Home / (၂၇၆၂) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၂၇၆၂) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

၁။            ယနေ့ကျရောက်သည့် ထူးမြတ်သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နေ့ အချိန်အခါ သမယတွင် ကရင်တိုင်းရင်းသားများအားလုံးနှင့်တကွ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ခွန်အားသစ်များ ပြည့်ဝကာ အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းပြီး အေးချမ်းသာယာသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။            ကရင်လူမျိုးများသည် ညီနောင်တိုင်းရင်းသားများနှင့်အတူ ခေတ်အဆက်ဆက်နိုင်ငံရေး ကဏ္ဍတွင် သမိုင်းတာဝန်ကျေပွန်ခဲ့ကာ ရဲရင့်မှု၊ ဦးဆောင်နိုင်စွမ်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မှု အရည်အချင်းများဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတစ်‌လျှောက် အရေးပါသောအင်အားတစ်ရပ်အဖြစ် အဓိကပါဝင်လျက်ရှိပါသည်။ ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်အား ပထမဆုံးအစိုးရ အသိ အမှတ်ပြု ရုံးပိတ်ရက်အဖြစ် ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၇ (စနေနေ့)ကို သတ်မှတ်ခဲ့ကြပြီး ယနေ့တိုင်ကျင်းပလာခဲ့ကြသည်မှာ (၈၅)နှစ် တိုင်ရှိခဲ့ပြီဖြစ်ပါသည်။

၃။            ကရင်လူမျိုးများသည် တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးနိုင်ရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိရေးတို့အတွက် သမိုင်းအစဥ် အဆက် စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ခဲ့ကြပြီး ယခုနွေဦးတော်လှန်ရေးခရီးတွင်လည်း အကြမ်းဖက် စစ်အာဏာရှင်များကို ရွပ်ရွပ်ချွံချွံဆန့်ကျင်တော်လှန်နေသည့် ဦးဆောင်တော်လှန်ရေးအင်အားတစ်ရပ် လည်းဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကိုထူထောင်နိုင်မှ မိမိတို့မျိုးဆက်များနှင့် အနာဂတ် လူငယ်များသည် ဒီမိုကရေစီနှင့်မတူကွဲပြားသည့် ယဉ်ကျေးမှုအနှစ်သာရကို ခံစားကြရမည် ဖြစ်ပါသည်။  မိမိတို့၏ လက်ရှိနှင့်အနာဂတ်မျိုးဆက်များသည် မိမိတို့နိုင်ငံကိုပိုမိုကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်သည့် အရည်အချင်းများရှိစေရန်မှာ မိမိတို့၏ သမိုင်းပေးတာဝန်ဖြစ်ပါသည်။

၄။            နှစ်ဟောင်းကာလ၏အဆိုးအညံ့များ ကုန်ဆုံးကာ နှစ်သစ်အတွက် ကောင်းကျိုးအဖြာဖြာ ကြိုဆိုလျက် နိုင်ငံတစ်ဝှမ်းလောင်မြိုက်ခဲ့သည့် ပြည်တွင်းစစ်မီးအား မကြာမီအချိန်ကာလအတွင်း ငြိမ်းအေးစေရမည်ဆိုသော ယုံကြည်ချက်နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်ရေး အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ရင်းနှီးကြိုးစားကာ နွေဦးတော်လှန်ရေး၏အသီးအပွင့်ရလဒ်များအား သမိုင်းစာမျက်နှာတွင် မော်ကွန်းရေးထိုးထားနိုင်မည်ဟု ယုံကြည်ပါသည်။ ဤနှစ်သစ်ကူးနေ့တွင် နွေဦးတော်လှန်ရေးခရီးကြမ်းအတွင်း အသက်သွေးချွေးပေးဆပ်သွားခဲ့ကြသည့် ကရင်အာဇာနည်‌ ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းများအား  လေးစားဦးညွှတ်ပါကြောင်း ဖော်ပြအပ်ပါသည်။

၅။            လူမဆန်သော အကြမ်းဖက်မှုနှင့်စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည့် အာဏာသိမ်း စစ်တပ်သည် ဥပဒေမဲ့အာဏာသိမ်းမှုမှ ထွက်ပေါက်နည်းလမ်းအဖြစ် တရားဝင်မှုရရှိမည်ဟု ယူဆကာ အတုအယောင်ရွေးကောက်ပွဲကျင်းပရန် အပူတပြင်းကြိုးစားလျက်ရှိပါသည်။  နည်းလမ်းမျိုးစုံဖြင့် တော်လှန်ရေးအင်အားစုများအကြားသွေးခွဲကာ ၎င်းတို့၏ ရည်မှန်းချက်များပြည့်ဝစေရန် ကြိုးပမ်းခဲ့ သော်လည်း စည်းလုံးညီညွတ်ကာ ဖြောင့်မတ်မှတ်ကန်သည့် မိမိတို့ဒီမိုကရေစီအင်အားစုများအပေါ် နိုင်ငံတကာအသိုက်အဝန်းနှင့် ပြည်သူလူထုက ခိုင်ခိုင်မာမာရပ်တည်ကာ တရားမဝင်စစ်‌ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ကန့်ကွက်လျက်ရှိပါသည်။

၆။            သို့ဖြစ်ပါ၍ တည်ဆောက်ထားရှိခဲ့သည့် စည်းလုံးညီညွတ်မှုဖြင့် တွဲလက်ခိုင်ခိုင်ထားပြီး တိုင်းရင်းသားအားလုံး မျှော်ရည်မှန်း၍ ကြိုးစားဖန်တီးတည်ဆောက်နေကြသည့် မိမိတို့တိုင်းပြည်တွင် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်‌ပေါက်လာရေး ဆက်လက်ကြိုးပမ်းသွားကြရန် လည်း ဤ‌နေ့ထူးနေ့မြတ်တွင် ထပ်လောင်း၍ပြောကြားလိုပါသည်။ မတရားမှုများအားဆန့်ကျင်၍  ကိုယ်ကျိုးမငဲ့ဘဲ မြင့်မြတ်သော ကရင်တိုင်းရင်းသားတို့၏ စွန့်လွှတ်အနစ်နာခံမှု၊ သဘောထား ကြီးမားမှု၊ ရဲဘော်ရဲဖက်စိတ်ထားနှင့် ရဲစွမ်းသတ္တိတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် လေးစားဂုဏ်ယူလျက် ဤ(၂၇၆၂)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top