၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့
ယနေ့ အခမ်းအနားမှာ တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကောင်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိကိုယ်စား လှယ်များနှင့် နိုင်ငံတကာမှ တက်ရောက်လာကြတဲ့ အထူးဧည့်သည်တော်များ၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ တော်လှန်ရေးဘက်တော်သားများ အားလုံးကို နှုတ်ခွန်းဆက်လိုပါတယ်။
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ၊ ဒီမိုကရေစီနဲ့ပတ်သက်ပြီး ကနဦး အနေနဲ့ ပြောကြားလိုပါတယ်။ ဒီနေ့ခေတ် ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်လိုက်ရင် “ဂလိုဘယ်အခင်းအကျင်း” တစ်ခုလုံးမှာ ဒီမိုကရေစီအကျဘက် ရောက်နေတယ်လို့ အကြမ်းဖျင်း ကောက်ချက်ချလို့ ရနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီစစ်စစ် မဖြစ်ထွန်းခဲ့ဖူးသေးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကြီးမှာတော့ ဒီမိုကရေစီစနစ်ကို အပီအပြင် ကျင့်သုံးခဲ့တဲ့ နိုင်ငံအများ အပြား ရှိပါတယ်။ ယနေ့ ကမ္ဘာ့အခင်းအကျင်းမှာ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် ဒီမိုကရေစီရေချိန်ဟာ အကျဘက်ကို ရောက်နေတဲ့ သက်သေ/ သာဓကတွေ ခပ်များများတွေ့လာ ရပါတယ်။ ကျွန်တော်တို့နိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းထဲမှာ၊ နောက်ကြောင်းပြန်သွားတဲ့ နိုင်ငံတစ်ခုအဖို့တော့ ပြောဖွယ်ရာ မရှိဘူးလို့ ယူဆပါတယ်။ ဒီမိုကရေစီ ဖြစ်စဉ်ဆိုတာလည်း ကမ္ဘာကြီးမှာ တိုးလိုက် / ဆုတ်လိုက်နဲ့ တရွေ့ရွေ့ ရှေ့တိုးနေရတဲ့သဘောမှာ ရှိတယ်လို့ ထင်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ကတော့ ဒီမိုကရေစီလှိုင်းဟာ “ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ်” သဘောမျိုးနဲ့ ချီတက်ကြရတဲ့ ပုံစံရှိတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ကမ္ဘာကြီးဟာ ဒီမိုကရေစီဆုတ်ကပ်နဲ့ ကြုံနေတဲ့ အခါသမယ ဖြစ်တယ်လို့ ယေဘုယျပြောနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း စစ်အာဏာသိမ်းမှုနဲ့ ကြုံပြီး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ရပ်တန့်သွားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါတွေ အားလုံးဟာ ဒီမိုကရေစီရဲ့ ချို့ယွင်းမှုဆိုတာထက် လူသားအတ္တတွေနဲ့ လူ့ဗီဇသဘာဝတွေရဲ့ အမှောင်ဘက်အခြမ်းက သက်ရောက်မှုတွေကြောင့်၊ ဒီမိုကရေစီဟာ “ဆုတ်ကပ်” နဲ့ ကြုံရတယ်လို့ ပြောနိုင်ပါတယ်။ တကယ်တော့ ဒီမိုကရေစီ စနစ်ကို လေ့လာကြည့်ရင်၊ အားနည်းချက် အနည်းဆုံးသော စနစ်တစ်ခုဖြစ်တာကို တွေ့ရပါတယ်။ ဒီမိုကရေစီဟာ အုပ်ချုပ်သူ အစိုးရတစ်ရပ်အတွက် အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်သလို၊ တစ်ဖက်မှာလည်း အအုပ်ချုပ်ခံပြည်သူ တွေရဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို လူ့အခွင့်အရေးနဲ့အညီ ပေးစွမ်းနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီဆိုတာဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် လိုအပ်တဲ့ နိုင်ငံရေး အတွေးအခေါ်တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်း အသီးသီးကို ဖြတ်သန်းချီတက်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်သူ့ဒီမိုကရေစီအတွက် အသက်နဲ့ ခန္ဓာကို မြှုပ်နှံစတေးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်း အမြောက်အမြားလည်း မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိ ဒီမိုကရေစီရေးတိုက်ပွဲတွေအတွက် အသက်နဲ့ စည်းစိမ်ကို ပေးဆပ်မြှုပ်နှံကြတဲ့ ရဲဘော်ရဲဘက်အပေါင်းကိုလည်း ယနေ့ အခမ်းအနားကနေ လေးစားဦးညွှတ်ကြောင်းပြောလိုပါတယ်။
ကျွန်တော်တို့ နိုင်ငံအတွက် ဒီမိုကရေစီဟာ တိုင်းပြည်နဲ့ ပြည်သူတစ်ရပ်လုံးမှာ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံဟာ လူမျိုးစု အမှတ်သရုပ်ပေါင်းစုံ- များပြားစုံလင်တဲ့ တိုင်းပြည်တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ် တစ်ခုတည်းနဲ့ မပြည့်စုံနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲသည့်အတွက် ဖက်ဒရယ်စနစ်ကိုပါ ထည့်သွင်း တည်ဆောက်ဖို့ လုပ်ကြရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ အားလုံး ဖြတ်သန်းချီတက်နေတဲ့ “နွေဦးတော်လှန်ရေး” ဟာ၊ “ဖက်ဒရယ်ဒီမိုကရေစီစနစ်” နဲ့ တိုင်းသစ်ပြည်သစ်တည်ထောင်ဖို့အတွက် ကြိုးစားနေကြတဲ့ ရုန်းကန်မှုကြီးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ – ဒီမိုကရေစီစနစ်ကို လိုလားသလို၊ ဖက်ဒရယ်စနစ်ကို တောင့်တမျှော်လင့်နေကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာတင် လမ်းမဆုံးစေဘဲနဲ့ ဖက်ဒရယ်လှုပ်ရှားမှုတွေကိုပါ မျဉ်းပြိုင်သဖွယ် တွန်းတင်,ဖော်ထုတ်ကြဖို့ လိုပါတယ်။ ၁၉၈၈ ခုနှစ်ဟာ လူထုဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံ တစ်ခုဆိုရင်၊ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံတစ်ခု လို့ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပိုမိုပြည့်စုံတဲ့ လူမှုနိုင်ငံရေးစနစ်တစ်ခုဆီကို ဦးတည်ကြရမှာ ဖြစ်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးဟာ SCEF လို့ ခေါ်တဲ့ “တပ်ပေါင်းစုံ သဏ္ဍန်” တော်လှန်ရေးတပ်ဦးတစ်ခုကို အတူတကွ ဖော်ဆောင်နေကြပါတယ်။ ဒါဟာ ဘာအတွက်လဲ ဆိုရင်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ထုတ်တိုက်ဖျက်ပစ်ဖို့ လိုပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေတဲ့ နိုင်ငံမျိုးမှာ၊ ဖက်ဒရယ်ဒီမိုကရေစီသစ်ပင်ကြီးဟာ ကြီးထွားရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ တစ်ဖက်မှာ တော်လှန်ရေးတာဝန်တွေကို လုပ်ဆောင်နေသလို၊ တစ်ဖက်မှာလည်း တည်ဆောက်ရေးတာဝန်တွေကို ထမ်းရွက်နေပါတယ်။ ဒါဟာ အမာနဲ့ အနုလို သဘောတရားမျိုး ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးရဲ့ ခေါင်းဆောင်မှုဟာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် သိမ်မွေ့ပါးနပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူတစ်ရပ်လုံးဟာ လက်ရှိ ဖွဲ့စည်းထားပြီးဖြစ်တဲ့ SCEF ရဲ့ တော်လှန်ရေးတပ်ပေါင်းစု၏ ခေါင်းဆောင်မှုနောက်ကို ယုံကြည်စွာ လိုက်ပါနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်တော်တို့ ယနေ့ ကြုံတွေ့ဖြတ်သန်းနေရတဲ့ တော်လှန်ရေးဖြစ်စဉ်ကြီးဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဖက်ဒရယ်လှုပ်ရှားမှု လှိုင်းနှစ်ခုကို ဟန်ချက်ညီညီ မောင်းနှင်နေတဲ့ သမိုင်းကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီမိုကရက်တစ် (Democratic) တွေနဲ့ ဖက်ဒရယ်လစ် (Federalist) တွေအကြား အပြန်အလှန် / အညီအညွတ် / အပေါင်းအစပ်ပြုရေးကို ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။


