Home / ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းခဲ့သည့်အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း၏ ထောက်ခံဆွေးနွေးမှု

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းခဲ့သည့်အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း၏ ထောက်ခံဆွေးနွေးမှု

“နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် တရားဝင် အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက် လက်ကူညီပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုအား ထောက်ခံဆွေးနွေးခြင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်

               ယနေ့ကျင်းပပြုလုပ်သည့် နဝမအကြိမ်အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားတဲ့ ပြည်တွင်း/ ပြည်ပမှ ဧည့်သည်တော်များ၊ နိုင်ငံတကာသံတမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုနေကြတဲ့ ပြည်သူပြည်သားအားလုံး မင်္ဂလာပါလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။

               ကျွန်မကတော့ ပဲခူးဖက်ဒရယ်ယူနစ်၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီဒွန်း ဖြစ်ပါတယ်ရှင့်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များရှင့်။

               ကျွန်မအနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီး တင်သွင်းတဲ့ “နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေ ဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံးအပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ် ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်းပြီး အလေးအနက် ထောက်ခံဆွေးနွေးသွား မှာပဲဖြစ်ပါတယ်ရှင့်။

               ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက တရားမဝင် နိုင်ငံတော် ၏ အာဏာကို အကြမ်းဖက်သိမ်းယူခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်ကြီးများအပါအဝင် နိုင်ငံရေးခေါင်းဆောင် များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို အတင်းအဓမ္မ လက်နက်အားကိုးဖြင့် မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ လူသားမျိုးနွယ်အပေါ် ပစ်မှတ်ထားသည့် တရားဥပဒေမဲ့ အစုလိုက်အပြုံလိုက် လူမျိုး သုဉ်းသတ်ဖြတ်ခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍစနစ်တစ်ခုလုံးကို ကမောက်ကမဖြစ်အောင်ပြုလုပ်ခြင်း၊ ဆက်သွယ် ရေးကို အလုံးစုံ ထိန်းချုပ်ကန့်သတ်ခြင်း စသည့် ပြည်သူလူထုတစ်ရပ်လုံးအပေါ် လူမဆန်သည့် ကြောက်မက်ဖွယ်ကောင်းသော လူ့အခွင့်အရေးချိုးဖောက်မှု အကြမ်းဖက်လုပ်ရပ်ပေါင်းများစွာကို ပြောင်ပြောင်တင်းတင်း ဆက်လက်လုပ်ဆောင်နေခဲ့သည်မှာ ၅ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။

လေးစားအပ်ပါသော နာယကကြီးရှင့်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ခဲ့သည့် မတရားအာဏာသိမ်း မှုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း၌ တောက်လောင်ခဲ့ရသော ပြည်တွင်းစစ်မီးသည် ပိုမိုအားကောင်းလာ ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကိုပါ ထိန်းချုပ်မရအောင် ကျဆင်းစေခဲ့ပါသည်။ ထို့အပြင် နိုင်ငံ၏ နယ်စပ်ဒေသ များတွင် ကမ္ဘာကပါ သတိပြုမိစေလောက်သည့် တရားမဝင် ကျားဖြန့်အွန်လိုင်းငွေကြေးလိမ်လည်သည့် စခန်းများ ပျံ့နှံ့လာခဲ့ပါသည်။ ယခုလက်ရှိတွင်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်၊ စည်းစိမ်များကို မငဲ့ကွက်ဘဲ ၎င်းတို့ အကျိုးစီးပွားနှင့် အကြမ်းဖက်အာဏာကို ဆက်လက်ထိန်းသိမ်း နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၅,၀၄၁) မှု၊ တိုက်ခိုက်သည့် အကြိမ်အရေအတွက် စုစုပေါင်း (၁၀,၆၅၁) ကြိမ်နှင့် သေဆုံးသူ (၅,၀၇၅)ဦး၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း (၅၂၀) မှုနှင့် သေဆုံးသူ (၅,၅၀၅) ဦးထက်မနည်း​ရှိခဲ့ကြောင်းကို လူ့အခွင့်အ‌ရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ပြီးခဲ့သော မတ်လ ဆန်းပိုင်း တွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းက ကျေးရွာ (၃) ရွာကို အကြမ်းဖက် စစ်အုပ်စုက စစ်ကြောင်းထိုးပြီး ကလေးငယ် (၃) ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦး၊ သက်ကြီး ရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၃၀၀ ကျော် ကို ဖမ်းဆီးသွားတဲ့ စစ်ရာဇဝတ်မှုမြောက်သည့်ဖြစ်စဉ်များသည်လည်း အကြမ်းဖက်စစ်အာဏာရှင်တို့ ၏ လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်နေပါတယ်။ ၎င်းကဲ့သို့ လူသားမျိုးနွယ်စုတစ်ရပ်လုံးအပေါ် ပစ်မှတ်ထား ၍ စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာ ရာဇဝတ်မှုများကိုလည်း အာဆီယံနဲ့ နိုင်ငံတကာက ချမှတ်ထား တဲ့ မူဝါဒတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားထဲကမှ တရားလက်လွတ် ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

               ဒါ့အပြင် ပြည်သူလူထုတစ်ရပ်လုံးက အလေးအနက် ထောက်ခံအားပေးသော ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုကာ ပြည်သူလူထုက အသိအမှတ်ပြုထားသော တရားဝင်မဲဆန္ဒရှင် များ၊ ပါတီများနှင့် လွတ်လပ်သော ရွေးကောက်ပွဲအဖွဲ့များကို ဖယ်ထုတ်ကာ စနစ်တကျ အကွက်ချ ပြင်ဆင်ပုံဖော်ထားသည့်အပြင်  ၎င်းတို့၏ မတရားအာဏာကို ဆက်လက် သက်ဆိုးရှည်ရေးအတွက် ရည်ရွယ်ရေးဆွဲထားသော စည်းမျဉ်းဥပဒေများဖြင့် ကျင်းပပြုလုပ်ခွင့် မရှိသည့် အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ကို အပိုင်း (၃) ပိုင်းခွဲကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ တို့တွင် မဲလိမ်မဲခိုးခြင်း၊ အတင်းအကျပ်မဲများကို မတရားသောနည်းလမ်းများဖြင့် အတင်းအကျပ် ရယူ ခြင်းဖြင့် အယောင်ပြကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါရွေးကောက်ပွဲ၏ ရလဒ်သည်လည်း မျှော်မှန်း ထားသည့်အတိုင်း အကြမ်းဖက်စစ်အုပ်စုက ကျောထောက်နောက်ခံပြုပေးထားသော ပါတီကသာ အနိုင်ရရှိခဲ့ပါတယ်ဆိုတာကို အားလုံးလည်း သိရှိပြီး ဖြစ်မယ်ထင်ပါတယ်။

လေးစားအပ်ပါသော နာယကကြီးရှင့်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ကိုယ်စားပြုမှုမရှိသော လူထု ပါဝင်မှုအနည်းဆုံးဖြစ်သည့် အကြမ်းဖက်စစ်တပ်၏ ၂၀၂၆ ခုနှစ် ဟန်ပြရွေးကောက်ပွဲအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့အစည်းများကလည်း ရွေးကောက်ပွဲ၏ အပြင်အဆင်အားလုံးသည် ၎င်းတို့ စိတ်ကြိုက်တစ်ဖက်တည်း ထိန်းချုပ်ထားသော၊  နိုင်ငံတကာက သုံးသပ်သူများကို လွတ်လပ်စွာ စစ်ဆေးနိုင်စေခြင်းမရှိသည့် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိသော အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားကြပါ တယ်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက ကျင်းပခဲ့သည့် တရားမဝင် ရွေးကောက်ပွဲသည် ပြည်သူလူထု၏ လွတ်လပ်သောဆန္ဒကို ကိုယ်စားပြုခြင်းမရှိသည့်လုပ်ရပ်သာ ဖြစ်ပြီး နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်စီးစေသော လုပ်‌ဆောင်ချက်တစ်ရပ် ဖြစ်၍ အဆိုပါအတုအယောင်ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံပြီး ဖွဲ့စည်းရန် ကြိုးပမ်းနေသည့် ဟန်ပြလွှတ်တော်နှင့် မည်သည့်အဖွဲ့အစည်းများကိုမဆို တရားဝင်မှုမရှိသော အဖွဲ့အစည်းများသာ ဖြစ်ကြောင်းကို နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သံတမန်ရေးဆိုင်ရာ အဖွဲ့အစည်းများအား သတ်မှတ်ရန် တောင်းဆိုသင့်ပါတယ်။

                 ထို့အပြင် ပြည်သူလူထုတစ်ရပ်လုံးက ထောက်ခံအားပေးသည့် ၂၀၂၀ ခုနှစ်တွင် ကျင်းပ ပြုလုပ်ခဲ့သော စစ်မှန်၍ ပွင့်လင်းမြင်သာမှုရှိသော တရားဝင်‌ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက် တင်မြှောက်ထားသည့် ပြည်သူကိုကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုသာ နိုင်ငံ၏ တရားဝင် ကိုယ်စားပြုအဖွဲ့အဖြစ် နိုင်ငံ တကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုထားဆဲ ဖြစ်ပါတယ်။

                 ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံးကို ဆင်းရဲတွင်းနက် စေမည့် ကျရှုံးနိုင်ငံတစ်ခုအဖြစ် ဖော်ဆောင်နေသည့်အချိန်တွင် မြန်မာနိုင်ငံ၌ ထာဝရ တည်ငြိမ်အေးချမ်း ရေးအတွက် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစု များဖြစ်ကြသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများ အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်နေသည့် အချိန်ကာလဖြစ်နေပါတယ်။

လေးစားအပ်ပါသော နာယကကြီးရှင့်။

ဒါကြောင့် အဆိုရှင်၏ တိုက်တွန်းတောင်းဆိုချက်ဖြစ်တဲ့ –

               (က) “နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု က ပြုလုပ်ခဲ့သည့် အလိမ်အညာရွေးကောက်ပွဲမှတဆင့် ဖြစ်ပေါ်လာမည့် မည်သည့် တရားမဝင်လွှတ်တော်၊ မည်သည့်အတုအယောင်အစိုးရနှင့် မည်သည့်ဟန်ပြ အဖွဲ့ အစည်းကိုမဆို အသိအမှတ်မပြု‌ကြောင်း ငြင်းဆိုကြရန်နှင့် အမြန်ဆုံးအပြစ်ပေး အရေးယူနိုင်ရေးဆောင်ရွက်ပေးရန်၊

               (ခ)   မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်နှင့် လူ့အခွင့်အရေးများကို ပြန်လည်တည်ထောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက် စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန်၊ ယင်းအဖွဲ့အစည်းများနှင့် နိုင်ငံရေး၊ သံတမန်ရေး သို့မဟုတ် တရားဝင် ဆက်ဆံမှုများ မပြုလုပ်ကြရန်နှင့် ပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု များ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်အတွက် နိုင်ငံတကာတရားစီရင်ရေးစနစ်များမှတစ်ဆင့် စုံစမ်း စစ်ဆေးခြင်းနှင့် အရေးယူခြင်းများကို ဆောင်ရွက်ပေးရန်၊ အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံရန်၊ လူသား ချင်းစာနာထောက်ထားမှုအကူအညီနှင့် အထောက်အပံ့များကို နိုင်ငံရေးအကျိုးစီးပွား မပါဘဲ ပြည်သူများထံ တိုက်ရိုက်ရောက်ရှိနိုင်အောင် ဆောင်ရွက်ပေးကြရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန်။

ဆိုသည့် အချက်များကိုလည်း မိမိအနေနဲ့ အလေးအနက်ထောက်ခံကြောင်း တင်ပြရင်း အဆိုရှင်၏ အဆိုအား ထောက်ခံဆွေးနွေးတင်ပြအပ်ပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

            

ဒေါ်နီနီဒွန်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ပေါက်ခေါင်းမဲဆန္ဒနယ်

ပဲခူးဖက်ဒရယ်ယူနစ်

Scroll to Top