Home / “အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

လေးစားအပ်ပါသော နဝမအကြိမ်အစည်းအဝေးသို့ တက်ရောက်နေကြတဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စုဝန်ကြီး ချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားတဲ့ ပြည်တွင်းပြည်ပမှ အထူးဧည့်သည်တော်များ၊ နိုင်ငံတကာသံတမန်များ၊ လွှတ်တော်ကိုယ်စား လှယ်များနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ ပြည်သူပြည်သားအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းရှိကြပြီး ဘေးကင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ ပါတယ်။

ကျွန်တော်ကတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တင်သွင်းတဲ့ “အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလိမ်အညာ ရွေးကောက်ပွဲကတစ်ဆင့် အတုယောင် တရားမဝင်လွှတ်တော် ခေါ်ယူခြင်းနဲ့ ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်ထောင်စု လွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း တိုက်တွန်းပေးရန်” အဆိုကို ထောက်ခံဆွေးနွေး မှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များခင်ဗျာ။ အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များအား လက်နက်အားကိုးဖြင့် ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ကြပါတယ်။

အဲဒီနေ့ကစပြီး ပြည်သူ့အာဏာ ပြည်သူတွေပြန်ရဖို့အတွက် ပြည်သူများဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြတောင်းဆိုခဲ့ကြတာဟာ ကျွန်တော်တို့ တစ်နိုင်ငံလုံး တခဲနက်ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေရဲ့ လိုလားမှု၊ တောင်းဆိုချက်တွေကို မလိုက်နာတဲ့အပြင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ယခုအချိန်အထိလည်း ပြည်သူများကို ပစ်မှတ်ထားပြီး လူမဆန်စွာ အစုလိုက်အပြုံလိုက် စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်ဆောင် နေတာ ၅ နှစ်ကာလတိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြည်သူတစ်ရပ်လုံးတခဲနက် ရွေးချယ်တင်မြောက်ထားတဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နဲ့  ထွက်ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကို ချေဖျက်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အပိုင်း (၃) ပိုင်းနဲ့ အတုအယောင် အလိမ်အညာ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။

ဘာကြောင့် အတုအယောင် အလိမ်အညာ ရွေးကောက်ပွဲလို့ ပြောရလဲဆိုရင် ဥပမာ အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှာ (၃၇) မြို့နယ်ရှိပါတယ်။ မြို့နယ် ၃၀ ကျော်ဟာ မြို့နဲ့ မြို့ပတ်ဝန်းကျင်အနီးနားမှလွဲ၍ ၎င်းတို့ စိုးမိုးအုပ်ချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ မြို့ကြီးများမှလွဲ၍ ကျန်တဲ့မြို့နယ်အများစုက လူဦးရေဟာ မြို့နယ်တွင်းမှာ နေထိုင်ကြတာဖြစ်ပါတယ်။ စစ်ကိုင်း ဖက်ဒရယ်ယူနစ်ဟာ အကျယ်အဝန်းအားဖြင့် ၉၃,၇၀၄ Square Kilometre ရှိပြီး လူဦးရေအား ဖြင့် ၅ သန်း ၅ သိန်းကျော်နေထိုင်တာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေနဲ့ ကြည့်မယ် ဆိုရင် ၁၀ % ခန့်ရှိပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် လူဦးရေရဲ့ ၂၀ % ခန့်သာလျှင် မြို့နဲ့ အနီး တစ်ဝိုက်နဲ့ ၎င်းတို့စိုးမိုးတဲ့ နယ်မြေများမှာ ရှိပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာ အတုအယောင် ရွေးကောက်ပွဲအခြေအနေကို အကျဉ်းချုပ် တင်ပြပါမယ်။ ၂၈-၁၂-၂၀၂၅ မှာ အပိုင်း (၁) အဖြစ် (၁၂) မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု (၇၉၇) အုပ်စု ရှိပြီးတော့ (၃၃၇) အုပ်စုမှာ ကျင်းပနိုင်မယ်လို့ ခန့်မှန်းပြီး (၄၆၀) မှာ မကျင်းပနိုင်ဘူးလို့ Data For Myanmar မှ အချက်အလက်အရ တင်ပြအပ်ပါတယ်။ အားလုံးအနေဖြင့် ၄၂% သာ ကျင်းပနိုင်ခဲ့ပြီး အပိုင်း (၂) ၁၁-၁-၂၀၂၆ မှာ (၁၁) မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု (၅၀၅) အုပ်စုမှာ ကျင်းပနိုင်တယ်လို့ ယူဆပြီး ကျေးရွာအုပ်စု (၆၃) ခုမှာ ကျင်းပနိုင်မယ်လို့ ယူဆပြီး (၄၄၂) အုပ်စုကို မကျင်းပနိုင်ခဲ့ ဘဲ ၁၂% သာရှိသည်ကို ဖော်ပြထားပါတယ်။ အပိုင်း(၃) ၂၅-၁-၂၀၂၆ မှာ (၂) မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၉၀) မှာ ကျင်းပနိုင်တဲ့ ရပ်ကွက်/ကျေးရွာအုပ်စု (၄) ခုရှိပြီး မကျင်းပနိုင်သည့် အုပ်စု (၈၆) အုပ်စုရှိပြီး ၄% သာလျှင် ရှိပါတယ်။ မဲပေးသူရာခိုင်နှုန်းအနေဖြင့် ကြည့်မည်ဆိုလျှင် အပိုင်း (၁) မှာ (၁၂) မြို့နယ်ကျင်းပပြီး (၅) မြို့နယ်သာ အချက်အလက်လက်လှမ်းမှီတယ်လို့ ဖော်ပြထားပါတယ်။ မဲပေးခဲ့တဲ့ ရာခိုင်နှုန်း ခန့်မှန်းချက်မှာ ၃၃% မှ ၆၈% အထိ ပေးမည်ဟု ခန့်မှန်းပြီး ၅၀% ဟု ဖော်ပြထားပါတယ်။ အပိုင်း (၂) မှာ (၁၁) မြို့နယ်ကျင်းပပြီး (၅) မြို့နယ် အချက်အလက် လက်လှမ်းမှီခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၇% မှ ၉၇% အထိမဲပေးမည်ဟု ခန့်မှန်းပြီး ၄၅% လို့ ဖော်ပြထားပါတယ်။ အပိုင်း (၃) မှာ (၂) မြို့နယ်ကျင်းပပြီး လက်လှမ်းမီ သည့်မြို့နယ်မရှိဘဲ ခန့်မှန်းချက်လည်းမရှိ၊ မဲပေးနိုင်တဲ့ ရာခိုင်နှုန်းလည်းမရှိပါဘူး။ (၃၇) မြို့နယ် တွင် (၂၅) မြို့နယ်သာ ကျင်းပမည်ဆိုပေမယ့် အဲဒီ (၂၅) မြို့နယ်လုံးကို အောင်မြင်စွာ ကျင်းပ နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ နဲ့ ရလဒ်မဟုတ်နိုင်ပါဘူးဆိုတာ အားလုံးတွက်ဆလို့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေးကာလမှာထဲက ပြည်သူတွေဟာ NLD အရပ်သား အစိုးရကို တခဲနက်ထောက်ခံမှု ပြသရုံမကဘဲ မဲပေးသူအရေအတွက်ဟာလည်း မဲပေးခွင့်ရှိသူ အားလုံးနီးပါး မဲပေးကြပြီး၊ ၎င်းရလဒ်ကိုလည်း ယခုအချိန်အထိ အသိအမှတ်ပြုထားဆဲ ဖြစ်ပါ တယ်။ စစ်အုပ်စုရဲ့ အတုအယောင် အလိမ်အညာတွေဆိုတာ ပြည်သူတွေသိရှိသလို အသိအမှတ် ပြုမှုလည်းမရှိပါဘူး။ ပြည်သူ့ဆန္ဒနဲ့ တစ်ထပ်တည်းကျခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုပဲ ယနေ့အထိ ခိုင်ခိုင်မာမာ ကိုင်ဆွဲထားကြတာ တွေ့ရပါတယ်။

ဒါကြောင့် ပြည်သူ့ဆန္ဒနဲ့အညီ အဆိုရှင်ရဲ့ တိုက်တွန်းချက်များဖြစ်တဲ့ –

၁။ အကြိမ်းဖက်စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ ယင်းရွေးကောက်ပွဲရလဒ်နဲ့ ဖန်တီးထားသည့် အတုအယောင်လွှတ်တော်၊ ဟန်ပြ အစိုးရနှင့် မည်သည့်အဖွဲ့အစည်းကိုမှ အသိအမှတ်မပြုဘဲ ငြင်းဆိုပေးရန် –

၂။  ဒီမိုကရေစီ ပြည်လည်ရရှိရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သော တည်ငြိမ်ရေးတို့အတွက် အကြမ်းဖက်စစ်တပ်က ၎င်းတို့အာဏာ တည်မြဲရေး လုပ်ကြံဖန်တီးထားသော နိုင်ငံရေးအခင်းအကျင်းနှင့် ၎င်းတို့၏ တရားမဝင် အဖွဲ့အစည်းများကို ငြင်းပယ်ရန်နှင့် တရားဝင်မှုမပေးရန် အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းများအား တောင်းဆိုပေးရန်၊

 ဆိုတဲ့ အချက်နဲ့အတူ အဆိုကို လေးနက်စွာ ထောက်ခံဆွေးနွေးအပ်ပါသည်။

               အားလုံးကို ကျေးဇူးတင်ပါတယ်။

Scroll to Top