Home / အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) (၃) နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) (၃) နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်

၁။           မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်လာရေးနှင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ဆန့်ကျင်တွန်းလှန်ရေးတို့တွင် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း CDM သူရဲကောင်းများ၏ အပြုသဘောဆောင်သော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) သည် ယနေ့တွင် (၃) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ထောင်တွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်မရရှိနိုင်အောင် တားဆီးပိတ်ပင်နေခြင်းများအား ကြံ့ကြံ့ခိုင် ရင်ဆိုင် အံတု၍ နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် နိုင်ငံ့ဝန်ထမ်း CDM များ အပါအဝင် CDM သူရဲကောင်းများအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးစားစွာ ဂုဏ်ပြု ဦးညွှတ်အပ်ပါသည်။

၂။            နိုင်ငံအတွင်း အမြစ်တွယ်နေသော စစ်အာဏာရှင်ယန္တရား ပြိုလဲကျဆုံးရန်အတွက် နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ၏ ဘဝရှင်သန်ရပ်တည်ရေးနှင့် အလုပ်အကိုင်၊ အခွင့်အရေး များကို စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်မှုများကြောင့် အကြမ်းဖက်စစ်အုပ်စုသည် ယနေ့အထိ ၎င်း တို့၏ စစ်အုပ်ချုပ်ရေးယန္တရားအား အောင်မြင်အောင် အကောင်အထည်မဖော်ဆောင်နိုင်သည်ကို ထင်ရှားစွာ တွေ့မြင်နေရသည်။ ယခုအချိန်တွင် နိုင်ငံ့ဝန်ထမ်း CDM များအတွက် CDM မူဝါဒကို ခိုင်မာစွာ ချမှတ်ထားရှိပြီး အသွင်ကူးပြောင်းရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးကာလတို့တွင် CDM သူရဲကောင်းများအား ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်မှုများ ပေးအပ်နိုင်ရေး၊ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်စေ၍ အာဏာရှင်ယန္တရားလည်ပတ်နိုင်ရေးတွင် ထောက်တိုင်အဖြစ် ပါဝင် အားဖြည့်ခဲ့ကြသည့် Non CDM ဝန်ထမ်းများအား ထိရောက်သော အရေးယူအပြစ်ပေးမှုများ ပြုလုပ်နိုင်ရေးတို့ကို ဆောင်ရွက်ကြရာတွင် ခိုင်မာသော မူဝါများမှတစ်ဆင့် အားကောင်းသော ဥပဒေအဖြစ် ထွက်ပေါ်လာနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေ ဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

၃။           လက်ရှိတွင်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာ ကော်မတီသည် CDM ပြည်သူ့ဝန်ထမ်းများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော CDM သူရဲကောင်းများ၏ ကျန်ရှိသောမိသားစုများအား ကူညီထောက်ပံ့မှုများကို လုပ်ဆောင်လျက်ရှိပါ သည်။ ကူညီထောက်ပံ့မှုများတွင် ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းများ၏ မီးဖွားစရိတ်၊ အရေးပေါ် ဆေးကုသစရိတ်၊ အိမ်ခန်း နေရာရွှေ့ပြောင်းရခြင်း၊ CDM ဝန်ထမ်းကိုသာ မှီခိုနေရ၍ ယခုကာလ အတွင်း စားဝတ်နေရေးကြပ်တည်းနေခြင်း၊ နေအိမ်မီးရှို့ခံရခြင်းစသည်ဖြင့် အရေးပေါ်ထောက်ပံ့မှု များဟူ၍ ခွဲခြားထားရှိပြီး မီးဖွားစရိတ်နှင့် အရေးပေါ်ဆေးကုသစရိတ်အတွက် ပထမ ဦးစားပေး အဖြစ် ထောက်ပံ့ပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ယနေ့အထိ CDM ဝန်ထမ်း (၅၉၅၅) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့ပါသည်။

၄။           မြန်မာ့နွေဦးတော်လှန်ရေးသည် CDM သူရဲကောင်းများ၏အားဖြင့် ရုန်းထခဲ့ရသလိုပင် တော်လှန်ရေးအလွန်ကာလဖြစ်သည့် အသွင်ကူးပြောင်းရေးကာလနှင့် လွတ်လပ်၍ တရားမျှတသော၊ တန်းတူညီမှုရှိသော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့တွင်လည်း CDM သူရဲကောင်းများ၏အားကိုသာ အခြေပြု၍တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တော်လှန်ရေး အလွန်ကာလများတွင်လည်း CDM သူရဲကောင်းများ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်မှု အခန်းကဏ္ဍအား မြှင့်တင်နိုင်ရေး အတွက် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၅။           CDM သူရဲကောင်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ များဖြစ်သည်နှင့်အညီ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုရှိစေရေး၊ စစ်အာဏာရှင် စနစ်ဆိုး အဆုံးသတ်‌ရေးတို့အတွက် ယနေ့အချိန်အထိ ရဲရင့်စွာ ပါဝင်ကြိုးပမ်းနေကြခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ၊ ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများအတွက် လိုအပ်သည့် အကူအညီ၊ ထောက်ပံ့မှုများ ပံ့ပိုးပေးပါရန် ယနေ့ကျရောက်သော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (၃)နှစ်ပြည့်တွင် ထပ်မံတိုက်တွန်းတောင်းဆိုအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top