Home / (၇၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်

(၇၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်

၁။        ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအား စိန်ခေါ်မှုများအကြားမှ အရင်းအနှီးများစွာဖြင့် အတည်ပြုချမှတ်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့သည် “တန်းတူညီမျှခြင်း – လူ့အခွင့်အရေးတိုးမြှင့်ရေး မညီမျှ မှုများ လျှော့ချပေး” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၏ (၇၃) နှစ်မြောက် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ 

၂။         အဆိုပါ နေ့ထူးနေ့မြတ်အား မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဆင်နွှဲခဲ့ကြပြီး ယခုနှစ်တွင် လည်း အကြမ်းဖက် စစ်အုပ်စုကြောင့် ပျောက်ဆုံးခဲ့ရသော မိမိတို့၏ မူလရပိုင်ခွင့် အခွင့်အရေးများ အတွက် ငြိမ်းချမ်းစွာ တော်လှန်တိုက်ပွဲဝင်နေသည့် ကာလဖြစ်သည့်အလျောက် ဆိတ်သုဉ်းနေ တဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ ဟူသည့် ဆောင်ပုဒ်ဖြင့် လူထုလှုပ်ရှားမှုများ ပြုလုပ်ကာ ပြည်သူတစ်ရပ်လုံးက ပါဝင်ဆင်နွှဲလျက်ရှိပါသည်။

၃။        အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းမှာ လူသားမျိုးနွယ်စုအား ကာကွယ်ရန် ရေးဆွဲထားသည့် ပဋိညာဉ်ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံ တော်အာဏာအား မတရားသိမ်းယူခဲ့ပြီးနောက် ရက်စက်ပြီး လူမဆန်သော လူ့အခွင့်အရေး ချိုးဖောက် မှုများကို နေ့စဉ်မပြတ် ကျုးလွန်လျက်ရှိပြီး နိုင်ငံတကာပဋိညာဉ်၊ ကြေညာစာတမ်းများနှင့် ဥပဒေ များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိသည်။

၄။        မမှန်မကန်စွပ်စွဲချက်များဖြင့် နေအိမ်များအတွင်းသို့ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကြောရေးစခန်းများ၌ အသက်သေစေသည်ထိ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ၊ အကျဉ်းထောင်များ၌ လုံလောက်သော ဆေးကုသခွင့်မပေးခြင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိပြီး မြန်မာပြည်သူ တို့၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံစွာ နေထိုင်ခွင့်တို့သည် ဥပဒေ၏ အကာအကွယ် မရဘဲ ပျက်သုဉ်းလျက်ရှိပါသည်။

၅။        ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံ့ခေါင်းဆောင်များအပါအဝင် တရားဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရသူ ၁၀,၇၉၃ ဦး၊ သတ်ဖြတ်ခံခဲ့သူရ ၁,၃၁၈ ဦး ရှိပြီး အကြမ်းဖက်ဖမ်းဆီးခံရသူများသည် တရားမျှတလွတ်လပ်ပြီး ဘက်လိုက်မှုမရှိသည့် တရားရုံးများတွင် အများပြည်သူရှေ့မှောက်၌ တရားစီရင်ကြားနာခွင့် မရရှိဘဲ စစ်ကောင်စီအလိုကျ တဖက်သတ်အမိန့်များဖြင့် သေဒဏ်၊ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရလျက်ရှိပါသည်။ အသိသာဆုံးဥပမာအနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား မတရား ဖမ်းဆီးပြီး စစ်ကောင်စီအလိုကျ တရားစီရင်ခံခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် သာမန်ပြည်သူတို့အပေါ်၌ စစ်ကောင်စီ၏ တရားစီရင်ရေးသည် ဆထက်များစွာ ပိုမိုဆိုးရွားနိုင်ကြောင်း အထင်အရှားပင် ဖြစ်ပါသည်။

၆။      ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသမီးနှင့် ကလေးငယ်များအား အဓမ္မပြု ကျင့်ခြင်း၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် တက္ကသိုလ်များတွင် နေရာယူတပ်စွဲခြင်း၊ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများအား လုယက် ခိုးယူခြင်းနှင့် ဖျက်စီးခြင်းများသာမက စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ မရောက်ရှိနိုင်စေရန် တားမြစ်ခြင်းတို့ကို ရည်ရွယ်ချက်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်လျက် ရှိပါသည်။

၇။        ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်းပင်ကြီး လမ်းပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် ပြည်သူလူထုအား လူမဆန်စွာကားဖြင့် ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းသည် မှတ်တမ်းများအရ (၂၀) ကြိမ်မြောက် လူမဆန်သော ရက်စက်မှုတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၌ လွတ်လပ်စွာစုဝေးခွင့်နှင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့အတွက် မည်သို့ အကြမ်းဖက်ခံနေရသည်ကို ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။ ဒီဇင်ဘာလ ၇ ရက်နေ့တွင် လည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ လူမဆန်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ် ၆ ဦးအပါအဝင် ရွာသား ၁၁ ဦးကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါသည်။

၈။        မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးကြေညာစာတမ်းပါ ခွဲခြားဆက်ဆံမှုပပျောက်ပြီး လူသား တို့၏ အခြေခံအခွင့်အရေးများရရှိရေး ကြိုးပမ်းလျက်ရှိရာ  ရိုဟင်ဂျာလူမျိုးများအား ဥပဒေများနှင့် အညီ နိုင်ငံသားဖြစ်ခွင့်ရရှိရေး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၌ မညီမျှမှုများအား လျှော့ချရန်နှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိရန်အတွက် စစ်အာဏာရှင်စနစ်အား တွန်းလှန်ကာ ပြည်သူများ လိုလားလျက်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရန် လိုအပ်လျက်ရှိပါသည်။

၉။        စစ်ကောင်စီအနေဖြင့် ကျူးလွန်လျက်ရှိသည့် ရက်စက်သော ရာဇဝတ်မှုများ၊ လူမဆန် သော သတ်ဖြတ်မှုများနှင့် ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူ ရမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများနှင့်အညီ လိုအပ်သည့် အရေးယူမှုများ ပြုလုပ် နိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ၁၀။   လူ့အခွင့်အရေး၏ အနှစ်သာရကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ ကာကွယ် စောင့်ရှောက် ထိန်းသိမ်းရန်မှာ လူသားမျိုးနွယ်စုများ၏ တာဝန်ပင်ဖြစ်သောကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားနေဆဲဖြစ်သော ရက်စက်သော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရပ်တန့်ရေး တောင်းဆို ပေးရန်နှင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် ဤလူ့အခွင့်အရေးနေ့ တွင် ထပ်မံတိုက်တွန်းအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-1784/
class=wp-image-1785/
class=wp-image-1786/
class=wp-image-1782/
class=wp-image-1783/

Scroll to Top