Home / မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ(ပထမအကြိမ်) အစည်းအဝေး (ပထမနေ့) ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှာစကား

မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ(ပထမအကြိမ်) အစည်းအဝေး (ပထမနေ့) ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှာစကား

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
 
ဒီကနေ့အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ အဖွဲ့အစည်းအသီးသီးက လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများ၊ ကိုယ်စားလှယ်များ၊ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ဒီကနေ့အခမ်းအနားကို အွန်လိုင်းကနေ Live လွှင့်တာကို ကြည့်ရှုနေကြတဲ့ ပြည်သူလူထုများ၊ ဧည့်သည်တော်ကြီးများအားလုံး တစ်ဦးချင်းစီ တိုင်းကို လေးစားပါကြောင်းနှင့် ကျန်းမာကြံ့ခိုင်ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဦးစွာ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ဒီကနေ့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်း မှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကိုယ်စား ကျနော့်အနေနဲ့ အမှာစကားပြောကြားခွင့်ရတဲ့အတွက်လည်း အလွန်အင်မတန်မှ ကျေးဇူးတင်ဂုဏ်ယူရပါတယ်။
 
ဒီကနေ့အခမ်းအနားကို မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီက ပြင်ဆင်ရေးဆွဲထားတဲ့ မန္တလေး ဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ကို ပမာဏအဆင့် အတည်ပြုနိုင်ရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်တယ်လို့ သိရပါတယ်။ ဒီအခြေအနေမျိုးထိ ရောက်ရှိအောင် လုံ့လဥသဟ စိုက်ထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်အသီးသီးကိုလည်း လေးစားဂုဏ်ယူကြောင်း ထပ်မံပြောကြားလိုပါတယ်။ 
 
လုပ်ငန်း ကော်မတီကို မန္တလေးဒေသ ကိုယ်စားပြု ရွေးကောက်ခံလွှတ်တော် ကိုယ်စား လှယ်များအပါအဝင် နိုင်ငံရေးပါတီများ၊ အစုအဖွဲ့ ကိုယ်စားလှယ်များ၊ လူထုသပိတ် အဖွဲ့အစည်း၊ CDM၊ သမဂ္ဂနှင့် အစုအဖွဲ့ကိုယ်စားလှယ်များ၊ လူထုသပိတ်အဖွဲ့အစည်းများ၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTQ၊ ကျောင်းသား၊ လူငယ်၊ လူနည်းစုလူမျိုးများ၊ ပ.က.ဖ၊ ပ.အ.ဖ စတဲ့ ပါဝင်သင့်ပါဝင်ထိုက်သူများနဲ့ အစုအဖွဲ့စုံလင်စွာ အင်အားကောင်းကောင်းနဲ့ စုစည်းပြီး တော့ ဖော်ဆောင်နေကြတယ်ဆိုတာကိုလည်း ကျနော် ကောင်းကောင်းသိရပါတယ်။ လုပ်ငန်း ကော်မတီအနေနဲ့ ပြည်သူလူထုထံမှ အကြံပြုမှု၊ လမ်းညွှန်ထောက်ပြမှုများကို ဝမ်းမြောက်စွာ ကြိုဆိုပြီးတော့ ဒီလုပ်ငန်းတစ်ရပ်လုံး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားဆောင်ရွက် ခဲ့ကြတာကိုလည်း အသိအမှတ်ပြု ဂုဏ်ယူလျက် ရှိပါတယ်။ 
 
မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဥ်ဟာ မန္တလေးဒေသအတွက်သာမက နိုင်ငံတစ်ဝှမ်းလုံးအတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ CRPH ရဲ့ ဥပေဒရေးရာကော်မတီအပါအဝင် လုပ်ငန်းကော်မတီများနဲ့ ၇-၁၀-၂၀၂၄ ရက်နေ့မှာ တစ်ကြိမ်၊ ၇-၈-၂၀၂၅ ရက်နေ့မှာ တစ်ကြိမ် တွေ့ဆုံပြီးတော့ မိမိတို့ရဲ့ သုံးသပ်အကြံပြုချက်များကို အသေးစိတ် ဆွေးနွေးမျှဝေပေးခဲ့ပါတယ်။ ခိုင်မာအားကောင်းတဲ့ ရည်ရွယ်ချက်များနဲ့ ရေးဆွဲထားတဲ့၊ အင်အားစုအသီးသီးရဲ့ဆွေးနွေးမှုရလဒ်တွေကို အခြေတည် ထားတဲ့ ဒီအစီအမံဟာ မန္တလေးဒေသပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
 
ကျနော်တို့ရဲ့နွေဦးတော်လှန်ရေးကြီးဟာ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကို အရင်းခံပြီး ရှင်သန်ကြီးထွားလာရတဲ့တော်လှန်ရေးကြီးဖြစ်တာမို့ ပြည်သူလူထုရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ပေးဆပ်မှုတွေဟာ တကယ်ကို နိုင်ငံအတွက် ဂုဏ်ယူလေးစားစရာ သမိုင်းမှတ်တမ်းပင် ဖြစ်ပါတယ်။ ပြည်သူလူထုဟာ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ ပင်ပန်းပင်ပန်း ဒီခရီးကြမ်းကို ယနေ့အချိန်ထိ ယုံကြည်စွာ လျှောက်လှမ်းနေကြဆဲဖြစ်ပါတယ်။ ပြည်သူများရဲ့ခရီးဆုံးပန်းတိုင် နွေဦးတော်လှန်ရေး အောင်ပွဲဟာ မုချမသွေအောင်မြင်ရမယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီလိုရောက်ရှိကြဖို့လည်း ကျနော်တို့တွေ အတူတကွ ဆက်လက်ရုန်းကန်ပါဝင်ကြရအုံးမှာလည်း ဖြစ်ပါတယ်။ ပြည်သူ့ ထောက်ခံမှုမရှိ၊ ပြည်သူရဲ့ဆန္ဒသဘောထား မပါဘဲ နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူထား တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တရားဝင်မှုမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဒီကာလမှာ ပြုလုပ်ဖို့ ဥပဒေလို့ အမည်တပ်ထားတဲ့ ဖိနှိပ်ချုပ်ချယ်ပြီး ပြည်သူလူထုကို နှိပ်ကွပ်တဲ့ ပြဋ္ဌာန်းချက် တွေနဲ့  ဆောင်ရွက်လာတာ ကျနော်တို့ တွေ့နေရပါတယ်။ ဒီလိုဆောင်ရွက်လာတာနဲ့အညီ ကျနော်တို့ ပြည်သူများအပါအဝင် တော်လှန်ရေးအင်အားစုများအနေနဲ့လည်း လက်တွဲညီညီနဲ့ ဘယ်လိုတုံ့ပြန် ဆောင်ရွက်သွားကြမလဲဆိုတာလည်း ပိုပြီးသတိထားလှုပ်ရှားဆောင်ရွက်သွားကြဖို့လည်းရှိပါတယ်။
 
နိဂုံးချုပ်အနေနဲ့ မန္တလေးဒေသရှိ တော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ မန္တလေး ဒေသ ကြားကာလ အစီအမံ (မူကြမ်း) ပဏာမအဆင့် အတည်ပြုရေးလုပ်ငန်းစဉ် ဆောင်ရွက် ပြီးသွားတဲ့နောက်မှာလည်း အနာဂတ်လုပ်ငန်းစဉ်များကို ပြည်သူလူထုရဲ့ စုစည်းခိုင်မာမှု အင်အား များနဲ့ ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်လျက် အောင်ပွဲများကိုလည်း ဆက်လက်ဆင်နွှဲသွား နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် နိဂုံးချုပ်အပ်ပါတယ်။
 
အားလုံးကို လေးစားပါတယ်။
 
အရေးတော်ပုံ မုချအောင်ရမည်။
Scroll to Top