၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်
ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှ အလှည့်ကျသဘာပတိကြီးနဲ့တကွ ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်များ၊ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ မြေပြင်တော်လှန်ရေးအင်အားစုများ၊ ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများနဲ့ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားကြတဲ့ နိုင်ငံတကာမှ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ဟာ နိုင်ငံတကာ ဒီမိုကရေစီနေ့ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ စံနှုန်းတွေကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၀၇ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်ကစလို့ ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာ ဒီမိုကရေစီနေ့ကို ကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေစီစနစ်က အာမခံပေးတဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှခြင်း စတဲ့ အခြေခံတန်ဖိုးတွေနဲ့ လူ့အခွင့်အရေးတွေကို နိုင်ငံသားများနဲ့ မျိုးဆက်သစ်တွေအနေနဲ့ ပိုမို နားလည်တန်ဖိုးထားပြီး အမြဲအမှတ်ရစေဖို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်သူတွေရဲ့ အသံနဲ့ ရင်ထဲက ဆန္ဒအမှန်ကို ကမ္ဘာကြီးက ပိုမိုသိရှိနိုင်စေဖို့အတွက် ဒီကနေ့လို အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဦးဆောင်ပြီး အလေးထားကျင်းပနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ငြိမ်းချမ်းစွာ ခံစားနေကြရချိန် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ အခြေခံတန်ဖိုးတွေအတွက် ပြည်သူတရပ်လုံးဟာ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ပြီး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ယနေ့အချိန်အထိလည်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကြမ်းကို ဖြတ်သန်းနေကြရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ရိုးရိုးသာမန် အထိမ်းအမှတ်နေ့တစ်နေ့ မဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှု၊ မျှော်လင့်ချက်နဲ့ ဒီမိုကရေစီအတွက် ပေးဆပ်မှုတွေကို ထင်ဟပ်နေဆဲ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာလည်း ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် သာမန်နိုင်ငံရေးဝေါဟာရတစ်ခု မဟုတ်ဘဲ သွေး၊ ချွေးနဲ့ အသက်ပေါင်း များစွာ ရင်းနှီးပေးဆပ်ပြီး တည်ဆောက်နေရတဲ့ တန်ဖိုးတစ်ခု ဖြစ်ပါတယ်။
ဒီနေရာမှာ အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အသက်ပေးလှူသွားကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဦးညွှတ်ဂါရဝ ပြုအပ်ပါတယ်။ အလားတူ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အသက် ဆုံးရှုံးခဲ့ရသူများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူများအပါအဝင် အပြစ်မဲ့ မိဘပြည်သူ တရပ်လုံးရဲ့ သောကနဲ့ နာကျင်မှုတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးပဲ ကိုယ်ချင်းစာ နားလည်ခံစားရပါကြောင်း လေးလေးနက်နက် ပြောကြားလိုပါတယ်။
ဒီမိုကရေစီဆိုတာ ကိုယ့်အခွင့်အရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်ရှိရုံမျှသာ မဟုတ်ဘဲ အခြားသူတွေရဲ့ အခွင့်အရေးတွေကိုလည်း အသိအမှတ်ပြု၊ လေးစားပြီး လိုက်နာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ အုပ်ချုပ်ရေးယန္တရားမှာ တာဝန်ရှိသူတွေအနေနဲ့ ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရကို လက်တွေ့အကောင်အထည်ဖော်ကြဖို့ လိုအပ်ပါတယ်။ အားလုံးပါဝင်တဲ့ စုပေါင်းခေါင်းဆောင်မှု၊ အပြန်အလှန်လေးစားတဲ့ ယဉ်ကျေးမှုတို့နဲ့သာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီးစ ဆယ်စုနှစ် တစ်ခုခန့်သာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ခဲ့ပြီး၊ အဲဒီနောက် ရာစုနှစ်ဝက်ကျော်ကြာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရပါတယ်။၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အကန့်အသတ်ရှိခဲ့တဲ့ ဒီမိုကရေစီကာလအတွင်းမှာပင် နိုင်ငံရဲ့ တည်ငြိမ်ဖွံ့ဖြိုးမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ စီးပွားရေးတိုးတက်မှုတွေဟာ ယခင်စစ်အာဏာရှင်အုပ်ချုပ်မှုကာလတွေနဲ့ ဘယ်လောက်ကွာခြားခဲ့တယ်ဆိုတာ ပြည်သူလူထုတရပ်လုံး မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြပါတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို မတရားလုယူခဲ့ပြီး ပြည်သူလူထုရဲ့ ဒီမိုကရေစီအိပ်မက်တွေကို ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် နိုင်ငံရဲ့ အလားအလာကောင်းတွေဟာလည်း ထပ်မံရိုက်ချိုးခံခဲ့ရပြန်ပါတယ်။
အခု ၂၀၂၆ ခုနှစ်ဆိုရင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပြည်သူတရပ်လုံး ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ ငါးနှစ်ကျော် လွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရုံသက်သက်သာ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူများ မျှော်လင့် တောင့်တနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရည်ရွယ်တဲ့ တိုက်ပွဲတစ်ရပ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ရရှိလာခဲ့ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုမရှိဘဲ အားလုံးတန်းတူ ပါဝင်ခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်မှာ မယိမ်းမယိုင် ဆက်လက်ချီတက်နေပါတယ်။
ဒီနေရာမှာ လက်ရှိမြေပြင်အခြေအနေနဲ့ ပြည်သူတွေရဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကိုလည်း မျက်ကွယ်ပြုလို့ မရပါဘူး။ မကြာမီရက်ပိုင်းအတွင်း တံတားဦးမြို့နယ်က စစ်ဘက်သုံး လေတပ် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့စဉ်က အပြည်ပြည် ဆိုင်ရာဥပဒေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ပြောဆိုခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လက်တွေ့မှာတော့ အရပ်သားပြည်သူများ၊ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများနဲ့ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကို အကြောင်းပြုပြီး လူငယ်များကို အတင်းအဓမ္မ စစ်တပ်ထဲသွင်းကာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ စိုးရိမ်ဖွယ် အခြေအနေတွေလည်း ရှိနေပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေရဲ့ သောကတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အပြည့်အဝ စာနာနားလည်သလို၊ ဒီဒုက္ခတွေကနေ အမြန်ဆုံး ကင်းဝေးစေဖို့အတွက်လည်း နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူသန်းပေါင်းများစွာအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးတကြီး လိုအပ်လျက်ရှိနေပါတယ်။
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ တော်လှန်ရေးခရီးကြမ်းအတွင်း၊ အထူးသဖြင့် ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေး အချိုးအကွေ့တွေမှာ တိုးတက်မှုတွေ ရှိခဲ့သလို စိန်ခေါ်မှု အသစ်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ပိုမိုအားကောင်းလာတာနဲ့အမျှ အခက်အခဲနဲ့ စိန်ခေါ်မှုတွေပါ ဒွန်တွဲလာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြေပြင်က အရှိတရားတွေနဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို မျက်ကွယ်ပြုမထားကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ အကြပ်အတည်းတစ်ခု ကြုံတိုင်း အပြန်အလှန် အပြစ်တင်နေကြတာထက် ဘယ်လို ပူးပေါင်း ဖြေရှင်းကြမလဲဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသူတွေအကြားမှာ ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေကို ကိုယ်တိုင် ပိုမိုခိုင်မာစွာ ကျင့်သုံးနိုင်ဖို့ လိုအပ်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့ ဖြိုချနေတာဟာ လက်နက်အားကိုးပြီး အဓမ္မအာဏာလုယူထားတဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် ဖြစ်ပါတယ်။ ဒီစနစ်ဆိုးကြီးကို အမြစ်ဖြတ်နိုင်ဖို့အတွက် မြေပြင်မှာ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေအကြား “သူတစ်လူ ငါတစ်မင်း” ဆိုတဲ့ အတွေးအခေါ်မျိုး မထားဘဲ ဘုံရည်မှန်းချက်နဲ့ တာဝန်ယူမှုတို့အပေါ် အခြေခံတဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ ပေါ်ပေါက်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီရဲ့ အဓိကတာဝန်ဟာလည်း အဖွဲ့တစ်ဖွဲ့ရဲ့ အမြင်ကို အခြားအဖွဲ့များအပေါ် ချမှတ်ဖို့ မဟုတ်ဘဲ အင်အားစုများအကြား ယုံကြည်မှုတည်ဆောက်ခြင်း၊ ဘုံသဘောတူညီချက်တွေ ပိုမိုခိုင်မာအောင် ဖော်ဆောင်ခြင်းနဲ့ အနာဂတ်ပြည်ထောင်စုရဲ့ နိုင်ငံရေးအခြေခံမူတွေကို အတူတကွ တည်ဆောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နေကြတာ ဖြစ်တဲ့အတွက် တစ်သံတည်း၊ တစ်မိန့်တည်းနဲ့ စနစ်တကျ စုစည်းညီညွတ်စွာ ချီတက်နိုင်မှသာ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်ကို ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ခေတ်အဆက်ဆက် သွေး၊ ချွေး၊ အသက်တွေ ပေးဆပ်ခဲ့ကြသူများရဲ့ မျှော်လင့်ချက်တွေ အချည်းနှီးမဖြစ်စေဖို့၊ ယနေ့ ပြည်သူတွေရဲ့ ပေးဆပ်မှုတွေကို လေးစားတန်ဖိုးထားဖို့နဲ့ အနာဂတ်မျိုးဆက်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ပြည်ထောင်စုသစ်ကို အမွေအနှစ်အဖြစ် ချန်ထားနိုင်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ပြည်သူ တရပ်လုံးရဲ့ ဆန္ဒတွေ ပြည့်ဝပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာ သည်အထိ ယုံကြည်မှုနဲ့ သွေးစည်းညီညွတ်မှုကို အခြေခံပြီး ဆက်လက်ချီတက်သွားကြပါစို့လို့ လေးလေးနက်နက် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။


