၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
၁။ ခေတ်အဆက်ဆက်တွင် စစ်အာဏာရှင်စနစ်ဆိုး အမြစ်တွယ် ရှင်သန်ခဲ့သော မိမိတို့ နိုင်ငံသည် လက်ရှိအချိန်ထိတိုင် ယင်းစနစ်ဆိုးအား နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန်တိုက်ပွဲဝင် လျက် ဒီမိုကရေစီစနစ်အား ပြန်လည်တည်ဆောက် ဖော်ဆောင်နိုင်ရန်အတွက် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ပြည်သူတို့၏ ပေးဆပ် ရင်းနှီးမှု များပြားသည့် တော်လှန်ရေး တိုက်ပွဲအသီးသီးတွင် ဒီမိုကရေစီစံတန်ဖိုးတို့သည်လည်း တိုးတက်မြှင့်မားလာနေပါသည်။
၂။ ဒီမိုကရေစီစနစ်သည် ပြည်သူ့အုပ်ချုပ်မှုစနစ် (Rule by the people) ဖြစ်ကာ ပြည်သူ လူထုထံတွင် အခွင့်အာဏာအပြည့်အဝရှိကာ ပြည်သူ့ဆန္ဒအရ အုပ်ချုပ်မှုနိုင်ငံရေးစနစ် တစ်ခု ဖြစ်သည့်အတွက် နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တန်းတူညီမျှမှုနှင့် လူ့အခွင့် အရေး သွင်ပြင်လက္ခဏာများ မှန်ကန်စွာ ခံစားရရှိပိုင်ခွင့်ရှိပါသည်။ ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖြင့် ပြည်သူတစ်ဦးချင်းစီ၏ ရရှိပိုင်ခွင့်တို့ အပြည့်အဝ ပိုင်ဆိုင်နိုင်မှသာ ဒီမိုကရေစီစနစ် ထွန်းကားသော နိုင်ငံတော် တည်ဆောက်သွားနိုင်မည် ဖြစ်ပါသည်။
၃။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များသည် ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားမှုကို အားပေးဖော်ဆောင်ရန် လုံးဝဆန္ဒမရှိဘဲ ၎င်းတို့အလိုကျ အကြမ်းဖက်နည်းလမ်းများဖြင့်သာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင် အုပ်ချုပ်ခဲ့ ကြပါသည်။ ယနေ့ထိတိုင် ပြည်သူလူထုအနေဖြင့် စိုးရိမ်သောကများစွာဖြင့် လူတစ်ဦးချင်းစီတွင် ပိုင်ဆိုင်ရရှိခွင့်ရှိသည့် အခြေခံလူ့အခွင့်အရေးများ အလုံးစုံ ဆုံးရှုံးလျက် ရှင်သန်ရပ်တည်နေကြရပါသည်။
၄။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မြေပြင်တွင် ချိတ်ဆက်ကောက်ယူရရှိထားသော အချက်အလက်များအရ မတရားအာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်မှစ၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင် သေဆုံးသူဦးရေ (၈၃၇၁) ဦး ရှိကာ အကျဥ်းကျခံနေရဆဲဦးရေ (၃၁၉၂၀) ဦး ရှိနေသည်ကို သိရှိရပါသည်။ ကုလ သမဂ္ဂ၊ အာဆီယံ၊ ကမ္ဘာ့နိုင်ငံများ၊ အစိုးရများနှင့် အိမ်နီးချင်းနိုင်ငံ အစိုးရများ၊ လွှတ်တော်များ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားပါဝင်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၌ ကြုံတွေ့ရင်ဆိုင်နေရသော အကြမ်းဖက် စစ်အုပ်စု၏ နေ့စဥ် အကြမ်းဖက်မှုများနှင့် လူမဆန်သော လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်စေရန် အသက်သွေးချွေးဘဝ ပေးဆပ်ကာ ရုန်းကန်ရင်ဆိုင်နေကြသော တော်လှန်ပြည်သူများနှင့်အတူ ရပ်တည်၍ လက်တွေ့ကျသော နည်းလမ်းများဖြင့် ပံ့ပိုးကူညီရန် တိုက်တွန်းလိုပါသည်။
၅။ ဒီမိုကရေစီစနစ်သည် ပြည်သူတို့အတွက် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းတည်း ဟူသော လောကပါလတရားများ ဖြစ်ထွန်းစေရန် အာမခံနိုင်ရေး ဖြစ်ပါသည်။ ယင်းကို အောင်မြင်စွာ ဖေါ်ဆောင်နိုင်ရေးအတွက် ကိုယ်စားပြုမှုနှင့် တာဝန်ခံမှုတို့ကို ဟန်ချက်ညီစွာ မိမိတို့တော်လှန်ရေး အင်အားစုအားလုံးအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်ထောင်စုသားအားလုံး၏ ဒီမိုကရေစီ ရေးအတွက် ဦးလည်မသုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ခိုင်မာတည်ကြည်စွာ ကတိပြုအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


