Home / “အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ နိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြန်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြသော ဧည့်သည် တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ မကွေးဖက်ဒရယ်ယူနစ်၊ စေတုတ္တရာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင် ဖြစ်ပါတယ်။ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ အဆိုကို ကျွန်တော့အနေနဲ့ ထောက်ခံဆွေးနွေး သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြုခဲ့ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ ကို သောင်ပြိုကမ်းပြို မဲပေးရွေးချယ်ခဲ့ကြပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း တရားဝင် အနိုင် ရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်ပေမယ့် စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ နိုင်ငံတော် အာဏာကို အဓမ္မအကြမ်းဖက်လုယူကာ တိုင်းပြည်ကို ငရဲတွင်းထဲတွန်းချခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ကာချုပ်က မကြိုက်တိုင်း အစိုးရအဖွဲ့ အကြီးအကဲတွေကို ဖမ်းဆီးဖြုတ်ချပြီး သူ့စိတ်ကြိုက် ရွေးကောက်ပွဲပြန်လုပ်၊ သူပဲသမ္မတလုပ်မယ်ဆိုတဲ့လုပ်ရပ်ကို ကမ္ဘာကဒီနေ့ထိတိုင် လက်မခံခဲ့တာ အထင်အရှားပါ။ ပြည်သူရွေးချယ်ထားတဲ့ နိုင်ငံတော် အစိုးရကို လက်နက်အားကိုး ဖြုတ်ချ အဓမ္မအာဏာသိမ်းယူထားတဲ့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်သူ ရာဇဝတ်သားတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခွင့်အာဏာမရှိပါဘူး။

မတရာအာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်း စစ်မီးတွေတဟုန်းဟုန်း တောက်လောင် နေချိန် အပြစ်မဲ့အရပ်သားပြည်သူတွေကို လေကြောင်းက ဗုံးကြဲ၊ ရွာတွေကို စစ်ကြောင်းထိုး သတ်ဖြတ်လုယက် မီးရှို့နေလို့ ပြည်သူသန်းပေါင်းများစွာ တောတောင်တွေထဲ စစ်ဘေးရှောင် ရင်း ငတ်ပြတ်ဆင်းရဲအတိ ဒုက္ခရောက်နေချိန် ငြိမ်းချမ်းတည်ငြိမ်မှုမရှိ ဥပဒေစိုးမိုးမှု ကင်းမဲ့ နေချိန် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို အတင်းအဓမ္မ ပြန်ပေးဆွဲငွေညှစ် ရှေ့တန်းပို့ အသေခံခိုင်းနေလို့ သားသည်မိခင်တွေ ရင်ကွဲပက်လက်ဖြစ်နေချိန်မှာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးထွက်ပေါက်ရှာတာဟာ အဖြေမဟုတ်ဘူးဆိုတာ ကမ္ဘာက လည်း အကြိမ်ကြိမ်ပယ်ချခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျာ။

နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ ICJ, ICC စတဲ့ နိုင်ငံတကာက အလိုရှိနေတဲ့ ဝရမ်းပြေးတစ်ယောက်က ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲဆိုတာဟာ အာဏာရှင်တည်းဟူသော ဆင်သေကို ဒီမိုကရေစီဆိတ်ရေနဲ့ဖုံးတဲ့ ကမ္ဘာကိုလှည့်ဖျားဖို့ ကြိုးစားတဲ့လုပ်ရပ်တစ်ခုမျှသာပါ။

ဒါကြောင့်လည် ဒီအလိမ်အညာရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုကြောင်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျ၊ နယ်သာလန် အစ ရှိတဲ့ ကမ္ဘာ့အဖွဲ့အစည်းအသီးသီး၊ ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်ပြန်ကြေညာပယ်ချခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအတုအယောင် ရွေးကောက်ပွဲဟာ For The People ပြည်သူ့အတွက်လား၊ သူတို့ အာဏာမြဲဖို့အတွက်လား၊ By The People ပြည်သူ့အသဲကြားကမဲ ၁ ပြားလား၊ မဲမသမာမှု တွေနဲ့ အကြောက်တရားအောက် ခြိမ်းခြောက်ပြီး ထည့်ခိုင်းတာလား၊ Of The People  ပြည်သူ့ အစိုးအရတစ်ရပ်လား၊ အလိမ်အညာလွှတ်တော်၊ အလိမ်အညာအစိုးရ ၁ ရပ်လား ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားလှပါတယ်ခင်ဗျာ။

ရွေးကောက်ပွဲတစ်ရပ်ရဲ့ စံနှုန်းတွေ ကင်းမဲနေတဲ့၊ တရားမျှတမှုတွေ ဆိတ်သုဉ်းနေ တဲ့၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ထုတ်ဖော်ခွင့်မရှိတဲ့၊ ခွင့်တူညီမျှမှုတွေ ပျောက်ဆုံး နေတဲ့ ပြည်သူတွေရဲ့ တက်ကြွစွာ ပါဝင်မှုမရှိတဲ့၊ နိုင်ငံတကာရဲ့ ထောက်ခံမှုမရှိတဲ့ အမည်ခံ ရွေးကောက်ပွဲ၊ မြန်မာ့သမိုင်းမှာ အရုပ်ဆိုးဆုံး အကျည်းတန်ဆုံး အလိမ်အညာ ရွေးကောက်ပွဲ တစ်ခုမျှသာ ဖြစ်ပါတယ်ခင်ဗျာ။

ပြည်သူချစ်တဲ့ခေါင်းဆောင်နဲ့ ပြည်သူတစ်ခဲနက် ထောက်ခံတဲ့ ပါတီကို ဖမ်းဆီး ထောင်ချ သတ်ဖြတ်ရှင်းလင်းပြီး ငါတို့တစ်ဖွဲ့၊ ငါတို့တစ်ပါတီထဲကို ဓားမိုးသေနတ်မိုး အတင်း အဓမ္မ ခြိမ်းခြောက်မဲထည့်ခိုင်းတဲ့ တရားမဲ့ ရွေးကောက်ပွဲတစ်ခုမျှာသာပါ။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ လွတ်လပ်ရေးဖခင်ကြီးတွေရဲ့ အသက်သွေးချွေးတွေနဲ့ ပေးဆပ်ရယူခဲ့တဲ့ လွတ်လပ်တဲ့ ဒီနိုင်ငံ တော်ကြီးကို ၁၉၆၂ ကစလို့ ၁ ဦး ၁ ယောက် ၁ စု ၁ ဖွဲ့ က “ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစား” ခဲ့ကြလို့ လူတစ်စု ဆယ်သက်စားမကုန် ချမ်းသာသွားချိန်မှာ နိုင်ငံကတော့၊ ပြည်သူ တစ်ရပ်လုံး ကတော့ ကျွန်စုပ်ပစ်တဲ့ သရက်စေ့ပမာ၊ တုံးအောက်ကဖားပမာ ပြားသထက်ပြား၊ ဆင်းရဲတွင်း နက်ကြရတယ်၊ နိုင်ငံလည်း ဘက်ပေါင်းစုံ ချွတ်ခြုံကျခဲ့ရပါပြီ။ မတော်မတရားရယူထားတဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့၊ အာဏာကို လက်မလွှတ်တမ်း မောင်ပိုင်စီးဖို့၊ နိုင်ငံတကာကို လှည့်ဖျားဖို့၊ အိမ်နီးချင်း နိုင်ငံကြီးရဲ့ ကြိုးကိုင်ချယ်လှယ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတစ်ခု သာဖြစ်ပါတယ်။

ပြည်သူဆိုတာ မရှိ၊ ရန်သူပဲ ရှိတယ်တဲ့။ ငါတို့ ရှုံးရင် တစ်တိုင်းပြည်လုံး ပြာချပစ်ခဲ့ မယ် ဆိုတဲ့ စစ်ကောင်ခေါင်းဆောင် တစ်ယောက်ရဲ့ ကြုံးဝါးသံနှင့်အတူ အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြနေတဲ့သူတွေထံက၊ ဒီရွေးကောက်ပွဲကတစ်ဆင့် ဘယ်လိုဒီမိုကရေစီ၊ ဘာ မျှော်လင့်စရာမှ ထွက်ပေါ်လာစရာ အကြောင်းမရှိတာ ပကတိတရားတစ်ရပ်ဖြစ်ပါတယ် ခင်ဗျာ။

ဆေးရုံ၊ ဆေးခန်းကို ဗုံးကြဲတယ်၊ စာသင်ကျောင်းကို ဗုံးကြဲတယ်၊ ဘုန်းကြီးကျောင်း တွေ၊ ဘုရားစေတီတွေကို ဗုံးကြဲတယ်၊ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတယ်၊ မင်္ဂလာဆောင်ပွဲ၊ အလှူပွဲ၊ မီးထွန်းပွဲ၊ စတိတ်ရှိုးပွဲမကျန်အောင် ဗုံးကြဲသတ်ဖြတ်တယ်၊ ရွာတွေကို စစ်ကြောင်း ထိုး၊ မီးရှို့၊ လုယက် သတ်ဖြတ်၊ မုဒိန်းကျင့်၊ ပြည်သူကို လူသားဒိုင်းအဖြစ် ဖမ်းဆီး၊ မြန်မာ့ သမိုင်းမှာ အဆိုးဝါးအရက်စက်ဆုံး တိုင်းပြည်နှင့် လူထုကို ဖိနှိပ်နေသူတွေထံက ဒီမိုကရေစီ ဆိုတဲ့ စကားကို တစ်ဖွဖွ ကြားနေရတာဟာ “ဟိုပါးစပ်က နတ်စကားထွက်” ဆိုသလို ကြားရ သူ နားဝမှာ မသက်သာ ဖြစ်ရပါတယ်။

စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အနေနဲ့ တိုင်းပြည်ဟာလည်း စုတ်ပြတ်သပ်သွား ခဲ့ပါပြီ။ မြန်မာ့ပဋိပက္ခဟာ ဒေသတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်လာနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချိမှုတွေ၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၊ ဆိုက်ဘာရာဇဝတ်မှုတွေရဲ့ ဗဟိုချက်မ ဖြစ်လာပါတယ်၊ နိုင်ငံဟာ Fail State ဆီကို ဦးတည်လာနေချိန်မှာ စစ်အုပ်စုကတော့ သူတို့ အာဏာတည်မြဲရေးအတွက် တိုင်းပြည်နှင့် လူမျိုးကို ချနင်းနေတာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိလာတဲ့ ပြည်သူ့ကိုယ်စားပြုမှု ဆိုတာ လက်နက်အားကိုး ချိုးဖျက်လို့ ရကောင်းတဲ့အရာ မဟုတ်ပါ၊ ပြည်သူ့ဆင့်လွှဲအာဏာကို ရထားကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ပြည်သူတွေ လိုလားတောင့်တကြတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့၊ အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ဖို့ နေရာဌာနအသီးသီးက နေ အသက်သွေးချွေးတွေ ရင်းနှီးပြီး ပြည်သူ့အကျိုး သယ်ပိုးလျက်ရှိပါတယ်၊ ဒီပြည်သူ့ မန်းဒိတ် ကြောင့်ပဲ ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ၎င်းတို့ ဖွဲ့စည်းထားတဲ့ CRPH ကို နိုင်ငံ တကာပါလီမန်များအဖွဲ့ IPU က တရားဝင် အသိအမှတ်ပြုထားသလို ကမ္ဘာ့ကုလသမဂ္ဂမှာ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ နိုင်ငံ့ ခေါင်းဆောင်တွေအဖြစ် လက်ခံထားတာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ယနေ့ မြန်မာ့နိုင်ငံရေးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ပြီး ဖြေရှင်းလို့ ပြေလည်စကောင်းသော အရာမဟုတ်ပါ။ ယနေ့ မြန်မာ့အရေးဟာ တစ်စုတစ်ဖွဲ့၊ တစ်ပါတီက ဖြေရှင်းလုပ်ဆောင်လို့ ပြေလည်မယ့် အရာလည်းမဟုတ်ပါ။ ဒါကြောင့် မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီနေရာကနေပြီးတော့ တောင်းဆိုလိုပါတယ်။ တိုင်းပြည်ကို ဒုက္ခပင်လယ်ဝေစေခဲ့တဲ့ အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် ဖယ်ရှားပြီး လွတ်လပ် ရေး ဖခင်းကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ ပင်လုံ ကတိကဝတ်အနဲ့အညီ တန်းတူညီမျှတဲ့ သာတူ ညီမျှတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အေးချမ်းသာယာဖွံ့ဖြိုးတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင် စုကြီး ပေါ်ထွန်းလာဖို့၊ NUG အစိုးရနဲ့အတူ တိုင်းရင်းသားတော်လှန်ရေး အင်းအားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးပေါင်းရုန်းပြီး တောင်တန်းမြေပြန့် မခွဲခြား၊ တသားတည်း သော စုစည်းညီညွတ်မှုနှင့် ပြိုင်တူရုန်းကြရမယ့် အခွင့်အခါကောင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ဖို့အတွက် အရေးကြီးပြီး သွေးစီးကြ ပါစို့လို့ တိုက်တွန်းရင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့် အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာ ပေးရန်” အဆိုနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက်ထောက်ခံရင်းနဲ့ နိဂုံး ချုပ်အပ်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

အရေးတော်ပုံ အောင်ကိုအောင်ရမည်။

Scroll to Top