“မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့ အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ် ရေး အစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ ဒေါ်နီနီဒွန်း (ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး) ၏ ဆွေးနွေးချက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
ဒေါ်နီနီဒွန်း (ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး)။ လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော်နာယကကြီးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနဲ့ ပြည်တွင်းပြည်ပ ဧည့်သည်တော်များရှင့်။ ကျွန်မကတော့ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူတွေ မဲပေးရွေးကောက်ခြင်းခံခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီဒွန်း ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအာကာမျိုးထက် တင်သွင်းထားတဲ့ “မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်း ရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် ရုန်းကန်ကြိုးပမ်းနေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုကို အပြည့်အဝထောက်ခံကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။ ဒီလိုကာလမျိုးမှာ ဒီအဆိုကို တင်သွင်းခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီကိုလည်း ကျေးဇူးတင်ပါတယ်။
ဒီအဆိုထဲမှာ ပါဝင်တဲ့ အချက်အလက်များအားလုံးဟာ အရေးကြီးတာတွေ ဖြစ်ပေမယ့် ကျွန်မ အနေနဲ့တော့ ဒေသတွင်းတည်ငြိမ်ရေးကို လူသားလုံခြုံရေးရှုထောင့်အမြင်နဲ့ အလေးထား ပါဝင်ဆွေးနွေး လိုပါ တယ်။ ပြည်သူတွေက ရွေးကောက်ထားတဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုအောက်မှာ အသက်ရှင်နေရတဲ့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အသံအနေနဲ့ ကျွန်မဒီနေ့ ဒီနေရာ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ကျွန်မ အဓိက မီးမောင်းထိုးပြလိုတာက မြန်မာနိုင်ငံရဲ့ ပြဿနာတွေဟာ ဒီနိုင်ငံတစ်ခုတည်း ရင်ဆိုင်ရမယ့် ပြဿနာမဟုတ်တော့ဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကိုပါ တိုက်ရိုက် ခြိမ်းခြောက်နေပြီဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဥပမာတစ်ခုအနေဖြင့် ပြောရရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် လူနာများ၊ ဆရာဝန်များ၊ အရပ်သားများ (၃၀) ကျော် သေဆုံး ခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ မတော်တဆ မဟုတ်ပါဘူး။ အကြမ်းဖက်စစ်အုပ်စုရဲ့ စနစ်တကျ အသုံးချနေတဲ့ အကြမ်းဖက်နည်းဗျူဟာ ဖြစ်ပါတယ်။ ဆေးရုံဆိုတာ လူ့အသက်ကို ကယ်တင်နေတဲ့ နေရာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုက ဆေးရုံ၊ ကျောင်း၊ ဘုရားကျောင်း၊ လူနေအိမ် များ၊ မြို့၊ ရွာစတဲ့ အရပ်သားပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုများစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုကျူးလွန်မှုတွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းကို ထိခိုက်နေတာမဟုတ်ဘဲ ဒေသတွင်း လုံခြုံရေးနဲ့ နိုင်ငံတကာ ဂုဏ်သိက္ခာအထိ ထိခိုက်လာနေပြီ ဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးရှင့်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ နောက်ထပ် စစ်အုပ်စုတွေရဲ့ အကြမ်းဖက်မှုတွေအကြောင်းကို တင်ပြရမယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေကြောင့် အများဆုံး ထိခိုက်ခံစားနေရသူတွေက အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများ ဖြစ်နေတယ်ဆိုတာ ကို အထူးသဖြင့် ပြောချင်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာလည်း ကျန်းမာရေးဝန်ဆောင်မှု အကန့်အသတ်များစွာ ရှိပါတယ်။ ကလေးသူငယ်တွေဟာလည်း ပညာသင်ခွင့် ဆုံးရှုံးနေရပါတယ်။ အမျိုးသမီးများဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ လိင်ပိုင်ဆိုင်ရာ ကျူးလွန်ခံရမှု၊ ကျန်းမာရေး၊ စားဝတ်နေရေး အားလုံးကို တစ်ပြိုင် နက်တည်း ရင်ဆိုင်ခံစားနေရပါတယ်။ ဒီလို လူသားလုံခြုံရေး ပျက်စီးနေရတဲ့ အခြေအနေဟာ ဒေသတွင်း တည်ငြိမ်ရေးကိုလည်း အခြေခံကနေ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
အရေးကြီးတာက ပြည်သူ့အဆောက်အဦတွေကို တိုက်ခိုက်တာဟာ တစ်ကြိမ်တည်းမဟုတ်ဘဲ ထပ်ခါထပ်ခါ ဖြစ်ပွားလာနေတာပဲ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ ကျူးလွန် နေသူ စစ်အုပ်စုဟာ သူတို့ကို ဘယ်တော့မှ ဘယ်သူကမှ အပြစ်ပေးခြင်းကို မခံခဲ့ရဖူးဘူးဆိုတဲ့ (impunity) ပြစ်ဒဏ်မှကင်းလွတ်ခြင်း ရှိနေပါတယ်။ ဒီစစ်အုပ်စုဟာ အပြည်ပြည်ဆိုင်ရာ လူသားဆိုင်ရာ ဥပဒေကိုလည်း မလေးစားပါဘူး။ ဒဏ်ခတ်အရေးယူမှုကိုလည်း မကြောက်ပါဘူး။ ပြည်သူ့အသက်ကိုလည်း တန်ဖိုးမထားပါဘူး။ ဒီအခြေအနေဟာ မြန်မာပြည်သူတွေအတွက်သာမက ဒေသတွင်းလုံခြုံရေးကို ထိခိုက်လာတဲ့ အန္တရာယ်ကြီး တစ်ခု ဖြစ်လာနေပါတယ်။
လေးစားအပ်ပါသော နာယကကြီးရှင်။ ဒေသတွင်းတည်ငြိမ်ရေးကို အလွန်အမင်း ခြိမ်းခြောက်နေ တဲ့ နောက်ထပ်ပြဿနာတစ်ရပ်ကတော့ အကြမ်းဖက်စစ်တပ် ထိန်းချုပ်မှုအောက်မှာ ကြီးထွားလာတဲ့ Scam Centers များပဲ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အဓိက အစီရင်ခံစာများအရ Scam Centers များ မှာ နိုင်ငံပေါင်းများစွာမှ လူထောင်ပေါင်းများစွာ လူကုန်ကူးခံထားရခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုများ ဖြစ်ပေါ်နေခြင်းတွေကို ဆက်တိုက်မှတ်တမ်းတင်ထား ပြီး ဖြစ်ပါတယ်။ အရေးကြီးတာ ဒီ Scam Centers တွေဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်မှု၊ ကာကွယ်ပေးမှု၊ မျက်စိ မှိတ်ပေးမှု မရှိဘဲနဲ့ လုံးဝ မတည်ရှိနိုင်ဘူး ဆိုတာပါပဲ။ ဒါတွေက ဒေသတွင်းနိုင်ငံများရဲ့ ငွေကြေးစနစ်ကို ထိခိုက် စေပါတယ်။ လူကုန်ကူးမှုကွန်ရက်တွေကိုလည်း အားပေးပါတယ်။ နယ်စပ်ဒေသတွေကို ပြစ်မှု အချက်အချာ ဒေသများအဖြစ် ပြောင်းလဲစေပါတယ်။ Scam Centers တွေဟာ မြန်မာ့ပြဿနာမဟုတ်ဘဲ ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေး ပြဿနာတစ်ရပ် ဖြစ်လို့လာနေပါပြီ။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ စစ်အုပ်စုက Scam Centers အဆောက်အဦအချို့ကို ဟန်ပြအနေနဲ့ ဖြိုချ ပြတာကိုလည်း မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေကတော့ ဒီအရာတွေဟာ အပြင်ပန်း ဟန်ပြသက်သက် ဖြစ်တယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ အကြောင်းကဘာလဲဆိုရင် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ Scam Centers၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုတွေဟာ လွတ်လပ်စွာ လည်ပတ်နေလို့ မရပါဘူး။ ဒီလိုလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ဆိုရင် လက်နက်ကိုင်အဖွဲ့ရဲ့ အကာအကွယ်၊ နယ်မြေထိန်းချုပ်မှု၊ အာဏာပိုင်အဆင့်ဆင့်ရဲ့ ခွင့်ပြုမှု လိုအပ်ပါတယ်။ အဲဒါကြောင့် မြန်မာပြည်သူတွေက ဒီ Scam Centers တွေရဲ့ အဓိက လက်သည်တရားခံတွေထဲမှာ စစ်အုပ်စုအကြီးအကဲများနှင့် ၎င်းတို့နဲ့ အကျိုးစီးပွားဖက် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေတယ်ဆိုတာ ကောင်းစွာ သိထားကြပါတယ်။
ကျွန်မ ဒီနေ့ နိုင်ငံတကာကို ပြည်ထောင်စုလွှတ်တော် နာယကကြီးမှတစ်ဆင့် တင်ပြလိုတာက ဒီကိစ္စကို နိုင်ငံတကာအနေနဲ့ ကောင်းစွာ သိထားဖို့ လိုအပ်ပါတယ်။ ပိုအရေးကြီးတာက အားလုံးအတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်တဲ့ ဒီပြဿနာကို ဘယ်လိုချေမှုန်းနှိမ်နင်းမလဲဆိုတာ နိုင်ငံတကာခေါင်းဆောင်များ အနေနဲ့ ဗျူဟာမြောက် လက်တွေ့ကျကျ အချိန်မီ ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။ ဒီအခြေအနေ အရင်းအမြစ် တွေကို ကောင်းစွာနားလည်ကာ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်ကြိုးပမ်းနေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများကို အားပေးထောက်ခံပါ၊ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။
လေးစားအပ်ပါသော နာယကကြီးရှင်။ ဒီလို အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ Scam Centers တွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ကြိုးစားနေတာဟာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဖန်တီးမယ့် လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ ဒီအချက်ကို ဒေသတွင်းနဲ့ နိုင်ငံတကာကလည်း သိရှိပြီးသားဖြစ်လို့ ဥရောပပါလီမန် (EU Parliament)၊ အမေရိကန်ကွန်ဂရက် (US Congress)၊ နယူးဇီလန် လွှတ်တော်အပါအဝင် ကျွန်မတို့ရဲ့ အာဆီယံနိုင်ငံများရဲ့ မိတ်ဆွေကောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီနိုင်ငံများမှ လွှတ်တော်များ၊ အဖွဲ့အစည်းများက စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို မထောက်ခံကြောင်း တရားဝင်ထုတ်ပြန်ခဲ့ကြတာကို ကျွန်မအနေနဲ့ အထူးလေးစား၊ အထူးကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ဒါဟာ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပေးခဲ့ခြင်းသာမက ဒေသတွင်းတည်ငြိမ်ရေးကို ဦးစားပေးထားတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးရှင့်။ ဒီနေ့ လွှတ်တော်ကနေတစ်ဆင့် နိုင်ငံတကာအသိုက်အဝန်းကို ကျွန်မအခုပြောမယ့်အချက်များကို အလေးအနက် တိုက်တွန်းလိုပါတယ်။ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို မည်သည့်အခြေအနေတွင်မှ အသိအမှတ်မပြုရန်၊ Scam Centers များကို အမြစ်ပြတ် ဖယ်ရှားနိုင်ရေး စစ်အုပ်စုအပေါ် ပိုမိုပြင်းထန်သောအရေးယူမှုများ ဆောင်ရွက်ရန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီအင်အားစုများကို ဒေသတွင်း တည်ငြိမ်ရေးအတွက် မြန်မာပြည်သူများရဲ့ အရေးပါတဲ့ မိတ်ဖက်များအဖြစ် လက်တွေ့ ပိုမိုပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးရှင့်။ နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ မြန်မာပြည်မှာ စစ်အုပ်စု ဆက်လက်တည်ရှိနေသရွေ့ ကျမတို့ ပြည်သူများအတွက် လူသားလုံခြုံရေး မရှိနိုင်ပါဘူး။ လူသားလုံခြုံရေးမရှိဘဲ ဒေသတွင်းတည်ငြိမ်ရေးဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီအဆိုဟာ မြန်မာပြည်သူများအတွက် သာမက ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်းအတွက်ပါ အလွန်အရေးကြီးတဲ့ အဆိုဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ အပြည့်အဝထောက်ခံကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်ရှင်။
အားလုံးကို ကျေးဇူးတင်ပါတယ်။


