Home / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခဲ့သည့် အဆိုနှင့်စပ်လျဉ်း၍ ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်၊ မကွေးတိုင်းဒေသကြီး) ၏ ဆွေးနွေးချက်

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခဲ့သည့် အဆိုနှင့်စပ်လျဉ်း၍ ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်၊ မကွေးတိုင်းဒေသကြီး) ၏ ဆွေးနွေးချက်

“မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့ အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ် ရေး အစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်၊  မကွေးတိုင်းဒေသကြီး) ၏ ဆွေးနွေးချက် 
 
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
 
ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်၊  မကွေးတိုင်းဒေသကြီး)။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များအားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ မကွေးဖက်ဒရယ်ယူနစ်၊ စေတုတ္တရာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်ပါ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအာကာမျိုးထက်ရဲ့ အဆိုကို ကျွန်တော့်အနေနဲ့ ထောက်ခံဆွေးနွေးသွားမှာပါ။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံကို ငရဲတွင်းထဲ ဆွဲချလိုက်သလို မြန်မာပြည်သူတွေကို ဒုက္ခပင်လယ်ဝေစေခဲ့ပါတယ်။ နိုင်ငံအနှံ့ သွေးချောင်းစီးပြီး မြို့တွေ၊ ရွာတွေ မီးဟုန်းဟုန်းတောက်ကာ ပြာပုံဘဝ ရောက်ခဲ့ရတယ်။ စစ်အုပ်စုဟာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း မချန်၊ ဒုက္ခသည်စခန်း၊ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းမချန် ပြည်သူကို ရန်သူလို သဘောထားပြီး ဗုံးကြဲသတ်ဖြတ် ရက်ရက်စက်စက် ချေမှုန်းနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
 
အကျိုးဆက်အနေနဲ့ ၃.၆ သန်းသော စစ်ရှောင်ပြည်သူတွေဟာ ရပ်တည်ရှင်သန်ရေး အတိဒုက္ခ ရောက်ကြရတယ်။ လူငယ်များစွာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးကြ၊ ထောင်ထဲရောက်ကြ၊ နိုင်ငံရပ်ခြား ထွက်ပြေးတိမ်းရှောင်ကြရတယ်။ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး မတည်ငြိမ်မှု၊ ဥပဒေ မစိုးမိုးမှုတွေနဲ့အတူ ကုန်ဈေးနှုန်း တွေတက်၊ အသက်မွေးမှုတွေ ခက်၊ ရာဇဝတ်မှုတွေ ထူပြောလာစေတယ်။ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ ငွေညှစ်၊ ၎င်းတို့အာဏာတည်မြဲဖို့ အသေခံခိုင်းနေတာဟာ သားသည်မိခင်တွေရဲ့ ရင်ကို ကွဲကြေလောင်မြိုက်စေပါတယ်။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ အခုဆိုရင် မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှု ကမ္ဘာ့အဆင့် (၁) ဖြစ်လာတယ်။ စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ ဩဇာခံလက်နက်ကိုင်တွေ ကျောထောက်နောက်ခံနဲ့ နိုင်ငံဟာ ကျားဖြန့်ဂိုဏ်း၊ ငွေလိမ်ဂိုဏ်း၊ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေရဲ့ ဗဟိုချက်မ ဖြစ်လာတယ်။ ငွေကြေးခဝါချမှု ကမ္ဘာမှာ အဆိုးဆုံး နံပါတ် ၁ ဖြစ်လာခဲ့တယ်။ ဒေသတွင်းမတည်ငြိမ်မှုသာမက နိုင်ငံတကာကိုပါ ခြိမ်းခြောက်တဲ့အဆင့်ကို ရောက်လာခဲ့ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ဆိုးဟာ မြန်မာပြည်သူတွေကိုသာမက ကမ္ဘာအဝှမ်းမှာ ဆိုးကျိုးတွေ သယ်ဆောင်လာနေတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ တွေ့မြင်နေရပါတယ်။
 
လေးစားအပ်ပါသော နာယကြီးခင်ဗျာ။ စစ်အုပ်စုက လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ ပဋိပက္ခတွေနဲ့ တိုင်းပြည်သွေးချောင်းစီးနေချိန်၊ တိုင်းပြည်မီးဟုန်းဟုန်းတောက်နေချိန်၊ ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်၊ စစ်ဘေးရှောင်တွေ အသက်လုထွက်ပြေးနေရချိန်၊ ဗုံးသံ အမြောက်သံကြားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲပါ။ နိုင်ငံဧရိယာရဲ့ ၃ ပုံ ၁ ပုံတောင် မပြည့်တဲ့ နေရာတွေမှာ ၃ ပိုင်းခွဲ ကျင်းပမှာပါ။ ပြည်သူချစ်တဲ့ ခေါင်းဆောင်နဲ့ ပြည်သူတခဲနက်ထောက်ခံခဲ့တဲ့ ပါတီကို သတ်ဖြတ်၊ ဖမ်းဆီး၊ ထောင်ချ၊ ဖယ်ရှား ရှင်းလင်းပြီး လုပ်တဲ့ ရွေးကောက်ပွဲပါ။
 
စစ်အာဏာရှင်တစ်စုက သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့၊ ကိုယ်ကျိုးစီးပွားအတွက် အာဏာကို မောင်ပိုင်စီးဖို့၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို သွေးဆောင်ဖို့လုပ်တဲ့ ဟန်ဆောင် ရွေးကောက်ပွဲဖြစ်ပါတယ်။ သူတို့ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေ/ဥအရပင် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသူတွေ၊ ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အာဏာမရှိသူတွေ ကျင်းပတဲ့ အလိမ်အညာ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေပြီး တိုင်းပြည်ကို fail state ဆီကို ဆွဲချသွားနိုင်ပါတယ်။
 
ရွေးကောက်ပွဲကို ဆန့်ကျင်ရင် နှစ်ရှည်ထောင်ဒဏ်မှ သေဒဏ်အထိချနိုင်တဲ့ မတရားဥပဒေတွေနဲ့ လူထုကို အဓမ္မခြိမ်းခြောက် ဖိနှိပ်မဲထည့်စေတာ တွေ့ရပါတယ်။ social media ပေါ်မှာ ရွေးကောက်ပွဲ ဝေဖန် မှုကို like and comment ပေးမိလို့ ထောင်ချခံရတဲ့ အနုပညာရှင်တွေ၊ ပြည်သူတွေ ၂၀၀ ကျော် ရှိခဲ့ပါပြီ။ နိုင်ငံတကာက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ တစ်ညီတစ်ညွတ် ထောက်ခံခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ မဲဆန္ဒနယ် (၁,၁၇၁) ခုအနက် (၁,၁၁၇) နယ်မြေ (၉၅.၃၈%) ကျင်းပနိုင်ခဲ့တယ်။ နိုင်ငံရေးပါတီ (၉၁) ခုမှ ကိုယ်စားလှယ်လောင်း (၅,၃၇၉) ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၂၆၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈.၂၇၁) သန်းကျော်မှာ (၇၁%) ကျော် မဲပေးခဲ့ပြီး NLD က (၈၁.၃၆%) အနိုင်ရရှိကာ လွှတ်တော်ကိုယ်စားလှယ် (၉၂၀) ဦး ရွေးချယ်ခံခဲ့ရတာနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ နံ့သာဆီနဲ့ မစင်ပမာ လွန်စွာမှ ကွာခြားလှပါတယ်။ 
 
စစ်အုပ်စုက နိုင်ငံပေါင်း (၅၀) ကျော်မှာ ဖွင့်လှစ်ထားတယ်ဆိုတဲ့ မဲရုံတွေဟာ တိတ်ဆိတ်ခြောက်ကပ်နေပြီး ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူလို မြန်မာလုပ်သား သိန်း၊ သန်းချီ ရှိတဲ့ နိုင်ငံတွေမှာတောင် ကြိုတင်မဲပေးသူဟာ မထင်မှတ်လောက်အောင် နည်းပါးနေတာကို တွေ့ကြရပါတယ်။ ဂျပန်နိုင်ငံ၊ ဖူကိုအိုကာ အခြေစိုက် JMFC ရဲ့ ဒီဇင်ဘာ ၈ ရက်နေ့ ထုတ်ပြန်တဲ့ စစ်တမ်းအရ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲရလဒ်ရဲ့ ၉၉% သည် တရားမဝင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်ဆုံး၊ လွတ်လပ်မှု၊ တရားမျှတမှု မရှိဆုံး၊ အများယုံကြည်လက်ခံမှု မရှိဆုံး ရွေးကောက်ပွဲလို့ ပြတ်သားစွာ ရှုတ်ချနေကြတာပါ။ သမိုင်းမှာ မြန်မာပြည်သူတွေဟာ စစ်တပ်နောက်ခံပြုတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကို လက်မခံဘူးဆိုတာ ၁၉၆၀ ရွေးကောက်ပွဲမှာကတည်းက ပြသခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း ပြတ်ပြတ်သားသား ပြသခဲ့ပြီးဖြစ်ပါတယ်။ 
 
လေးစားအပ်တဲ့ နာယကကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ စစ်အုပ်စုရဲ့ ဒီအတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ရင် လက်နက်ကိုင်စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခွင့်ရှိပြီး နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချနိုင်တယ်၊ အနိုင်ရပါတီကို ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ အစဉ်အလာကို အသိအမှတ်ပြုရာ ကျပါလိမ့်မယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ၊ ဥရောပပါလီမန်၊ နယူးဇီလန်လွှတ်တော်၊ အမေရိကန်လွှတ်တော်၊ အာဆီယံနဲ့ အခြားနိုင်ငံ (၂၀) ကျော်မှ လွှတ်တော် ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများက ဒီအတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု လက်မခံကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူ့ဆင့်လွှဲအာဏာ ရရှိထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ၎င်းက ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကိုသာ တရားဝင်အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
 
ဒီအတုအယောင်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းသာ ဖြစ်ပါတယ်။  နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာမှာ မြန်မာပြည်သူလူထုရဲ့ သဘောထားအမှန်ကို ရယူဆောင်ရွက်ခြင်းကသာ အဖြေမှန်ကို ရရှိစေမှာပါ။ အိမ်နီးချင်းနိုင်ငံကြီးတစ်ခုရဲ့ မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒကို ဆန့်ကျင်ပြီး မိမိတို့ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တာ စစ်အုပ်စုဘက် က ရပ်တည်ပြီး ဝင်ရောက်စွက်ဖက် ခြယ်လှယ်အမိန့်ပေးနေခြင်းများဟာ မြန်မာ့အရေးကို ပိုမိုဆိုးရွားလာစေ တာ ပကတိတရားပါ။ ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေနိုင်တဲ့ မြန်မာပြည်သူတွေကို ချောက်ထဲဆွဲချမယ့် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့နဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ဆက်လက်ဝန်းရံ ထောက်ခံကူညီကြဖို့ ကျတော့်အနေနဲ့ ဆက်လက်တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ တွေ့ကြုံခံစားနေရတဲ့ ပြဿနာများရဲ့ အရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ်ဆိုးကြောင့်ဆိုတာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နားလည်နေပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ဖျက်သိမ်းနိုင်မှသာ ပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းသာယာဝပြောမှုနဲ့ လူ့အခွင့်အရေးပြည့်ဝတဲ့နိုင်ငံတော်ကို ကျွန်တော်တို့ တည်ဆောက်နိုင်မှာပါ။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ တကယ်တော့ ရွေးကောက်ပွဲများကျင်းပရခြင်းရဲ့ အနှစ်သာရဟာ တရားဝင်အစိုးရတစ်ရပ် ပေါ်ပေါက်ရေး သက်သက်သာမဟုတ်ဘဲ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲ အခင်းအကျင်းအဆင့်တိုင်းမှာ မိမိဆန္ဒအလျောက် အကြောက်တရားကင်းကင်းနဲ့ လွတ်လပ်စွာ ပါဝင်မဲပေးနိုင်ခွင့်၊ နိုင်ငံရေးပါတီများအနေနဲ့လည်း ယှဉ်ပြိုင်ရာမှာ အခွင့်အရေးတူ ရရှိခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက လွတ်လပ်စွာ သွားလာခွင့်၊ စောင့်ကြည့် ခွင့်ရှိပြီး အားလုံးက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ယုံကြည်ခြင်းကသာ အဓိကကျလှ ပါတယ်။
 
နိဂုံးချုပ်အနေနဲ့ “မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်ကြိုးပမ်း နေကြသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်း ကြောင်း” အဆိုကို ကျွန်တော့အနေနဲ့ လေးလေးနက်နက် ထောက်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးပဲ ဘေးရန် ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။ အရေးတော်ပုံ အောင်ရမည်။
Scroll to Top