Home / ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားသည့် အထိမ်းအမှတ်မိန့်ခွန်း

၂၀၂၆ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားသည့် အထိမ်းအမှတ်မိန့်ခွန်း

             ယခုလို ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားကို ကြွရောက်ချီးမြှင့်ပေး ပါတဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်တကွ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ ပြည်နယ်ဖက်ဒရယ်ယူနစ် ဒေသအသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ အတိုင်ပင်ခံ ကောင်စီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင် ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ CDM များ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာမှ ဧည့်သည်တော်ကြီးများ၊ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ပါဝင်ဆင်နွှဲနေကြတဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ကျန်းမာဘေးကင်းကြပါစေကြာင်း ဦးစွာမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သလိုပါတယ်။

               ပြည်သူ့အစိုးရအုပ်ချုပ်မှုကာလများမှာတော့ လွှတ်တော်အဆောက်အဦမှာပဲ နှစ်စဉ် ကျင်းပလေ့ရှိခဲ့တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားများဟာ ဒီမိုကရေစီစနစ်ရဲ့ စံနှုန်းများကို ပြည်သူလူထုထံသို့ အတိအလင်း မျှဝေသိရှိခွင့်ရရှိစေခဲ့ရုံသာမက ပြည်သူများရဲ့ အကျိုးစီးပွား အတွက် ပြည်သူ့ဆန္ဒကို လွှတ်တော်တစ်ရပ်ရဲ့ အခန်းကဏ္ဍကနေ မိမိတို့ ကောင်းစွာ ကြိုးစား ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

               ပြည်သူများအနေနဲ့ အစစ်အမှန် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းကာစ အခြေအနေ မှာပဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ်အလွန် ယနေ့အချိန်ကာလတွင် ပြည်သူလူထုဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ ပြည်သူများဟာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားများဖြစ်တဲ့ အသင်းအပင်းဖွဲ့စည်းခွင့်၊ ပြောဆိုခွင့်၊ ရွေးချယ် တင်မြှောက်ခွင့်၊ စည်းရုံးခွင့်၊ သတင်းရယူထုတ်ပြန်ပိုင်ခွင့်၊ ရွေးကောက်ပွဲကျင်းပခွင့်၊ မဲပေးပိုင်ခွင့် စတဲ့ လွတ်လပ်မှုများ များစွာဆုံးရှုံးလျက်ရှိပါတယ်။

               နိုင်ငံရဲ့နေရာဒေသအသီးသီးမှာ ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနဲ့ ဆေးရုံ များပါမကျန် အသက်ကြီးငယ်မရွေး ကျားမ မရွေး ပြည်သူများဟာ စစ်မက်စစ်ဒဏ်ကို အလူးအလဲ ခံနေကြရကာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းပစ်မှတ်များအဖြစ် အပြစ်မဲ့အရပ်သားပြည်သူ များ သေဆုံးမှုဟာလည်း နေ့စဉ်မြင့်မားလာနေပါတယ်။ ဒီမိုကရေစီစနစ်အား တန်ဖိုးထားလေးစား ကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အုပ်ချုပ်သူခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ လက်တွေ့ အခြေအနေများကို မျက်ကွယ်ပြုမထားဘဲ မိမိတို့ ပြည်သူများနှင့်အတူ တသားတည်း ရပ်တည်၍ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော လူမျိုးတုန်းလူသတ်ဖြတ်များကို အမြန်ဆုံး ရပ်တန့်ပေးရေး တောင်းဆိုပေးရန်အတွက်လည်း အရေးကြီးလှတဲ့ ကာလဖြစ်ပါတယ်။

               အကြမ်းဖက်စစ်အုပ်စုဟာ အယောင်ဆောင်ဟန်ပြလုပ်ရပ်များနဲ့ နိုင်ငံရဲ့ အခြေအနေဟာ အေးဆေးတည်ငြိမ်နေသယောင် အလိမ်အညာ လုပ်ဇာတ်တွေခင်းပြီးတော့ ငွေကြေးနဲ့ သတင်း မီဒီယာ အင်အားသုံးဖြန့်ဝေနေမှုများဟာ လက်ရှိပြည်သူလူထုရဲ့ အခြေအနေများကို ပိုမိုဆိုးဝါးစေရုံ သာမက ပြစ်မှုကျူးလွန်သူ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အပြစ်ဒဏ် ကင်းလွတ်ခွင့်တွေ ရရှိနေ ကြပြီးတော့ ပြောင်ပြောင်တင်းတင်း ဆက်လက်ပြီး အကြမ်းဖက်လူသတ်မှုလုပ်ရပ်တွေ၊ မီးရှို့ ဖျက်ဆီးမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေကို ဆက်လက် လုပ်ဆောင်နိုင်စေရန် ခွင့်ပြုထားသလို ဖြစ်နေပါတယ်။ နိုင်ငံတကာအစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများအားလုံးအနေနဲ့ ဒီမိုကရေစီအရေးအတွက် ပေးဆပ်တိုက်ပွဲဝင်နေကြတဲ့ မိမိတို့ တော်လှန်ရေးအင်အားစုများနှင့်အတူ ပြတ်ပြတ်သားသားရပ်တည်သွားရန် မိမိတို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ယနေ့နိုင်ငံတကာဒီမိုကရေစီနေ့မှာ အထူး ထပ်မံ တိုက်တွန်း တောင်းဆိုလိုပါတယ်။

               ဒီမိုကရေစီတိုက်ပွဲအဆက်ဆက်ဟာ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ရင်တွင်းခံယူချက်တွေ နဲ့ သန္ဓေတည်ပေါက်ဖွားလာတာဖြစ်တဲ့အတွက်ကြောင့်  ပြည်သူရဲ့ပါဝင်မှုဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သမိုင်းဖြစ်စဉ်များကလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီမိုကရေစီကို ချဉ်းကပ်ရာမှာ နည်းလမ်း (၃) ခုနဲ့ ချဉ်းကပ်လေ့ရှိကြပါတယ်။ (၁) ကတော့ အများရဲ့ ဆန္ဒကို ရယူ ကာ အစိုးရအခွင့်အာဏာကို ရယူခြင်း၊  (၂) ကတော့ အများလက်ခံနိုင်တဲ့နည်းကို ကျင့်သုံးခြင်းနဲ့ (၃) က အများအကျိုးအတွက် ကျင့်သုံးခြင်းတို့ ဖြစ်ပါတယ်။

         မိမိတို့ရဲ့တော်လှန်ရေးအာဇာနည်သူရဲကောင်းတစ်ဦးဖြစ်တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက “လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရ သာလျှင် ဒီမိုကရေစီဖြစ်နိုင်မယ်၊ အခြားဟာတွေ ဒီမိုကရေစီမဖြစ်နိုင်ဘူး၊ အတုတွေသာ ဖြစ်တယ်” လို့ မိန့်မှာခဲ့ဖူးသလို “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေး သဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုးရ ဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီ အစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေး အဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင် မယ်” လို့ လမ်းညွှန်မှာကြားဖူးပါတယ်။ ပြည်သူလူထုအနေနဲ့လည်း အတုအယောင်ဒီမိုကရေစီနဲ့ အစစ်အမှန် ဒီမိုကရေစီတို့အကြား ကွာခြားချက်ကို ကိုယ်တွေ့ကောင်းစွာ နားလည်သဘောပေါက် နေကြပြီဖြစ်ပါတယ်။

               လက်ရှိအချိန်ထိ ရပ်နားမနေတဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေးအရှိန်အဟုန်ကို ရှေ့ကို ပိုမိုရွေ့လျားသွားစေနိုင်ဖို့နဲ့ သမိုင်းဝင်အောင်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ဖို့ မိမိတို့ တော်လှန် ရေးအင်အားစုများအနေနဲ့ ညီညွတ်တဲ့ စုပေါင်းအင်အားနဲ့ ပိုမိုရုန်းကန်ကြိုးစားသွားဖို့လည်း အရေး ကြီးတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ပြည်သူလူထုအားနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အပြီးတိုင်အမြစ်ဖြတ် တွန်းလှန်သွားပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးကို စုပေါင်းတည်ဆောက်သွားနိုင်မယ့် အခွင့်အရေးဟာလည်း လက်ဝယ်ပိုင်ဆိုင်ဖို့ မဝေးတော့တာ သေချာပါတယ်။

               ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအရင်းဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် အဖြစ် ပြည်သူအများ အလေးအမြတ်ထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့  လူထုဟောပြောပွဲမှာ – “ပြည်သူရဲ့ဆန္ဒကို  လျစ်လျူရှုတယ်၊ ပြည်သူ့အသံကို နားမထောင်ဘူးဆိုရင် အဓိပ္ပာယ်ကတော့ ပြည်သူကို တန်ဖိုး မထားဘူးဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ပြည်သူကို တန်ဖိုးမထားတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းဟာ ပြည်သူ့ အစိုးရလို့ ဆိုတဲ့ ဒီမိုကရေစီအစိုးရကို ဘယ်လိုလုပ်ထူထောင်ပေးနိုင်မှာလည်းဆိုတာ စဉ်စားစေ ချင်ပါတယ်” လို့ ထောက်ပြထားခဲ့ပါတယ်။ ဒါ့အပြင် “တကယ်လွတ်လပ်တဲ့ နိုင်ငံဆိုတာ ပြည်သူ လူထုကနေပြီးတော့ လွတ်လပ်ရမယ်။ ပြည်သူတွေက မလွတ်လပ်ဘဲ အစိုးရကပဲ ချုပ်ကိုင်ထား တယ်ဆိုရင် ဒါတကယ် လွတ်လပ်တဲ့ နိုင်ငံမဟုတ်ဘူး” လို့ လူထု‌ဟောပြောပွဲတစ်ခုမှာ ရှင်းလင်း စွာ မိန့်ဆိုခဲ့ပါတယ်။

               ဒါဟာ ဒီနှစ် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘Raising Hands and Voices – Fostering Agency and Ownership through Deliberative Democracy’ ဆိုတဲ့အတိုင်း ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့အသံကို ဖော်ထုတ်ခွင့်၊ လက်ညှိုးထောင်ပါဝင်ခွင့်နဲ့ မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးပုံဖော်ခွင့် တည်ဆောက် ခြင်း ဆိုတာနဲ့လည်း  တစ်သားတည်းဖြစ်နေပါတယ်။

               နိဂုံးချုပ်အနေနဲ့ ယခုအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ပါဝင်ပေးကြပါတဲ့ နိုင်ငံတော် ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ ဧည့်သည်တော်ကြီးများအားလုံး၊ အမှတ်တရ စကားပြောကြားပေးသူများ၊ သဝဏ်လွှာများ ရေးသားပေးပို့၍ ဒီမိုကရေစီစံတန်ဖိုးများကို တန်ဖိုး ထား မြှင့်တင်ပေးကြပါတဲ့ တော်လှန်ရေးအင်အားစုများအားလုံးကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုယ်စား မိမိအနေနဲ့ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ ပြောကြားလိုပါတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်များ အမြန်ဆုံး အကောင်အထည်ပေါ်ပေါက်လာမယ်လို့ လေးလေးနက်နက် ယုံကြည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို လေးစားပါတယ်။

Scroll to Top