Home / “အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

ပြည်ထောင်စုလွှတ်တော် နာယကြီးနှင့်တကွ အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်ဖက်ဒရယ်ယူနစ်၊ မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေကျော် ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တင်သွင်းသော “အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာ ရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော် က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြု ကြောင်း ကြေညာပေးရန်” အဆိုနှင့်စပ်လျဉ်းပြီး ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော နာယကြီးခင်ဗျာ။     ရှစ်လေးလုံးအရေးတော်ပုံကာလ နောက်ပိုင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲ စတဲ့ ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုက “အချုပ်အခြာအာဏာဟာ ပြည်သူလူထု ထံမှ ဆင်းသက်တယ် ဆိုတဲ့ ဒီမိုကရေစီမူနှင့်အညီ ၎င်းတို့ရဲ့ သဘောဆန္ဒအရ လွှတ်တော် ကိုယ်စားလှယ်အသီးသီးအား စိတ်တိုင်းကျ၊ မဲပေးရွေးချယ်ခဲ့ခြင်းတွေကို ကြည့်ပါက “စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း” ကို တာဝန်ကျေစွာ၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသခဲ့ကြတာ တွေ့ရပါတယ်။  

လေးစားအပ်ပါသော နာယကြီးခင်ဗျာ။ မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်‌နေ့တွင် မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဟာ နိုင်ငံတကာက အသိအမှတ်ပြုခဲ့တဲ့ လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ အစဉ်အလာ အရဆိုရင် လွှတ်တော်ရွေးကောက်ပွဲအပြီး ရက်ပေါင်း – ၆၀ အတွင်း လွှတ်တော်ကို ခေါ်ယူ ဖွဲ့စည်း ပေးရမှာ  ဖြစ်ပါတယ်။ ဒါပေမယ့်  ကျင်းပပြီးခဲ့တဲ့ ၁၉၉၀ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီးကို တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲသာ ဖြစ်သကဲ့သို့ ပြောဆိုလာခဲ့ကြပါတယ်။ ဒါ့အပြင်  “ရွေးကောက်ပွဲတွင် အနိုင်ရရုံဖြင့် အာဏာ ၃ ရပ်ကို အလိုအလျောက်မရနိုင်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် သာ တာဝန်ရှိပါတယ်” လို့ နဝတစစ်အစိုးရက ဗလောင်းဗလဲ၊ ပြောင်းလဲပြောဆိုပြီးတော့၊ လွှတ်တော်ကိုလည်း ခေါ်ယူမ‌ပေးခဲ့ပါဘူး။ နဝတစစ်အစိုးရဟာ ၁၉၈၉ ခုနှစ်က ၎င်းတို့ ရေးဆွဲ ပြဋ္ဌာန်းခဲ့သော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၃ မှာပါတဲ့ “လွှတ်တော်ကို မဲဆန္ဒနယ် များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည် ဆိုတာကိုလည်း မသိတော့သလိုမျိုး လုပ်ခဲ့ကြပါတယ်။  အဲဒီလိုမျိုး ယုံကြည်စရာ တစ်ကွက်မှမရှိလှသော စစ်အစိုးရရဲ့ လုပ်ရပ်များကို ကြည့်ပါက ၎င်းတို့က “နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်” ဆိုပြီး၊ ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် ဆက်လက် ရှင်သန် ရပ်တည် နိုင်ရေးကိုသာ လုပ်ဆောင်သွားခဲ့ကြကြောင်း တွေ့ရပါတယ်။

လေးစားအပ်ပါသော နာယကြီးခင်ဗျာ။ ၂၀၁၅ ခု၊ နိုဝင်ဘာလ ၈ ရက်နေ့၊ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ကျင်းပခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူလူထု က လွတ်လပ်စွာ ရွေးချယ်မဲပေးခွင့်ရရှိလာမှုကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့ကြတဲ့အတွက် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီဟာ သောင်ပြို၊ ကမ်းပြို  အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၅ ခု ရွေးကောက်ပွဲအပြီး၊ အစိုးရတာဝန် အလွှဲအပြောင်းကာလနှင့် NLD အစိုးရ တာဝန်စတင်ယူချိန်တွေမှာလည်း အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  NLD အစိုးရရဲ့ သက်တမ်းက (၆) လ မကျော်နိုင်” ဟု ဝေဖန်သံများလည်း ရှိခဲ့ပါတယ်။ အဲဒီအချိန် ကာလကတည်းက စစ်အစိုးရဟာ ၎င်းတို့ ပြန်လည်အုပ်ချုပ်ခွင့်ရရှိရေးအတွက် အာဏာပြန်သိမ်း နိုင်ရန် အချိန်ယူကာ၊ ပြင်ဆင်စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

လေးစားအပ်ပါသော နာယကြီးခင်ဗျာ။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ကျင်းပခဲ့သည့်  ၂၀၂၀ ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲပေးခွင့်ရှိသူ ၃၈ သန်းကျော်ရှိသည့်အနက် ၂၇ သန်းကျော်က လာရောက်မဲပေးခဲ့ကြပါတယ်။ ပြည်ပရောက် မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား အများစုကလည်း သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများတွင် သွားရောက်၍ မဲပေးခဲ့ကြတာ တွေ့ရပါ တယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၈၇ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၆၀) ဦးတို့ ဝင်ရောက်၍ အရွေးချယ်ခံခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူလူထုက ကိုဗစ်ရောဂါကို အံတု၍ စည်းစနစ်ကျနစွာ မဲပေးခဲ့မှုများသည် နိုင်ငံတကာက စံပြု၊ အတုယူရလောက်အောင် ဖြစ်ခဲ့ ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်လည်း သက်ဆိုင်ရာဥပဒေများကို မလိုက် နာကြသည့်အတွက် မဲပေးသည့်လုပ်ငန်းစဉ် ရွှေ့ဆိုင်းခဲ့ရခြင်း၊ ရပ်ဆိုင်းခဲ့ရခြင်းများ မရှိသလောက် နည်းပါးခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ  ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့ ရလဒ်တွေကိုလည်းကောင်း၊ သက်ဆိုင်ရာ လွှတ်တော်အသီးသီး အတွက် တပ်မတော်သားကိုယ်စားလှယ်များ၏ စာရင်းတွေကိုလည်းကောင်း တရားဝင် ထုတ်ပြန် ကြေညာပေးခဲ့ပြီးသည့်အပြင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များထံသို့လည်း လွှတ်တော် ကိုယ်စားလှယ်အသိအမှတ်ပြုလွှာများကို ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ဒါတွေဟာ “မီးရှို့ဖျောက် ဖျက်သော်လည်း ဘယ်လိုမှ ပျောက်ပျက်မသွားနိုင်တဲ့ စစ်မှန်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအခင်းအကျင်း များနဲ့ သမိုင်းမှတ်တမ်းများ” သာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကြီးခင်ဗျာ။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ မှားယွင်းချွတ်ချော်မှုများနှင့် မဲမသမာမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကိစ္စဟာ    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌သာ တာဝန်ရှိပါတယ်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်  နေ့ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲထဲမှာ  “ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ကော်မရှင်-ဥပဒေများအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူ ဖြေရှင်းပေးမယ်” လို့ အတိအလင်းကြေညာထားပါလျက်နဲ့ အကြမ်းဖက် စစ်အုပ်စုဟာ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၎င်းတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ဆန့်ကျင်ချိုးဖောက်ကာ ရွေးကောက်ခံအစိုးရထံမှ နိုင်ငံတော်အာဏာကို မတရားသဖြင့်  သိမ်းယူ ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းယူခဲ့မှုအပေါ် ကျေနပ်မှုမရှိကြတဲ့အတွက် ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြလာတဲ့ ပြည်သူတွေကိုလည်း စစ်အုပ်စုက အကြမ်းဖက် ဖမ်းဆီး၊ ပစ်ခတ် သတ်ဖြတ်ခြင်းများဖြင့် စတင်ခဲ့ရာမှ ရွာလုံးကျွတ် မီးရှို့၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေး၊ ယဉ်ကျေးမှု အဆောက်အအုံတွေ၊ ဆေးရုံတွေ၊ စာသင်ခန်းတွေကို ယခုအချိန်အထိ ရည်ရွယ်ချက်ရှိရှိ အကြမ်း ဖက် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။  

လေးစားအပ်ပါသော နာယကြီးခင်ဗျာ။ အကြမ်းဖက်စစ်အုပ်စုဟာ မြို့နယ် (၈၀) ခန့်မှာ ဆောင်ရွက်ခဲ့သော ဟန်ပြသန်းခေါင်စာရင်းကောက်ယူခြင်း၊ နိုင်ငံတစ်ဝန်းလုံးတွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းများအပြင် ပြည်သူလူထုကို ခြိမ်းခြောက်၍ မဲထည့်ခိုင်းခြင်း၊ မဲရလဒ် များအား လိမ်လည်ခဲ့ခြင်း စတဲ့ မသမာသောနည်းလမ်းပေါင်းစုံ ဟန်ပြရွေးကောက်ပွဲကို နေရာ ဒေသ အနည်းငယ်မှာသာ အပိုင်းလိုက်ခွဲ၍ ကျင်းပခဲ့ကြပါတယ်။ အဆိုပါ အလိမ်အညာ ရွေးကောက်ပွဲဟာ လွတ်လပ်၍ တရားမျှတမှု ရှိခဲ့သော ၂၀၂၀ ခု ရွေးကောက်ပွဲ အခင်းအကျင်း၊  အခြေအနေများနဲ့ များစွာ ကွာခြားလှပါတယ်။ အဲဒီလို လွတ်လပ်မှုမရှိ၊ တရားမျှတမှုမရှိတဲ့ အတု အယောင်ရွေးကောက်ပွဲတွေကို ကျင်းပပြီးတဲ့နောက် အတုအယောင်လွှတ်တော်တွေကို ဆက်လက် ပြီး ဖန်တီးနေကြပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကြီးခင်ဗျာ။ အဆိုပါ ယုံကြည်စရာ တစ်ကွက်မှမရှိသော အကြမ်းဖက်စစ်အုပ်စုက ဖန်တီးတဲ့ ဟန်ပြရွေးကောက်ပွဲတွေနဲ့ လွှတ်တော် တွေဟာ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ အာဏာလိုအပ်ချက် ကို ဖြည့်ဆည်းပေးဖို့အတွက်သာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဒေါ်ဖြူဖြူသင်း တင်သွင်းသော “အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာ ရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကို မဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုကို ထောက်ခံဆွေးနွေးလိုက်ရပါတယ်။

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

Scroll to Top