၂၅-၉-၂၀၂၆ ရက် (သောကြာနေ့)၊ နံနက် ၁၀ နာရီ
ယနေ့ကျင်းပတဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဒွါဒသမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင်နှင့်တကွ မကွေးဖက်ဒရယ်ယူနစ်မှ လွှတ်တော်ကိုယ်စားလှယ် များ၊ တက်ရောက်လာကြတဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ တော်လှန်ပြည်သူများအားလုံး နေ့ရက်တိုင်းမှာ ကောင်းခြင်းမင်္ဂလာ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ယခုလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ကိုယ်စား တက်ရောက်မိန့်ခွန်းပြောကြားဖို့ ဖိတ်ကြားလာမှုအတွက်လည်း ဝမ်းမြောက်စွာ ဂုဏ်ယူပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီးရုံ သာမက သက်ဆိုင်ရာကဏ္ဍအလိုက် တော်လှန်ရေးကာလအနေနဲ့ရော၊ အသွင်ကူးပြောင်းရေး ကာလအတွက်ပါ လိုအပ်တဲ့ ဥပဒေတွေ ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်းပေးနိုင်နေခြင်းဟာ အင်မတန်မှ အရေးကြီးတဲ့ နိုင်ငံရေးအင်အားတစ်ခု၊ ပြည်သူရဲ့ ကိုယ်စားပြုမှုကို အတိအလင်းချပြနိုင်တဲ့၊ ကမ္ဘာသိ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီကနေ့ Agenda အတိုင်း ရှေ့ဆက်ဆောင်ရွက် သွားမယ့်၊ အကောင်အထည်ဖော်ဆောင်မယ့် လုပ်ငန်းစဉ်များကိုလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့ ပြည်သူများနဲ့အတူတူ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးကို ဘယ်တုန်းကမှ ထည့်မတွက်ဘဲနဲ့ သူတို့ရဲ့အာဏာရှင်ယန္တရားကြီး ရှေ့ဆက်မောင်းနှင်ခရီးဆက်နိုင်ဖို့ပဲ စစ်ရာဇဝတ်မှု တွေ ကျူးလွန်၊ တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူများအကြားမှာ သွေးခွဲသပ်လျှိုလှုပ်ရှားမှု နည်းလမ်း အမျိုးမျိုးကို ကြံဆလုပ်ဆောင်နေတာ အထင်အရှားတွေ့မြင်နေရပါတယ်။
ပြည်သူ့ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုပြီး ပြည်သူအတွက် လွှတ်တော်တစ်ရပ်ရဲ့ တာဝန်ကို အခုလိုထမ်းဆောင်နေတဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ ဆောင်ရွက်နိုင်မှုများ ဟာ အာဏာရှင်များကျဆုံးရေးအတွက် အလွန်ထိရောက်တာကြောင့်လည်း အပြင်းအထန် တုန့်ပြန် ကောက်ကျစ်ကြမှာလည်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ အာဏာရှင်ရှင်သန်ရေး လုပ်ဆောင်ချက်များအတိုင်း လုပ်ဆောင်နေကြရုံသာမက ဒီ(၅)နှစ်တာကာလမှာ အရပ်သားပြည်သူ တွေအပေါ် ရည်ရွယ်ချက်ရှိရှိ အဓိကပစ်မှတ်ထားပြီး လေကြောင်းရော လက်နက်ကြီးများနဲ့ပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ၊ မီးရှို့ဖျက်ဆီးနေတာတွေအပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန် နေတဲ့သူတွေဆီမှာ ပြည်သူ့အာဏာကိုကိုယ်စားပြုခွင့်မရှိဘူးဆိုတာ ပြည်သူများနဲ့ နိုင်ငံတကာကို အထင်အရှားပြသနိုင်တဲ့ နိုင်ငံရေးအနှစ်သာရတစ်ခုလည်းဖြစ်ပါတယ်။
ဒီကနေ့ မကွေးဖက်ဒရယ်ယူနစ်က လွှတ်တော်ခေါ်ယူတယ်ဆိုတာ လွယ်လွယ်ကူကူ ဆောင်ရွက်ရတာမျိုးမဟုတ်ဘဲ တော်လှန်ရေးအတွင်းမှာ ကာလရှည်ကြာစွာကတည်းက ဘယ်လောက်ရုန်းကန်ခဲ့ကြရသလဲဆိုတာ မကွေးဖက်ဒရယ်ယူနစ်အတွင်းမှာရှိတဲ့ ပြည်သူများရော မြန်မာပြည်သူများပါ အားလုံးသိရှိနားလည်နိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်တယ်လို့ မြင်ပါတယ်။
ပြည်တွင်းပြည်ပပါမကျန် မကွေးဖက်ဒရယ်ယူနစ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရှေ့ဆက်ကျူးလွန် လုပ်ဆောင်သွားမယ့် အကြမ်းဖက်လုပ်ရပ်တွေကို တန်ပြန်ကာကွယ်နိုင်ဖို့နဲ့ ဒီလိုအခြေအနေမျိုးကို တော်လှန်နိုင်ဖို့ရာအတွက် ဗျူဟာကျကျ ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်နေကြဖို့လည်း အင်မတန်မှ အရေးတကြီး လိုအပ်နေတဲ့ကာလ ဖြစ်ပါတယ်။
မုန်တိုင်းကြားက ရုန်းထရှင်သန်နေတဲ့၊ လှိုင်းတပိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ မကွေး ဖက်ဒရယ်ယူနစ်လွှတ်တော်၊ အစိုးရနှင့်အတူ မကွေးဖက်ဒရယ်ပြည်သူများဟာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် အရောင်အသွေးစုံလင်တဲ့ မျိုးစေ့ကောင်းများကို စိုက်ပျိုးကြဲချ နေသလိုပဲလို့ မြင်မိပါတယ်။ ဘယ်လောက်ခက်ခဲတဲ့ ပဟေဠိပုစ္ဆာဖြစ်ပါစေ ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုက ရှိစမြဲဖြစ်တာမို့ မကွေးဖက်ဒရယ်ယူနစ်အနေနဲ့ ကြုံလာသမျှ အခက်အခဲတွေ ကို အတူတကွ ညှိနှိုင်းဖြေရှင်းသွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ ရှေ့ဆက်ဆောင်ရွက်သွား မယ့် လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း ဆက်လက်ကြိုးစားဆောင်ရွက်သွားနိုင်ဖို့နဲ့ ယုံကြည်ချက်ရှိရှိနဲ့ ဦးတည်ရာပန်းတိုင်ဆီသို့ အရောက်သွားနိုင်ဖို့ မိမိတို့အနေနဲ့ တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်သွားဖို့ရာလည်း အမြဲအဆင်သင့်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့လည်း ယခုလာမယ့်ရက်ပိုင်းတွေမှာ ကျင်းပ မယ့် (၁၅၃) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ပြီး မြန်မာပြည်သူတို့ရဲ့ ဆန္ဒအစစ်အမှန်ကို ထုတ်ဖော်ပြောကြားပြီး လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာကြာအောင် ကျင့်သုံးစိုးမိုးလာတဲ့ အာဏာရှင်များနဲ့ အာဏာရှင်စနစ်ရဲ့ အုတ်မြစ်ကို ဖြိုဖျက်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခုမဟုတ်တာကြောင့် ကျွန်တော်တို့ ဒီကနေ့ရရှိထားတဲ့ ပြည်သူ့ဆင့်လွှဲ အခွင့်အာဏာနဲ့ တာဝန်ကို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန် ပြည်သူအင်အားစုများနဲ့အတူ ယုံကြည်ချက်အတိုင်း ခရီးဆုံးအထိ အောင်မြင်စွာ ချီတက်နိုင်ကြမယ် လို့ ယုံကြည်အားသစ်ရပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကို လေးစားပါတယ်။


