“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်း ကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုအား ထောက်ခံဆွေးနွေးခြင်း
၁။ လေးစားအပ်ပါသော နဝမအကြိမ်အစည်းအဝေးသို့ တက်ရောက်နေကြတဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးဖိတ်ကြားထားတဲ့ ပြည်တွင်း/ ပြည်ပ အထူးဧည့်သည်တော်များ၊ နိုင်ငံတကာသံတမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ထုတ်လွှင်မှုအစီအစဉ်တွင် ကြည့်ရှုနေကြတဲ့ ပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပြီး ဘေးကင်းကြပါစေကြောင်း ဦးစွာပဏာမ ဆုတောင်းမေတ္တာ ပို့သ အပ်ပါတယ်ရှင်။
၂။ ကျွန်မကတော့ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ ဖြစ်ပါတယ်ရှင့်။
၃။ ကျွန်မအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တင်သွင်းတဲ့ “အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော် ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်ကဖွဲ့စည်းမည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုနှင့်စပ်လျဉ်းပြီး ထောက်ခံ ဆွေးနွေး သွားမှာပဲ ဖြစ်ပါတယ်ရှင့်။
၄။ အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များအား အတင်းအဓမ္မလက်နက်အားကိုးဖြင့် ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံးအပေါ် လူမဆန်သည့် ကြောက်မက်ဖွယ် ကောင်းသော လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် အကြမ်းဖက် လုပ်ရပ်ပေါင်းများစွာကို လုပ်ဆောင်ခဲ့သည်မှာ ၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
၅။ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ကို ချေဖျက်နိုင်ရန်နှင့် အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ရင်ဆိုင်နေရသော စစ်ရေး၊ နိုင်ငံရေး နှင့် အဘက်ဘက်က ကျပ်တည်းနေမှုကြီးကို ဖြေလျှော့နိုင်ရန် အကြမ်းဖက်စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် အပိုင်း ၃ ပိုင်းခွဲ၍ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်တယ်ဆိုတာကို အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ သို့သော် ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာများအရ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ရာခိုင်နှုန်း တစ်ဝက်ကျော်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ကြောင်းလည်း တွေ့ရှိရပါတယ်။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲသည် ၎င်းတို့ မျှော်မှန်းသကဲ့သို့ အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ သို့သော်ငြားလည်း အကြမ်းဖက်တို့၏ ထုံးစံ အတိုင်း အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင် လွှတ်တော်ခေါ်ယူ ရန် လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု ချယ်လှယ်ထားသည့် လွှတ်တော် သည် ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မည့်လွှတ်တော်မဟုတ်ဘဲ အာဏာရှင်ကို သက်ဆိုး ရှည်ပြီး ပြစ်ဒဏ်များမှ ကင်းလွတ်အောင် လုပ်ဆောင်ပေးမည့် လွှတ်တော်တစ်ရပ်သာ ဖြစ် ကြောင်း အားလုံးလည်း နားလည်ပြီးဖြစ်ပါတယ်။ အာဏာရှင်တို့၏ ထုံးစံဖြစ်သည့် ၎င်းတို့ ကြုံတွေ့နေရသော အကျပ်အတည်းများအတွက် နိုင်ငံရေးထွက်ပေါက်ကို ဖန်တီးခြင်းသာ ဖြစ် ပါတယ်။
၆။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင် အစိုးရ ကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပြီး အာဏာလုယူပြီး ၅ နှစ်အကြာတွင် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပ၍ ပြည်သူတစ်ရပ်လုံးအသိအမှတ်မပြုသည့် လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းနေပါတယ်။ ၎င်းတို့ ပြုလုပ်မည့် အတုအယောင်လွှတ်တော်နှင့် ပေါ်ထွက်လာမည့် အတုအယောင်အဖွဲ့အစည်းများကို တရားဝင်မှု၊ အသိအမှတ်ပြုမှုပေးလိုက်မယ်ဆိုရင် ယခု လက်ရှိ ဖြစ်ပေါ်နေသည့် လေကြောင်းတိုက်ခိုက်မှုများ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေမှု များကို တရားဝင်လုပ်ဆောင်ခွင့် ပြုလိုက်သည့် သဘောဖြစ်သွားနိုင်ပါတယ်။ မတ်လဆန်းပိုင်း က ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းက ကျေးရွာ (၃) ခုကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးပြီး ကလေးငယ် (၃) ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦး၊ သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ် ခဲ့ပြီး ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးသွားတဲ့ စစ်ရာဇဝတ်မှုမြောက်သည့် ဖြစ်စဉ်များသည် မရေမတွက်နိုင်အောင် များပြားလာနေပါပြီ။ ထို့ကြောင့် ၎င်းတို့သည် ပြည်တွင်းနှင့် နိုင်ငံတကာ ၏ အသိအမှတ်ပြုမှုနှင့် ထိုက်တန်သည့်အဖွဲ့အစည်းတစ်ရပ်မဖြစ်နိုင်ဘဲ အကြမ်းဖက် အဖွဲ့အစည်း သပ်သပ်သာ ဖြစ်နေမှာပဲဖြစ်ပါတယ်။
၇။ ထို့အတူ ၎င်းတို့သည် ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ အခွင့်အာဏာရှိတဲ့ တရားဝင် အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် တရားဝင်ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းနှင့် ထောက်ခံမှုမရှိကြောင်းကိုလည်း အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ထုတ်ပြန်ခဲ့ကြပါတယ်။ သို့သော်လည်း အကြမ်းဖက်စစ်အုပ်စုကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ပြည်သူ လူထုတစ်ရပ်လုံးကို ဆင်းရဲတွင်းထဲ တစ်စတစ်စ ဆွဲခေါ်နေသည်မှာ နိုင်ငံတွင်းဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။ သို့သော်လည်း ပြည်သူ လူထုအနေနဲ့က စစ်အုပ်စုကို အသိအမှတ်မပြုကြောင်း နည်းမျိုးစုံနဲ့ ပြသခဲ့သည့်အတွက်လည်း စစ်အုပ်စုအကြပ်ရိုက်နေရသည်မှာလည်း ယနေ့ထိတိုင်ပဲ ဖြစ်ပါတယ်။
၈။ ၂၀၂၀ ပြည်နှစ်ရွေးကောက်ပွဲရလဒ်ကနေ ထွက်ပေါ်လာတဲ့ စစ်မှန်သော ပြည်သူ ကိုယ်စားပြုမှုရရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်ပါတယ်။ ထို့အပြင် မတ်လ ၆ ရက်နေ့ နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြုလုပ်ခဲ့သည့် မြန်မာနဲ့ပတ်သက်တဲ့အစည်းအဝေးတွင် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စထရီဇာ လာဇာရို က မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အရေးတကြီးပေးဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ထို့ကြောင့် အာဆီယံအနေနဲ့လည်း မြန်မာပြည်သူတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူ့အခွင့် အရေးချိုးဖောက်ခံရမှုများနှင့် အခက်အခဲဒုက္ခမျိုးစုံကို သိမြင်ပြီး ဖြစ်တယ်လို့လည်း ယုံကြည် ပါတယ်ရှင့်။
၉။ ထို့ကြောင့် အဆိုရှင်တင်ပြခဲ့သည့်အတိုင်း မိမိတို့အနေနဲ့ ပြည်တွင်းနိုင်ငံရေး အခင်း အကျင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေရုံမျှမက နိုင်ငံတကာစင်မြင့်တွင်လည်း တရားဝင်ကိုယ်စားပြုခွင့်ရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို မျက်ဝါး ထင်ထင် တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ နည်းမျိုးစုံနဲ့ ပုံဖျက်မှုများ မအောင်မြင်ဘဲ အာဏာသိမ်းမှု ၅ နှစ်ကျော် ကြာမြင့်လာသည့်တိုင်အောင် မိမိတို့အနေနဲ့ ပြည်သူကို ဆက်လက်ကိုယ်စားပြုနေဆဲဖြစ်ပါတယ်။
၁၀။ ဒါကြောင့် အဆိုရှင်၏ တိုက်တွန်းတောင်းဆိုချက်ဖြစ်တဲ့
(က) အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲရလဒ်နဲ့ ယင်း ရွေးကောက်ပွဲရလဒ်နဲ့ ဖန်တီးသည့် အတုယောင်လွှတ်တော်၊ ဟန်ပြအစိုးရနှင့် မည်သည့်အဖွဲ့အစည်းကိုမှ အသိအမှတ်မပြုကြောင်း ကန့်ကွက်ပြီး ငြင်းဆိုရန်။
(ခ) ဒီမိုကရေစီပြန်လည်ရရှိရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သော တည်ငြိမ်ရေးတို့အတွက်၊ အကြမ်းဖက်စစ်တပ်က ၎င်းတို့အာဏာ တည်မြဲရေး လုပ်ကြံဖန်တီးထားသော နိုင်ငံရေးအခင်းအကျင်းနှင့် ၎င်းတို့၏ တရားမဝင် အဖွဲ့အစည်းများကို ငြင်းပယ်ရန်နှင့် တရားဝင်မှုမပေးရန် အာဆီယံ၊ ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုပေးရန်။
ဆိုသည့် အချက်များကိုလည်း မိမိအနေနဲ့ ထပ်ဆင့်ထောက်ခံကြောင်း လေးလေးနက်နက် တင်ပြရင်း အဆိုရှင်၏ အဆိုအား ထောက်ခံဆွေးနွေးတင်ပြအပ်ပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
ဒေါ်သီရိရတနာ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မဲဆန္ဒနယ်အမှတ်(၁၁)
မွန်ပြည်နယ်


