Home / စစ်ကောင်စီ၏ မတရားဖမ်းဆီး တရားစွဲမှုများသည် နိုင်ငံတကာလူအခွင့်အရေးနှင့်တရားစီရင်ရေးစံနှုန်းများ ချိုးဖောက်နေ

စစ်ကောင်စီ၏ မတရားဖမ်းဆီး တရားစွဲမှုများသည် နိုင်ငံတကာလူအခွင့်အရေးနှင့်တရားစီရင်ရေးစံနှုန်းများ ချိုးဖောက်နေ

အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး တရားစွဲမှုများသည် နိုင်ငံတကာလူအခွင့်အရေးနှင့် တရားစီရင်ရေးစံနှုန်းများ ချိုးဖောက်နေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်

ကြေညာချက် အမှတ် (၆/၂၀၂၁)

ဖေဖော်ဝါရီလ (၂၀) ရက်၊ ၂၀၂၁ ခုနှစ်။

၁။       ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM တွင် တက်ကြွစွာလှုပ်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ထမ်းများနှင့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား မတရားဖမ်းဆီးကာ တရားစွဲဆိုဆောင်ရွက်မှုများကို ဥပဒေမဲ့ဆောင်ရွက် လျက်ရှိပါသည်။

၂။       ဥပဒေမဲ့ မတရားဖမ်းဆီးခံရသူများ၊ တရားစွဲဆိုခံရသူများအနေဖြင့် လက်ရှိတည်ဆဲဥပဒေများ၊ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာမူများနှင့်အညီ ကာကွယ်ခုခံချေပခွင့် တစ်စုံတစ်ရာမရှိသည့်အပြင် အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံဆွေးနွေးခွင့် စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခွင့် လုံး၀မရဘဲ ရှေ့နေများဖြင့် ဥပဒေပါ အခွင့်အရေးနှင့်အညီ ခုခံချေပခွင့်တို့ကို တရားမဝင်အာဏာသိမ်းစစ်ကောင်စီမှ ခွင့်မပြုကြောင်း ကြားသိရပါသည်။

၃။       တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁(ခ)အရ တရားရုံး၏ ခွင့်ပြုချက်မရှိပဲ (၂၄) နာရီထက် ကျော်လွန်ချုပ်နှောင်ထားခြင်း မရှိစေရ ပြဋ္ဌာန်းချက်ကို ချိုးဖောက်သည့်အပြင် ဖွဲ့စည်းပုံအခြေခံပုဒ်မ ၃၇၅ အရ စွပ်စွဲခံရသူတစ်ဦးဦးသည် ဥပဒေနှင့်အညီ ခုခံချေပခွင့်ရှိစေရမည်ဟူသော ပြဋ္ဌာန်းချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ မတရားသဖြင့် ဖမ်းဆီးခံထားရသူများအပေါ် ပြုမူဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးဖြစ်သည့်အပြင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများအရ သော်လည်းကောင်း၊ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်းကောင်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

၄။       သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီမှ ယခုကဲ့သို့ ဥပဒေဆိုင်ရာအခွင့်အရေးများ ပိတ်ပင်ခြင်းသည် တည်ဆဲဥပဒေများနှင့်မညီဘဲ လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးအပ်သည့် အခြေခံအခွင့်အရေးများကို ဖောက်ဖျက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top