Home / ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားသည့် အထိမ်းအမှတ်မိန့်ခွန်း

၂၀၂၅ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားသည့် အထိမ်းအမှတ်မိန့်ခွန်း

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
 
ဒီကနေ့မှာကျင်းပပြုလုပ်တဲ့ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို ကြွရောက်ချီးမြှင့်ပေးကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီးဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့တကွ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်(၃) ရပ်မှ ကိုယ်စားလှယ် များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင် များ၊ အတိုင်ပင်ခံကောင်စီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များက ခေါင်းဆောင်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ CDMများ၊ မိတ်ဖက်အဖွဲ့အစည်း အသီးသီး မှအဖွဲ့ဝင်များ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာဧည့်သည်တော် ကြီးများ၊ အဲဒီအပြင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နေကြတဲ့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပြည်သူများအားလုံး ကိုယ်ရော စိတ်ပါ ကြံ့ခိုင် ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်းနှင့် ဒီမိုကရေစီစံနှုန်းများနဲ့အညီ လူသားအခွင့်အရေးများ အပြည့်အဝ ရရှိကြပါစေကြောင်း ဦးစွာ ပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အခုလို ဒီမိုကရေစီအတွက် အလေးအနက်ရှိတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးမိတ်ဖက် အဖွဲ့အစည်းအသီးသီး စုံလင်စွာ တက်ရောက်ပါဝင် ကျင်းပခွင့်ရတဲ့အတွက် လည်းပဲ အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ 

ဒီမိုကရေစီဆိုတာဟာ တစ်ကယ်တော့ ဟိုးရှေးဦးခေတ်ကတည်းက အမြစ်တွယ် ပေါက်ဖွားလာတဲ့ ဆင့်ကဲပြောင်းလဲလာတဲ့ နိုင်ငံရေးစုဖွဲ့မှုနည်းလမ်းဖြစ်ပါတယ်။ ခုနရှေ့က ယာယီသမ္မတကြီးနဲ့ ဝန်ကြီးချုပ်ကြီးတို့ ပြောကြားခဲ့သလိုပဲ ဂရိလူမျိုးများအနေနဲ့ ဒီမိုကရေစီစနစ် ကို  ပထမဆုံး စတင်ပုံဖော် ထုဆစ်ခဲ့ကြစဉ်ကနေစပြီးတော့ ဒီကနေ့အချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ မတူညီတဲ့နည်းလမ်းများနဲ့ လက်ခံကျင့်သုံးလာကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်မှာ လည်းပဲ ဒီမိုကရေစီ အသီးအပွင့်များကို အစပျိုးရရှိကာစ အချိန်ကာလမှာပဲ အကြမ်းဖက် စစ်အာဏာရှင်အုပ်စုဟာ အကြမ်းဖက်နည်းလမ်းများနဲ့ ဗဟိုချုပ်ကိုင်မှု၊ တစ်ကိုယ်တည်း အာဏာ တည်မြဲမှုအတွက် အစဉ်တစိုက် ဖော်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ မိမိတို့အင်အားစု အားလုံး၊ ပြည်သူအားလုံးတို့က အခုလို (၄)နှစ်ကျော် (၅) နှစ် ကာလထဲ ရောက်လာသည့် တိုင်အောင် အသက်ခန္ဓာပေးဆပ်မှု၊ စည်းစိမ်ဥစ္စာပေးဆပ်မှု၊ ကာယအား၊ ဉာဏအား ပေးဆပ်မှု များစွာနဲ့ ဒီကနေ့တော်လှန်ရေးကို လျှောက်လှမ်းလာကြတာဖြစ်ပါတယ်။  

ဒီကနေ့အချိန်ကာလမှာ နိုင်ငံတဝှမ်းမှာ အသက်အရွယ်မရွေး ကျား၊ မ မဟူ ပြည်သူများ ဟာ စစ်မီးစစ်ဒဏ်ကို ခံနေကြရတာ အားလုံး သိရှိထားပြီးဖြစ်ပါတယ်။ ကလေး၊ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး စစ်အုပ်စုနဲ့ သူတို့ရဲ့အပေါင်းအပါများရဲ့ အကြမ်းဖက်နည်းလမ်းအမျိုးမျိုးကြောင့် နေ့စဥ် သေဆုံးလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ရဲ့အာဏာကို ပုန်ကန်ပြီးတော့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တဲ့ကာလကနေစပြီး စက်တင်ဘာလ ၁၂ ရက် နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူများနဲ့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူပြည်သားအားလုံး (၇၂၃၄) ဦးဟာ အသက်၊ ခန္ဓာ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေနဲ့ လက်လှမ်းမီသမျှ မြေပြင်မှာ ကောက်ယူရယူထားတာဖြစ်တဲ့အတွက် တစ်ကယ့်အခြေအနေမှာ ဒီထက်များစွာ ပိုပြီးတော့ များနိုင်ပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူတစ်ဦးစီရဲ့ အခွင့်အရေး အပြည့်အဝရရှိနိုင်မည့် ဒီမိုကရေစီစနစ်ထွန်းကားတဲ့နိုင်ငံတော်ဖြစ်မှာကို အလွန်အမင်း ကြောက် လန့်ပါတယ်။ အခုလည်း ရှေ့က ယာယီသမ္မတကြီးနဲ့ ဝန်ကြီးချုပ်ကြီးတို့ ပြောခဲ့သလို တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆိုတာနဲ့ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုရရှိဖို့ ပြည်သူကို လက်နက် အားကိုးပြီးတော့ အတင်းအဓမ္မ ရွေးကောက်ပွဲပါဝင်ဖို့ စေခိုင်းလျက်ရှိပါတယ်။ ဥပဒေလို့ အမည်ခံ သတ်မှတ်ထားတဲ့ ဖိနှိပ်ခြင်းကိရိယာ မျိုးစုံနဲ့ ပြည်သူလူထုကို ဖိနှိပ် ခြောက်လှန့် ကြောက်ရွံအောင် ဖန်တီးထားပြီးတော့ စိစဉ်ဆောင်ရွက်ဖို့ လုပ်ဆောင်နေတာ အားလုံးသိပြီး ဖြစ်ပါတယ်။ နိုင်ငံတကာအစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများ အားလုံးအနေနဲ့ ဒီအတုအယောင် ရွေးကောက်ပွဲဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက်၊ ကျွန်တော်တို့ရဲ့နိုင်ငံအတွက် ဒီမိုကရေစီ ဆိတ်သုဥ်းကာ အကြမ်းဖက်မှုများ တရားဝင်လုပ်ဆောင်သွားစေရန် အားပေးအားမြှောက် ဖြစ်နိုင် တယ်ဆိုတာကို သတိပြုကြဖို့လိုပါတယ်။ ဒါ့ကြောင့် ဒီအတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်မခံနိုင်ကြောင်း ဒီမိုကရေစီအရေးအတွက် ပေးဆပ်တိုက်ပွဲဝင်နေကြတဲ့ မိမိတို့ တော်လှန်ရေး အင်အားစုများနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်သွားရန် မိမိတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့ တိုက်တွန်းတောင်းဆိုလိုပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ အကောင်းဆုံးစံနမူနာဟာ ပြည်သူလူထုက ကိုယ်ကျင့်သိက္ခာ၊ ဉာဏ်ပညာကြီးကြီးနဲ့ ၎င်းတို့ကိုယ်တိုင်စီမံ အုပ်ချုပ်နိုင်မယ်ဆိုတာကို လက်ခံယုံကြည်ဖို့ပဲ ဖြစ်ပါ တယ်။ ဒီနွေဦးတော်လှန်ရေးကြီး ပေါက်ဖွားလာတာလည်းပဲ ပြည်သူရဲ့ပါဝင်မှုကြောင့်သာ ဖြစ်တာ မို့ ဆက်လက်ပြီးတော့ စုစည်းညီညွတ်စွာ စုပေါင်းဆောင်ရွက်သွားကြဖို့ဟာ အလွန်မှ အရေးကြီးပါတယ်။

နိဂုံးချုပ်အနေဖြင့် အခုအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ပါဝင်ပေးကြတဲ့ နိုင်ငံတော် ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ ဧည့်သည်တော်ကြီးများအားလုံး၊ အမှတ်တရ စကားပြောကြားပေးတဲ့၊ အထိမ်းအမှတ်သဝဏ်လွှာများ ရေးသားပေးပို့ကြတဲ့ တော်လှန်ရေး အင်အားစုများအားလုံးနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက် အားပေးနေတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ဥက္ကဋ္ဌ Mercy Chriesty Barends နဲ့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂအဖွဲ့ (GIREN) ဥက္ကဋ္ဌ Mr.KONDO Shoichi တို့ကိုလည်းပဲ အထူးကျေးဇူးတင်ကြောင်း ကျွန်တော်တို့ မှတ်တမ်းတင်ပါတယ်။ အဲဒီအပြင် ကျွန်တော်တို့ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ မြန်မာ့လွှတ်တော်ရဲ့ အခန်းကဏ္ဍကနေပြီးတော့ ဩစတြေးလျနိုင်ငံ ပါလီမန် ကိုယ်စားလှယ်ဖြစ်တဲ့ Ms. Janelle Saffin နဲ့တကွ စဉ်ဆက်မပြတ် နိုင်ငံတကာဆက်ဆံရေးမှာ CRPH နဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မှုမှာ စဉ်ဆက်မပြတ် အချိန်နဲ့ အမြဲတမ်း ပူးပေါင်း ဆောင်ရွက်ပေးနေတဲ့ Ms. Janelle Saffin နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက် နိုင်ငံတကာကိုယ်စားလှယ် ကြီးများကိုလည်းပဲ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အထူးလေးစား ကျေးဇူးတင်ရှိကြောင်းလည်း မှတ်တမ်းတင် ပြောကြားအပ်ပါတယ်။ စုစည်းညီညွတ်မှုကို အခြေ တည်ပြီးတော့ တွဲလက်များ ခိုင်မာစွာနဲ့ မိမိတို့ရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆီကို ရှေ့ဆက်ချီတက်လျှောက်လှမ်းသွားကြဖို့ကို လည်းပဲ ဒီနေ့လို နိုင်ငံတကာဒီမိုကရေစီနေ့မှာ အဓိဋ္ဌာန်ပြုရင်း နိဂုံးချုပ် ပြောကြားအပ်ပါတယ်။
 
အားလုံးကိုကျေးဇူးတင်ပါတယ်။
နွေဦးတော်လှန်ရေး မုချအောင်ရမည်။
Scroll to Top