၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့တကွ မကွေးဖက်ဒရယ်ယူနစ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒီကနေ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ ဒသမပုံမှန်အစည်းအဝေးကို အားဖြည့်တက်ရောက်ပေးကြတဲ့ ဧည့်သည်တော်ကြီးများဖြစ်ကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ ဝင်နှင့် ဗဟိုအလုပ်မှုဆောင်များအပါအဝင် ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိဧည့်သည်တော်ကြီးများ အားလုံးနှင့်တကွ မကွေးဒေသ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ပြည်သူလူထုတစ်ရပ်လုံးကို လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
ဒီကနေ့ ရင်ဆိုင်နေရတဲ့ စစ်မီးဒုက္ခအပေါင်းမှ ကင်းဝေးပြီးတော့ အေးချမ်းသာယာတဲ့ နိုင်ငံတော်သစ်ကြီးကို အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်းလည်း မေတ္တာပို့သအပ်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ မကွေးဖက်ဒရယ်ယူနစ် ကြားကာလရွေးချယ်ရေးကော်မရှင်က တင်သွင်းလာတဲ့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလ ဝန်ကြီးချုပ်ကို လွှတ်တော်လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ပြီးတော့ အတည်ပြုခန့်အပ်သွားမှာ ဖြစ်တဲ့အတွက်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဝမ်းမြောက်စွာ ဂုဏ်ပြုလိုပါတယ်။
ဒီလိုအခြေအနေမျိုးရောက်အောင် မကွေးတိုင်းအတွင်းမှာ ဘယ်လောက်ထိ ကိုယ်စားလှယ် ကြီးများအပါအဝင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ တော်လှန်ရေးအင်အားစုတွေဟာ ညှိနှိုင်းဆွေးနွေး ကြိုးစားဆောင်ရွက်ခဲ့ကြတယ်ဆိုတာ ကျနော်တို့ သိရှိပြီး ဖြစ်ပါတယ်။ ဘယ်လောက်ထိ လေးလေး နက်နက်နဲ့ ကြိုးစားဆောင်ရွက်ခဲ့ကြတယ်ဆိုတဲ့ အခြေအနေရဲ့ရလဒ်ဟာ ဒီကနေ့ ပထမပိုင်းအဆင့်အနေနဲ့ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
စောစောက နိုင်ငံတော်ယာယီသမ္မတကြီးက မိန့်ခွန်းမှာ ပြောကြားသွားသလိုပဲ အင်မတန်မှ အရေးကြီးတဲ့အခြေအနေမှာ အုပ်ချုပ်ရေးရဲ့ အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ကို ဒီကနေ့ အတည်ပြုခန့်အပ်တော့မှာ ဖြစ်ပါတယ်။ အဲလိုအတည်ပြုခန့်အပ်တော့မှာ ဖြစ်တဲ့အတွက် ဒီတာဝန် ဟာ ဒီကာလမှာ အင်မတန်မှကြီးလေးတဲ့ တာဝန်ဖြစ်ပါတယ်။ အင်မတန်မှလည်းပဲ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ဟာ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် ပုံမှန်နိုင်ငံရေးအရ သွားရတာမဟုတ်ဘဲနဲ့ ဒီကနေ့တော်လှန်ရေးကာလဟာ မြန်မာနိုင်ငံမှာ နှစ်ရှည် လများ အခြေတစိုက် ဒုက္ခပေးနေခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်တော်လှန်ပြီးတော့ ကျနော် တို့ နှစ်ပေါင်းမြောက်မြားစွာ လွတ်လပ်ရေးရပြီးကတည်းက မျှော်လင့်ခဲ့တဲ့ တကယ့်ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံတော်သစ်တစ်ခု တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ အဲလိုသွားကြရမှာ ဖြစ်တဲ့ အတွက်ကြောင့် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို တစ်ပိုင်းက တွန်းလှန်ဖြိုဖျက်ရင်းနဲ့ တစ်ပိုင်းက လည်း ကျနော်တို့ မျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ဖို့ဆိုတဲ့ နေရာမှာ ဘက်ပေါင်းစုံက ကြိုးစားရတာ အများကြီး ရှိပါတယ်။ စစ်ရေးအရ ခုခံတွန်းလှန်စစ်နဲ့ ကျော်လွှား နေရတာရှိသလို နိုင်ငံရေးအရလည်း အချိန်နှင့်တစ်ပြေးညီ ပူးတွဲပြီးတော့ ဆောင်ရွက်နေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပုံသေအတွေးအခေါ်မျိုး၊ ပုံသေရပ်တည်ချက် မျိုးလောက်နဲ့ သွားဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။ မဖြစ်နိုင်ပါဘူး။
ဒါ့ကြောင့် ကျနော့အနေနဲ့ ဒီကနေ့ ကြုံတုန်းမှာ အကြံပြုတိုက်တွန်း ပြောကြားချင်တဲ့ အချက်လေးတွေ ရှိပါတယ်။ ပထမဆုံးအချက်ကတော့ ဒီကနေ့နွေဦးတော်လှန်ရေးမှာ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ်မှာမူတည်ပြီး သင်ခန်းစာယူစရာတွေ ရှိပါတယ်။ စစ်ရေးတစ်ခု တည်းနဲ့ နယ်မြေတစ်ခုကို ရရှိလိုက်တယ်၊ ပိုင်စိုးလိုက်တယ်ဆိုတာနဲ့ မပြီးဘဲနဲ့ စစ်ရေးနဲ့အညီ တစ်ပြိုင်နက်တည်းမှာ နိုင်ငံရေးပါ ချိတ်ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတဲ့ အချက်က ဒီကနေ့ ထင်ထင်ရှားရှားတွေ့လာရတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ဒီကနေ့ ကိုယ်စားလှယ်တော်ကြီး များအားလုံးဟာ အတွေးအမြင်ရော အတွေ့အကြုံရော ရှိကြတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်တဲ့အတွက် ကြောင့် ဒီလောက်ဆိုရင် ဘာဆိုတာကို ရိပ်မိပြီးသားဖြစ်မယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့် စစ်ရေးအရတစ်ခုတင် ပြီးသွားရင်ပြီးရောဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ စစ်ရေးနဲ့ တစ်ပြိုင်နက်တည်းမှာ နယ်မြေတစ်ခုတည်းမှာရှိတဲ့ ဆက်တွဲပါလာရမယ့် နိုင်ငံရေးဆိုင်ရာ အချိတ်အဆက် အစီအမံတွေ လည်း စီစဉ်ဆောင်ရွက်ဖို့ အင်မတန်အရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်နိုင်အောင် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းဖက်ဒရယ် ယူနစ်အနေအထားနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ်မှာ ဗွေဆော်ဦးအနေနဲ့ မကွေးဖက်ဒရယ်ယူနစ်မှာလည်းပဲ ပထမဆုံး ဝန်ကြီးချုပ်ကို လျာထားသတ်မှတ် အတည်ပြုခန့်အပ်နိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီဝန်ကြီးချုပ်ကနေပြီးတော့ သက်ဆိုင်ရာဖက်ဒရယ်ယူနစ်ရဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းကြရမှာ ဖြစ်ပါတယ်။ အဲလို ဖွဲ့စည်းရမှာ ဖြစ်တဲ့အတွက် ဒုတိယအနေနဲ့ အကြံပြုချင်တာကတော့ ယခုလို မကွေးဖက်ဒရယ်ယူနစ်ရဲ့ အစိုးရ တစ်ရပ်ကို ဖွဲ့စည်းရတော့မယ်ဆိုတဲ့ တစ်ပြိုင်နက်တည်းမှာ လုပ်ငန်းရဲ့ တည်ဆောက်မှုတွေ function တွေကို စဉ်းစားတဲ့အခါမှာ တော်လှန်ရေးကာလဆိုတဲ့ အခြေအနေကို မမေ့လိုက်ဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးကာလအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖွဲ့စည်းတည်ဆောက် မှု၊ လိုက်လျောညီထွေဖြစ်တဲ့ ရပ်တည်ချက်တွေနဲ့ စဉ်းစားချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဖက်ဒရယ်ယူနစ်အတွက်ရော ပြည်ထောင်စုတဝှမ်းလုံးအတွက်ရော အင်မတန်မှ အရေးကြီးပါတယ်။
နောက်တစ်ခုကတော့ ဖက်ဒရယ်ယူနစ်မှာ ယူနစ်ရဲ့ယန္တရားကို ပီပီပြင်ပြင် တည်ဆောက် နိုင်ရေးဟာလည်း အင်မတန်အရေးကြီးပါတယ်။ ပီပီပြင်ပြင် တည်ဆောက်နိုင်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုတစ်ခုလုံးနဲ့ပါ ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ချိတ်ဆက် ဆောင်ရွက်ရမယ်၊ ဘယ်လောက်ထိ ညှိနှိုင်းတိုင်ပင်ရမလဲဆိုတဲ့ ကိစ္စရပ်တွေဟာ အများကြီး အရေးကြီးပါတယ်။ ဒါကြောင့် ဆက်ပြီးတော့ ဖွဲ့စည်းလာမယ့် မကွေးဖက်ဒရယ်ယူနစ်ရဲ့ အစိုးရ အဖွဲ့ထဲမှာ အင်မတန်မှ အရေးကြီးတဲ့ စိန်ခေါ်မှုတွေ၊ အင်မတန်မှ ကြိုးစားအားထုတ်ရမယ့်အရာတွေ ရှေ့မှာ ရှိနေလိမ့်ဦးမယ်ဆိုတာကိုတော့ အားလုံးသတိချပ်ပြီးသား ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အခု ပြောင်းလဲလာတဲ့အခြေအနေမျိုးနဲ့ ပြောင်းလဲဖို့ရာ လုပ်ရမယ့် အခြေအနေမျိုးမှာ အခင်းအကျင်းအသစ် ပုစ္ဆာအသစ်ကို ပုံသေနည်းအသစ်နဲ့ ဖြေရှင်းကြရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တည်ဆောက်ရမယ့်ကိစ္စရပ်တွေမှာ ညှိနှိုင်းနိုင်မှုတွေလိုသလို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်နေရာ၊ ဘယ်ယူနစ်ဆိုတဲ့ပုံစံမျိုးအရ ပုံသေကူးချလို့ရဖို့ရာ အင်မတန် ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ ဖက်ဒရယ်ယူနစ်တစ်ခုချင်းစီရဲ့ အခြေအနေတွေဟာ မတူပါဘူး။ မတူတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ အလုပ်ဖြစ်မြောက်နိုင်လောက်တဲ့အခြေအနေနဲ့ အင်အား ကောင်းကောင်း၊ ယန္တရားကောင်းကောင်း တည်ဆောက်နိုင်ရေးကို ဦးတည်ဆောင်ရွက်သွားကြဖို့ လိုလိမ့်မယ်လို့ မြင်ပါတယ်။
နောက်တစ်ခုက ဒီကနေ့ အခြေအနေမျိုးမှာ စစ်အုပ်စုနဲ့ စစ်အစိုးရဘက်မှာ ဘယ်လိုမှ မရှိနိုင်တာက တရားဝင်မှုပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ တရားဝင်ပေးအပ်ထားတဲ့ အခွင့်အာဏာ သူတို့မှာ မရှိပါဘူး။ ပြည်သူတွေရဲ့ဘက်မှာပဲ ရှိပါတယ်။ ဒီကနေ့ လွှတ်တော်ကြီးကို အခုလို ကျင်းပ နိုင်တဲ့ ပြည်သူ့ဘက်မှာရှိကြတဲ့ ပြည်သူရဲ့ဆန္ဒနဲ့ တရားဝင်မှုကို ကိုင်ဆွဲပြီးတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဆောင်ရွက်ကြတဲ့နေရာမှာ မိမိတို့ရဲ့ ယူနစ်တစ်ခုလုံးလွှမ်းခြုံပြီး ယူနစ်တစ်ခု လုံးရဲ့ အကျိုးစီးပွားအနေနဲ့ရော ပြည်ထောင်စုတဝှမ်းလုံးရဲ့ ပေးထားချက်များနဲ့ပါ လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်သွားကြဖို့ အရေးကြီးပါတယ်။ ဒီအတွက်လည်းပဲ နောက်ထပ် အားသစ်ပြီးတော့ ကြိုးစားအားထုတ်သွားကြရဖို့လည်း လိုပါတယ်။ နောင်မျိုးဆက်ရဲ့ အနာဂတ်တွေ သာယာလှပနိုင်ဖို့အတွက်ဆိုရင် ယခုလက်ရှိအခြေအနေဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်း၊ ဒေသတစ်ခုကောင်းနဲ့တင် သွားလို့မရပါဘူး။ အားလုံးပြိုင်တူရုန်း အားလုံးသုံးမှသာ ဒီတော်လှန်ရေးကြီးဟာ မဝေးတော့တဲ့ကာလမှာ အောင်မြင်မှုတွေ ထွေးပွေ့နိုင်မှာ ဖြစ်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ အကြမ်းဖက်အုပ်စုက မရရှိနိုင်တဲ့ ပြည်သူ့ ကိုယ်စားပြုမှုကို တန်ဖိုးထားလေးစားပြီးတော့ အကျိုးရှိရှိ အသုံးချကာ ပြည်သူလူထုနဲ့ ဆက်လက် ရပ်တည်တိုက်ပွဲဝင်သွားနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို လေးစားပါတယ်။


