“မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့ အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ် ရေး အစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ ဦးဝင်းစွမ် (တာချီလိတ်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်) ၏ ဆွေးနွေးချက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
ဦးဝင်းစွမ် (တာချီလိတ်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်)။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ တာချီလိတ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအာကာမျိုးထက် တင်သွင်းခဲ့တဲ့ “မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းအားထုတ်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” ဆိုတဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်တပ်ဟာ မြောက်မြားစွာသော လူ့အခွင့်အရေးချိုးဖောက်မှု များ၊ အကြမ်းဖက်မှုများ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာစေခြင်းများကို ပြောင်ပြောင်တင်းတင်း ဆက်လက် ချိုးဖောက်လျက်ရှိပါတယ်။ ဒီနေ့ ဒီအချိန်အထိ AAPP ရဲ့ သတင်းအချက်အလက်များအရ ပြည်သူ (၇,၅၀၀) ကျော် သတ်ဖြတ်ခံထားရကာ ပြည်သူ (၃၀,၀၀၀) ကျော် မတရားဖမ်းဆီး ခံထားရပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မတရားဖမ်းဆီးခံရသည့် လူဦးရေ (၂၂,၆၀၀) ကျော်ဟာ အကြမ်းဖက် စစ်တပ်ရဲ့ လူမဆန်တဲ့ အကျဉ်းထောင်တွေထဲမှာ အဖမ်းဆီးအထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ နယ်မြေများနဲ့ စစ်အင်အားအလုံးအရင်း ဆုံးရှုံးနေတဲ့ စစ်တပ်ဟာ လူငယ်အမြောက်အမြားကို အဓမ္မစစ်မှုထမ်းခိုင်းရန်အတွက် ဖမ်းဆီးနေခြင်းကြောင့် အသက် ၁၈ နှစ်နှင့် အထက်ရှိ လူငယ်လူရွယ်အမြောက်အမြားဟာ လွတ်မြောက်နယ်မြေ များနှင့် အိမ်နီးချင်းနိုင်ငံများဆီသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
မကြာသေးမီ ရက်များအတွင်းက မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးကို လေကြောင်းဖြင့် တိုက်ခိုက် ခဲ့မှုကို ကြည့်လျှင် အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူများနှင့် ကလေးသူငယ်များကို ရည်ရွယ်ချက် ရှိရှိဖြင့် ပတ်မှတ်ထား တိုက်ခိုက်တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီလူမဆန်တဲ့လုပ်ရပ်ဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်များက လူနည်းစုတိုင်းရင်းသားများအပေါ် အကြောက်တရား ကြီးထွားလာစေဖို့အတွက် စနစ် တကျ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုများကို ထပ်လောင်းအတည်ပြုခြင်း ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတို့ကို အောင်မြင်အောင် ဆက်လက်ကြိုးပမ်းခြင်းကသာ စစ်အာဏာရှင်အဆက်ဆက်၏ လူမဆန်သော အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့ရသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် စစ်မှန်တဲ့တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်သလို မိမိတို့နိုင်ငံအတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်များဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်နိုင်ဖို့၊ ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရဖို့၊ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြီး တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ ကြိုးပမ်းနေချိန် ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေမှာ တက်လာတဲ့ သတင်းများအရ ပြည်ပရောက်မဲဆန္ဒရှင်တွေက ကြိုတင်မဲပေးခြင်းလုပ်ငန်းတွေမှာ လုံးဝပါဝင် ခြင်းမရှိဘဲ သူတို့ရဲ့ ဆန္ဒမဲနဲ့ တရားဝင်လူသတ်ခွင့်ကို ခွင့်မပြုဖို့ ညီညီညွတ်ညွတ် ထုတ်ဖော်နေကြပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ဖမ်းဆီးခံရမှာ ကြောက်တဲ့အတွက် မဖြစ်မနေမဲပေးကြရမယ့် ပြည်တွင်းက ပြည်သူတွေ ရှိပေမယ့် ပြည်သူတွေရဲ့ ဆန္ဒအမှန် မဟုတ်ဘူးဆိုတာ ထင်ရှားလှပါတယ်။ ကြောက်လို့ပေးရတဲ့ မဲသာ ဖြစ်ပါတယ်၊ ဒီမိုကရေစီ တွင်တွင်ပြောပြီး ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းကာ လူမှုမီဒီယာတွင် Like ပေး၊ share ပေးရုံနှင့် ဖမ်းဆီးထောင်ချမှုတွေ လုပ်ဆောင်နေပါတယ်။ တရားမဝင် အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာပြည်သူများကို ပြောင်ပြောင် တင်းတင်း သတ်ဖြတ်နိုင်ဖို့၊ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ ကြိုးပမ်းချက် တစ်ခုသာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ နာယကကြီး ခင်ဗျာ။ ယခုကာလမှာ ကမ္ဘာကြီးက အာရုံစိုက်လာတဲ့ မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေဟာ အကြမ်းဖက်စစ်တပ်နှင့် မိတ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုမှု၊ အကာအကွယ်ပေးမှု ရှိနေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ၎င်းတို့အတွက် ကြီးကြီးမားမား အကျိုး အမြတ်ရနေတဲ့ ဒီလုပ်ငန်းတွေကို ကမ္ဘာတဝှမ်းက ဖိအားပေးလာချိန်မှ တိုက်ဖျက်နေတာဟာ ဟန်ပြသက်သက် သာဖြစ်ပြီး ဒီကနေ့အထိတိုင် အဓိကပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိတာကို ကြည့်လျှင် ထင်ရှား ပေါ်လွင်လှပါတယ်။ ဒီလုပ်ငန်းတွေဟာ နိုင်ငံပေါင်း (၈၀) ကျော်က ပြည်သူများကို လူမှောင်ခိုကူးပြီး အတင်း အဓမ္မ အလုပ်စေခိုင်းခြင်းတို့ဖြင့် လည်ပတ်နေခြင်း ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာပြည်တွင်းက ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့မှုတွေဟာ စစ်ဗိုလ်ချုပ်တွေထံ အခွင့်အထူးတွေ၊ အာဏာတွေ ပေးထားတဲ့အတွက်ကြောင့် ဖြစ်ပြီး ယခု ဆိုလျှင် မြန်မာပြည်အတွက်သာမက ဒေသတွင်းတည်ငြိမ်ရေး၊ နိုင်ငံတကာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိုပါ ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျားဖြန့်လုပ်ငန်းတွေမှာ ဆိုးရွားစွာ ညှင်းဆဲနှိပ်စက်ခံရသူတွေထဲမှာ မိမိတို့ရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အိန္ဒိယပြည်သူ မြောက်မြားစွာ ပါဝင်တာကို တွေ့ရပါတယ်။ အလားတူ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်သူများ အနေနဲ့ အဆိုပါ ကျားဖြန့်လုပ်ငန်းတွေကြောင့် ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အဆိုရှင် ဦးအာကာမျိုးထက်ရဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံသလို အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ သက်ဆိုးရှည်စေမယ့် မည်သို့သော ပံ့ပိုးကူညီမှုများကိုမျှ မပြုလုပ်ကြရန် ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။ ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့၊ နိုင်ငံတကာပြည်သူတွေရဲ့ ဘဝ လုံခြုံစေဖို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် ဖျက်သိမ်းနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများကို ထိထိရောက်ရောက် ပံ့ပိုးကူညီပြီး ပူးပေါင်း ဆောင်ရွက်ပေးခြင်းကသာ မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွား၊ မိမိတို့ ပြည်သူတွေရဲ့ လုံခြုံမှုကို ပြည့်ပြည့်ဝဝ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆို လိုတာက –
(၁) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများကို အသိအမှတ်ပြုပြီး မြန်မာပြည်သူများ အတွက် ငြိမ်းချမ်းမှု၊ လွတ်လပ်မှုတို့နှင့်အတူ လူ့အခွင့်အရေးအပြည့်အဝ ရရှိသော အနာဂတ်သစ် ကို ဖန်တီးနိုင်ရေးအတွက် ရေရှည်ပံ့ပိုးကူညီမှုဖြင့် ပူးပေါင်းလုပ်ဆောင်ပေးရန်၊
(၂) စစ်အာဏာသိမ်းကတည်းက မတရားအကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ ချက်ချင်း အဆုံးသတ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များ၊ ၎င်းတို့၏ မိတ်ဖက် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပြီး အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင် ပေးရန်၊
(၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီးလိုအပ် နေသည့် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးအပ် ရန်၊
(၄) မြန်မာပြည်သူများ ခံစားနေရသည့် အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ နိုင်ငံတကာပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်ရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲပြီး ညီညွတ်သော အရေးယူဆောင်ရွက်မှုများ ပူးပေါင်းလုပ်ဆောင်ပေးပါရန်။
မိမိအနေနဲ့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းသို့ လေးလေးနက်နက် တောင်းဆိုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။


