၁။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၇၆) ကြိမ်မြောက် အစည်းအဝေး၌ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုမှုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ရွှေ့ဆိုင်း လိုက်ခြင်းအတွက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုပါသည်။
၂။ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ၏ ကိုယ်စားပြုခွင့်နှင့် ပတ်သက်၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အရ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ယခင်အတိုင်း ဆက်လက်တာဝန်ထမ်းဆောင်သွားမည် ဖြစ်ပါသည်။
၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် အပေါ် မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် မိမိတို့ မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို ထင်ဟပ်စေပြီး မြန်မာပြည်သူအများစုအတွက် ကြီးမားသောခွန်အား ဖြစ်စေပါသည်။
၄။ ထို့အပြင် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ၊ စနစ်တကျ လုပ်ဆောင်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသည့် မြန်မာ စစ်တပ်၏ တရားဝင်မှုအား အသိအမှတ်ပြုမှုကို ထင်ဟပ်စေသည့် ပူးပေါင်းဆောင်ရွက်မှုများအားလုံးကို ရပ်ဆိုင်း ပေးရန် ကုလသမဂ္ဂနှင့် ၎င်း၏ အဖွဲ့အစည်းများကို တောင်းဆိုပါသည်။
၅။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တရားဝင် အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များအား အသိအမှတ်ပြုပေးပြီး လူသားချင်းစာနာထောက် ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက် မှုများ အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ထွန်းကားရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆက်လက်တောင်းဆိုပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

