စက်တင်ဘာလ ၁၅ ရက်
ဒီကနေ့ ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားသို့ တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတကြီးနဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်အမှူးပြုတဲ့ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ CDMကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးက ဖိတ်ကြားထားသည့် သံတမန်များ၊ ဧည့်သည်တော်များနှင့်တကွ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် ကို ကြည့်ရှုနေကြတဲ့ ပြည်သူများအားလုံး ကိုယ်စိတ်နှစ်လုံး ကျန်းမာချမ်းသာကာ ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သည့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းတို့ကို ရရှိခံစားနိုင်ကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာပြုအပ်ပါတယ်။
ဒီမိုကရေစီတန်ဖိုးကို ထိန်းသိမ်းကာကွယ်ဖို့၊ မြှင့်တင်ဖို့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ ကို ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံရေးအယူအဆအမျိုးမျိုး လက်ခံကျင့်သုံးခဲ့ကြသော်လည်းပဲ ဒီမိုကရေစီစနစ်သာလျှင် ယနေ့လူမှုအဖွဲ့ အစည်းများအတွက် လိုက်နာကျင့်သုံးသင့်သည့် စနစ်တစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းမှာ လက်ခံကျင့်သုံးနေကြတာ ဖြစ်ပါတယ်။
ယခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သည့် “ဒီမိုကရေစီခိုင်မာဖို့ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စို့” ဆိုတဲ့ဆောင်ပုဒ်ဟာ ဒီမိုကရေစီ၏ အနှစ်သာရနှင့် ဒီမိုကရေစီ၏ အခွင့်အရေးများဟာ သတင်းလွတ်လပ်ခွင့်နှင့် သတင်းရရှိခွင့်တို့နှင့် ဘယ်လောက်တစ်သားတည်းကျတယ်၊ ဘယ်လောက် တစ်ထပ်တည်းကျပြီး အရေးကြီးသလဲဆိုတာ ဖော်ဆောင်တဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ တစ်ပြိုင်နက်ထဲ မှာပဲ ဒီလိုဆောင်ပုဒ်ထုတ်ပြီးကြေညာနေရတာသည်ပင်လျှင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ စုဝေးခွင့်၊ ဒီမိုကရေစီစံနှုန်းများ သွေဖီမသွားစေရန် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ သတင်း ရရှိပိုင်ခွင့်တွေအပေါ်မှာ ကန့်သတ် တားဆီးမှုတွေရှိနေဆဲဖြစ်တယ်ဆိုတာကိုလည်းပဲ မီးမောင်း ထိုးပြနေခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အင်တာနက်ဖြတ်တောက်မှုများ အပါအဝင် သတင်းအချက်ရယူပိုင်ခွင့်ကို ပိတ်ပင် တားဆီးနေသည့်အပြင် လုပ်ကြံသတင်းမှားများဖြင့် နိုင်ငံတကာနှင့် ပြည်သူကို မမှန်မကန် ဝါဒဖြန့်လျက်ရှိပါတယ်။
ဥပဒေ၏ အကာအကွယ်ပေးမှုနှင့် လူ့အခွင့်အရေးများ ခံစားပိုင်ခွင့် မရှိရင် ဒီမိုကရေစီ နိုင်ငံရယ်လို့ မသတ်မှတ်နိုင်တဲ့ နိုင်ငံပဲဖြစ်ပါတယ်။ ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ဒီမိုကရေစီကို လက်နက်နှင့် အာဏာအားကိုးပြီး ဖျက်စီးရန် ကြိုးစားနေတာကြောင့် နိုင်ငံအချို့မှာ ဒီမိုကရေစီ ရှင်သန်နိုင်ရေးအတွက် ယနေ့ထိတိုင် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
ပြီးခဲ့သည့်နှစ်၊ ဖေဖော်ဝါရီလမှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင် သည့် စစ်ကောင်စီက ပြည်သူ့အာဏာကို လက်နက်အားကိုးနှင့် သိမ်းယူရန် ကြိုးပမ်းခဲ့သည့် အတွက် ပြည်သူနှင့် အစိုးရ လက်တွဲညီညီ ကြိုးပမ်းတည်ဆောက်ထားသည့် တိုးတက်မှုများဟာ အလုံးစုံ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု စဖြစ်တဲ့ အချိန်ကတည်းက ဝန်ထမ်းတွေကအစ ငြိမ်းချမ်းစွာ ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပြီး အင်အားကြီးလှတဲ့ လူထုအုံကြွမှုကြီး နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်သူတွေကို ကာကွယ်ဖို့ သစ္စာအဓိဋ္ဌာန် ပြုထားကြတဲ့ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကြတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ ဒါဟာ သူတို့ကိုယ်ကျိုးကိုပဲ ကြည့်တတ်တဲ့ အကြမ်းဖက် ဖက်စစ် စစ်အုပ်စုရဲ့ ပြည်သူ့အပေါ် ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုပြီးကတည်းက ယနေ့အထိ မတရားဖမ်းဆီးခံရသူများ၊ လူမဆန်စွာ သတ်ဖြတ်ခံရသူ အရေအတွက်ဟာ အင်မတန် များပြားနေပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် တောင်းဆိုခဲ့ကြသည့် မြန်မာပြည်သူများအပေါ် အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်း၊ စစ်ကြောရေးမှာနှိပ်စက်သတ်ဖြတ်ခြင်း နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း အပါအဝင် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် သေဒဏ်ပေး သတ်ဖြတ်မှုများကိုပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပြီ ဖြစ်ပါတယ်၊ ကျူးလွန်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူကို ကာကွယ်ရမည့် စစ်တပ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လူနေရွာတွေကို လေကြောင်းက ဗုံးကြဲတာတွေ၊ အိမ်တွေကို မီးရှို့တာတွေ၊ စစ်ဘေးရှောင် ပြည်သူတွေကို နှိပ်စက်မုဒိန်းကျင့်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေ နိုင်ငံအနှံ့ ကျူးလွန်နေကြတာကို ဒီကနေ့ မျက်မြင်ကိုယ်တွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါဟာ ၎င်းတို့အာဏာတည်မြဲဖို့ ဒီမိုကရေစီအရေးလှုပ်ရှားသူ မှန်သမျှအား နည်းအမျိုးမျိုးဖြင့် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာ အထင်းအရှားဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ဒီမိုကရေစီကို ဆန့်ကျင်ပြီးတော့၊ ဒီမိုကရေစီနိုင်ငံ တည်ထောင် နိုင်ရန် ကြိုးပမ်းခဲ့ကြသည့် ပြည်သူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည့် လူသတ် ခေါင်းဆောင် ဖက်ဆစ်စစ်အာဏာရှင်ဟာ ဒီမိုကရေစီဆိုသည့် စကားလုံးကို တွင်တွင်သုံးပြီးတော့ နိုင်ငံတကာဖိအားများ လျော့ကျစေရန် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ ကျင်းပပေး မည်ဆိုကာ နိုင်ငံတကာကို လှည့်စားရန် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။
အာဏာရှင်တို့က ကျင်းပသည့် ရွေးကောက်ပွဲဆိုတာ ဘယ်သောအခါမျှ တရားမျှတ လွတ်လပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ကန့်သတ်ပြီးတော့ ၎င်းတို့ လိုချင်သည့် ရလဒ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြတာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲက သက်သေပဲ ဖြစ်ပါတယ်။
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်၊ လွတ်လပ်စွာယှဉ်ပြိုင်ခွင့် မရှိသည့်အပြင် အကျိုး စီးပွားတူ နိုင်ငံရေးပါတီများဖြင့် အယောင်ပြ ရွေးကောက်ပွဲ သက်သက်သာ ဖြစ်ပါတယ်။ အတိုက်အခံ မရှိသည့် ရွေးကောက်ပွဲ ဖြစ်အောင်လည်းပဲ ဒီကနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်နေပြီးတော့ ပါတီဝင်တွေ၊ ကိုယ်စားလှယ်တွေများဟာ မတရားဖမ်းဆီး သတ်ဖြတ်ခံနေရလျက် ရှိပါတယ်။
ကုလသမဂ္ဂအပါအဝင် ကမ္ဘာနိုင်ငံများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးနှင့် လုယူထားသည့် တရားမဝင် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည်ကို အထူးသတိပြုရန် လိုအပ်ပါတယ်။ သတိပြုနေပြီလို့လဲ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်ခွင့်အပါအဝင် နိုင်ငံ၏ အရေးအရာများကို လုပ်ပိုင်ခွင့်မရှိသည်ကိုလည်းပဲ ထောက်ပြ လိုပါတယ်။ အာဏာရှင်ကို အသိအမှတ် မပြုခြင်း၊ အာဏာရှင်နှင့် ပူးပေါင်း ဆောင်ရွက်မှု မပြုခြင်းဖြင့် ဒီမိုကရေစီကို ကာကွယ်ပေးကြဖို့လည်း လိုအပ်ပါတယ်။
ကမ္ဘာမှာ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများ ခိုင်မာအားကောင်းပြီးတော့ တည်တံ့ နိုင်အောင် ဆိုတာကတော့ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်သည့် စစ်အာဏာရှင်များကို ပြတ်ပြတ် သားသား အပြစ်ပေးအရေးယူရမှာ ဖြစ်ပါတယ်။ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်ဟာ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်သည့် ရာဇဝတ်မှုတွေကို ကြီးမားကျယ်ပြန့်စွာ ကျူးလွန်နေသည့် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်ပါတယ်။ လူသတ်ခေါင်းဆောင်ကို နိုင်ငံတကာဥပဒေများနှင့် အညီ ကမ္ဘာ့တရားရုံးများမှာ ထိုက်တန်စွာ အပြစ်ပေး အရေးယူခြင်းဖြင့် မတရားမျှတမှုတွေကို ပြန်လည်ကုစားနိုင်မည့် တရားမျှတမှုကို ဖော်ထုတ်ဖို့ရန်အတွက် ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ရရှိပြီး ငြိမ်းချမ်းတည်ငြိမ်သော လူ့အသိုက် အဝန်း တည်ဆောက်နိုင်ရေးအတွက်၊ ဒီမိုကရေစီရရှိရေးအတွက် အသက်ပေး ကြိုးပမ်းနေသည့် မြန်မာပြည်သူများနှင့် အတူရပ်တည်ပေးရန်လည်းပဲ လိုအပ်ပါတယ်။ ပြည်သူလူထုဆန္ဒဖြင့် ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းများ၊ ပြည်သူကယုံကြည် အားကိုးရသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို တရားဝင်အသိအမှတ်ပြုပြီး လက်တွေ့ကျသော ထိရောက်သည့် ပံ့ပိုးကူညီရန် ချက်ချင်းဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း ယနေ့အခမ်းအနားကနေ အထူး တင်ပြလိုပါတယ်။
မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာပြည်သူလူထုကဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် တရားဝင် အဖွဲ့အစည်းဖြစ်ပါတယ်။ မိမိတို့အနေဖြင့် ပြည်သူ့အစိုးရ တစ်ရပ် ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ကာ တိုင်းပြည် အုပ်ချုပ်ရေးကဏ္ဍများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေတာကို နိုင်ငံတကာအသိုက်အဝန်းက သိရှိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ပြည်သူကိုယ်စားပြု အဖွဲ့အစည်းများကို အသိအမှတ်ပြုပြီးတော့ ချိတ်ဆက်ဆောင်ရွက် ရန် တာဝန်ပျက်ကွက်ခြင်းဟာ ပြည်သူတို့၏ ဒီမိုကရေစီလှုပ်ရှားမှုများကို အားလျော့စေရန်၊ အားနည်းသွားစေအောင် တွန်းပို့နေတယ် ဆိုတဲ့အနေအထားမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီကို ချစ်မြတ်နိုး တန်ဖိုးထားသည့် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများက သတိပြုမိမယ် လို့လည်းပဲ ကျွန်တော်တို့ယုံကြည်ထားပါတယ်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပြည်ထောင်စု အတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ ပြင်းပြသော စိတ်ဆန္ဒ၊ ခိုင်မာသော ယုံကြည်ချက်များဖြင့် အတူတကွလက်တွဲ ကြိုးပမ်းသွားကြပါစို့လို့ တိုက်လွန်းလိုပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်းပဲ အသက်ပေး ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများ၊ ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းများကို ထိရောက်စွာ ပံ့ပိုးကူညီခြင်းဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိပြီးတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ လူ့အခွင့်အရေးများအတွက် အာမခံချက်ရှိသည့် တည်ငြိမ်အေးချမ်းသော နိုင်ငံအဖြစ် တည်ဆောက် နိုင်ရေး မိမိတို့နှင့်အတူတူ လက်တွဲကြိုးပမ်းကြပါစို့လို့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ လေးလေး နက်နက် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
ဒီမိုကရေစီ ခိုင်မာရှင်သန်ပါစေ။
အာဏာရှင်များ ကျရှုံးပါစေ။
နွေဦးတော်လှန်ရေး မုချအောင်ရမည်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အားလုံးကို လေးစားပါတယ်။