်ပြုထားတဲ့ တရားဝင်ကိုယ်စားပြုအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများကိုသာ နိုင်ငံရေး၊ သံတမန်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ဆက်လက် ကူညီပံ့ပိုးပေးရန်လည်း တောင်းဆိုတိုက်တွန်းပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံတစ်ခုအဖြစ် ဖော်ဆောင်နေ တဲ့အချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများဖြစ်ကြသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ အခြားသော တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန်ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစွာတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် မှာလည်း လွန်စွာအရေးကြီးနေတဲ့အချိန်ကာလဖြစ်နေပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးရှင့်။

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စား၊ ကျွန်မအနေဖြင့် “နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းကဆက်လက်ဖွဲ့စည်းမည့် တရား မဝင် အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံးအပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေး ပြီး မြန်မာနိုင်ငံ၌ ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက် ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီ တညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုကို အလေးအနက် ထောက်ခံပါ ကြောင်း ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Scroll to Top