“(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထား သော ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို အခြေခံ၍ မြန်မာနိုင်ငံ၌ အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့မှုရပ်စဲခြင်းအပါအဝင် ညီညွတ်သော အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆို တင်သွင်းခြင်း
ဒီကနေ့ အစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံတော် ယာယီသမ္မတကြီးနှင့် တကွ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ NUG မှ ပြည်ထောင်စုဝန်ကြီးများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ ဖက်ဒရယ်ယူနစ်များမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်း ဆက်သလိုပါတယ်။
ကျွန်တော်ကတော့ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း ဖြစ်ပါတယ်။
ဒီကနေ့ကတော့ ပြီးခဲ့တဲ့နှစ်က ILO Article 33 နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ အဆိုတင်သွင်းသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ –
၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ချမှတ်ခဲ့တဲ့ ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထားတဲ့ ဆောင်ရွက်ရမည့် လုပ်ငန်း အစီအမံများနှင့် စပ်လျဉ်းပြီးတော့ ဆုံးဖြတ်ချက်တွေကို အတည်ပြုချမှတ်ခဲ့တာ ရှိပါတယ်။
အဆိုပါဆုံးဖြတ်ချက်တွေထဲမှာ မြန်မာပြည်သူတို့ရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်း ပိုင်ခွင့်၊ အဓမ္မအလုပ်ခိုင်းစေခြင်းမှ ကင်းလွတ်ပိုင်ခွင့်နဲ့ အခြေခံလူထုလွတ်လပ်ခွင့်များ စတဲ့ အခြေခံအခွင့်အရေးများကို စစ်အုပ်စုအနေနဲ့ ဆက်လက်ချိုးဖောက်နေကြောင်းနဲ့ နိုင်ငံအတွင်း လွတ်လပ်၍ အမှီအခိုကင်းတဲ့ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေကို အလုံးစုံ အစားထိုးရန် ပေါ်ပေါ်တင်တင်ပဲ ကြိုးပမ်းနေကြောင်း ဖော်ပြထားပါတယ်။
AAPP ၏ အချက်အလက်များအရ ပြီးခဲ့တဲ့ ILO ညီလာခံကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံရသူ (၆,၇၉၆) ဦး၊ ဖမ်းဆီး ထိန်းသိမ်းခံရသူ (၂၉,၂၇၇) ဦး ရှိခဲ့ပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ ထပ်မံ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်ခံရသူ (၈,၀၆၀) ဦး၊ ဖမ်းဆီးထိန်းသိမ်း ခံရသူ (၃၁,၀၄၇) ဦး ရှိတာ ဖြစ်ပါတယ်။ တစ်နှစ်ဝန်းကျင်ကာလအတွင်းမှာ လူပေါင်း (၁,၂၆၄) ဦး သတ်ဖြတ်ခံခဲ့ရပြီး (၁,၇၇၀) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ဒါတင်မကသေးဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားတွေအပေါ်မှာ လေကြောင်းတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့ကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း (၄၂၃) ကြိမ် ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာ အများဆုံးပဲ ဖြစ်ပါတယ်။ Data for Myanmar ရဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ အစီရင်ခံစာအရ စစ်အာဏာသိမ်းမှု (၅) နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ လက်နက်ကိုင် များရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း (၁၂၁,၄၈၅) လုံး ပျက်စီးဆုံးရှုံးခဲ့ကြ ရတာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေအရ အကြမ်းဖက်စစ်အုပ်စုဟာ ILO ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့အပြင် ပိုမိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်နေ ဆဲပဲဆိုတာ ပေါ်ပေါ်ထင်ထင် ကျွန်တော်တို့ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
(၁၁၃) ကြိမ်မြောက် ILO အထွေထွေညီလာခံက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တွေမှာ “အလုပ်ရှင်၊ အလုပ်သမားများက ၎င်းတို့ရဲ့ အခြေခံအခွင့်အရေးများကို ငြိမ်းချမ်းစွာ ကျင့်သုံးခြင်းကို ထိခိုက်စေခြင်း သို့မဟုတ် အကြမ်းဖက်ခြင်း သို့မဟုတ် ဖိနှိပ်ခြိမ်းခြောက် အရေးယူခြင်းတို့ကို ဆက်လက်သက်ဆိုးရှည်စေခြင်းကို အထောက်အပံ့ဖြစ်စေတဲ့ လေယာဉ် ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ ကူညီခြင်း၊ ပံ့ပိုးပေးခြင်း သို့မဟုတ် စစ်တပ်အာဏာပိုင် များထံသို့ ငွေကြေးများ လွပ်လပ်စွာ စီးဆင်းနေခြင်းများကို အလုံးစုံ သုံးသပ်သင့်ကြောင်း” အတိအလင်း ဆုံးဖြတ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
သို့ပါသော်လည်း နိုင်ငံအချို့က ILO ရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာကြဘဲ အကြမ်းဖက်စစ်အုပ်စုထံကိုပဲ စစ်လက်နက်ပစ္စည်းတွေ၊ လေယာဉ်ဆီတွေ၊ နည်းပညာတွေကို ဆက်လက်ပံ့ပိုးနေကြပါတယ်။ အလားတူ စစ်အုပ်စုနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ဟာ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်အတွက် ငွေကြေးအရင်းအမြစ်ကို များစွာ အထောက်အပံ့ဖြစ်စေတာ ရှိပါတယ်။
အရပ်သားပြည်သူများအတွက် အသုံးပြုရန် ဆိုတဲ့ အကြောင်းပြချက်ကို ပေးပြီးတော့ လေယာဉ်ဆီတင်ပို့မှုတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဆိပ်ကမ်းများကို ဆက်လက်ရှိနေဆဲပဲ ဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့လည်း ရောက်ရှိနေဆဲပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ တချို့မှ တစ်ဆင့် သယ်ယူပြီး မြန်မာနိုင်ငံရဲ့ သီလဝါဆိပ်ကမ်းကို ဝင်ရောက်နေမှုတွေ၊ သီလဝါဆိပ်ကမ်း မှတစ်ဆင့် လေယာဉ်ကွင်းတွေဆီကို လေယာဉ်ဆီတွေ လုံခြုံရေးချပြီး ကားများနဲ့ တင်သွင်း သွားတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်၍ ကျွန်တော်တို့ထံမှာ အချက်အလက်အတိအကျ၊ ကုမ္ပဏီ အတိအကျ၊ အမည်များနဲ့ အတိအကျရှိပါတယ်။ သို့ပါသော်လည်း ယခုနှစ်မှာကျင်းပနေတဲ့ (၁၁၄) ကြိမ်မြောက် ILO အထွေထွေညီလာခံမှာ တင်ပြဆွေးနွေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အကျဉ်းချုပ်ပြီးပဲ ပြောကြားလိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်လွှတ်တော်နဲ့ အစိုးရကို အသိအမှတ်ပြုနေခြင်းဟာ မြန်မာနိုင်ငံမှာ ယခုထက် ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မြင့်တက်နေမှာပဲ ဖြစ်ပြီးတော့ ၎င်းတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး ကမ္ဘာတစ်ဝှမ်းရဲ့ ကြိုးပမ်းချက်ကိုလည်း ပျက်စီး စေမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုတာက တော့ –
(၁) လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်စေရန်အတွက် လေယာဉ်ဆီ တင်ပို့ ရောင်းချမှုနှင့် ဆက်စပ်ဝန်ဆောင်မှုအားလုံးကို ဖြတ်တောက်ပေးရန်၊
(၂) စစ်အုပ်စုထံသို့ စီးဆင်းနေသော ဝင်ငွေလမ်းကြောင်းများနှင့် လက်နက်ဝယ်ယူ ရာတွင် အသုံးပြုသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများကိုလည်း ထိရောက် စွာ တားဆီးပိတ်ဆို့ပေးရန်၊ – အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို ရပ်တန့်ပေးရန်၊
(၃) အကြမ်းဖက်စစ်တပ်က ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေးနှင့် နိုင်ငံတကာ တရားဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်၊
(၄) အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ပြီး အစိုးရချင်းဖြစ်စေ၊ အဖွဲ့အစည်းချင်းဖြစ်စေ ဆက်ဆံမှုများအားလုံးကို ရပ်ဆိုင်းရန်။
တို့အတွက် နိုင်ငံတကာကို တောင်းဆိုရင်းနဲ့ပဲ ကျွန်တော့်ရဲ့အဆိုကို တင်သွင်းအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ဦးဥက္ကာမင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မြိတ်မဲဆန္ဒနယ်၊ တနင်္သာရီတိုင်း


