Home / (၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

၁။           ယနေ့ကျရောက်သော (၇၅)နှစ်မြောက် အာဇာနည်နေ့သည်  တိုင်းပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းထမ်းဆောင်ရင်း မသမာသူလူတစ်စု၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး (၉)ဦး ကျဆုံးခဲ့ကြသည့်အတွက် ပြည်သူအားလုံး အောက်မေ့တသ ဝမ်းနည်းကြရသော အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်ပါသည်။ ကျဆုံးသွားကြ သည့် အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများသာမက အာဏာရှင်အဆက်ဆက်အား ရင်ဆိုင်တွန်းလှန်ရင်း ကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများနှင့် နွေဦးတော်လှန်ရေး ကာလတွင်ကျဆုံးသွားခဲ့ကြသော အာဇာနည်သူရဲကောင်းများ၏ စွန့်လွှတ်စွန့်စားမှုကို အစဉ်အမြဲသတိရလျက် လေးစားဦးညွှတ်ပါသည်။

၂။       ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (စနေနေ့)၊ နံနက် ၁၀:၃၇ အချိန်တွင် အတွင်းဝန်များရုံး၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ ကြားဖြတ် အစိုးရဝန်ကြီးများသည် တိုင်းပြည်လွတ်လပ်ရေးနှင့် စစ်ပြီးခေတ် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများအတွက် အစည်းအဝေးပြုလုပ်နေစဉ် ဂဠုန်ဦးစော၏ အဖွဲ့သည် လက်နက်များဖြင့် ဝင်ရောက်ပစ်ခတ်လုပ်ကြံခဲ့ကြပါသည်။ ထိုလုပ်ကြံသတ်ဖြတ်မှုကြီးသည် တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းလုံး ပူဆွေးသောက ရောက်ခဲ့ကြရသည်။

၃။           ယနေ့အချိန်တွင်လည်း အကြမ်းဖက်စစ်အာဏာရှင်များက ပြည်သူလူထု၏ဆန္ဒမဲ ဖြင့် ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံခေါင်းဆောင်များကို လက်နက်အားကိုး၍ ဥပဒေမဲ့ ဖမ်းဆီးကာ ပြည်သူလူထုထံမှဆင်းသက်လာသည့် နိုင်ငံတော်အာဏာကို အကြမ်းဖက် နည်းလမ်းဖြင့် အဓမ္မရယူထားပါသည်။  ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများဖြင့် ယှဉ်ပြိုင် ရွေးချယ်ရန်နှင့် ပြည်သူလူထု၏အဆုံးအဖြတ်ပေးမှုကို ရဲဝင့်စွာခံယူလိုစိတ်မရှိခြင်းကြောင့် လက်နက်အားကိုး၍ နိုင်ငံတော်၏အာဏာကို ရယူထားခြင်းဖြစ်ပါသည်။ ထိုသို့ မတရားသဖြင့် အာဏာစွဲကိုင်နိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျောင်းသားလူငယ်များ၊ အနုပညာရှင်များနှင့် ပြည်သူထောင်ပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ထောင်တွင်းအကျဉ်းချခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်နေအိမ် အဆောက်အအုံများကို ချိတ်ပိတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ခြင်းစသည်တို့ကို လူမဆန်စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

၄။           သို့ရာတွင် ပြည်သူလူထု၏ ဆန္ဒသဘောထားကိုအလေးမထားဘဲ ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည့် လူမဆန်သော စစ်အာဏာရှင်တို့၏ လက်နက်အားကိုးဖြင့် ဖိနှိပ်ချုပ်ချယ်ရန် ကြိုးပမ်းမှုကိုခေါင်းငုံမခံဘဲ ပြည်သူတစ်ရပ်လုံးသည် တိုင်းပြည်နှင့်လူမျိုး၏အနာဂတ်အတွက် အသက်ပင်ပဓာနမထားဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုမှသည် အမျိုးမျိုးသော ခုခံတော်လှန်စစ်အထိ အရှိန်အဟုန်ဖြင့် ရဲရဲဝံ့ဝံ့ပါဝင်ဆင်နွှဲလျက်ရှိပါသည်။ မိမိတို့အားလုံး၏ တူညီသောပန်းတိုင် ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တစ်နှစ်ကျော် ကြာမြင့်သည့်ကာလတိုင်အောင် စစ်အာဏာရှင်စနစ်အား လုံးဝအုပ်ချုပ်ခွင့်မရရှိစေရန် ဖိအားပေးတွန်းလှန်နေနိုင်ခြင်းသည် မိမိတို့ တိုင်းရင်းသားအင်အားစုများ၏ စည်းလုံးညီညွတ်ခြင်းနှင့် တိုင်းပြည်အပေါ် ထားရှိသော မှန်ကန်သော ဒီမိုကရေစီစိတ်ထားကြောင့်ဖြစ်ပါသည်။  

၅။   အကြမ်းဖက်အာဏာရှင်စနစ်အား ခေတ်အဆက်ဆက် ခုခံတော်လှန်ရင်းဖြင့် ကျဆုံးခဲ့ကြရသော၊ အသက်ပေးခဲ့ကြရသော နယ်ပယ်အသီးသီးမှ သူရဲကောင်းအာဇာနည်များ အားလုံး၏စွန့်လွှတ်အနစ်နာခံမှု၊ ရဲစွမ်းသတ္တိနှင့် တိုင်းပြည်နှင့်လူမျိုးများအတွက် ကြိုးစား အားထုတ်ခဲ့မှုများအား အစဥ်ထာဝရ အောက်မေ့သတိရတန်ဖိုးထားလျက် တိုင်းရင်းသား ပြည်သူများအားလုံးနှင့်အတူ အာဇာနည်အမျိုးသားခေါင်းဆာင်ကြီးများ၏ လမ်းစဥ်နှင့် စိတ်ခွန်အားကိုအခြေပြု၍ နွေဦးတော်လှန်ရေးခရီးကြမ်းမှသည် ဖက်ဒရယ်ပြည်ထောင်စု အောင်ပွဲဆီသို့ ညီညီညွတ်ညွတ်လျှောက်လှမ်းသွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ဤ (၇၅) နှစ်မြောက် အာဇာနည်နေ့သဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ

Scroll to Top