Home / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၈) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် နှုတ်ခွန်းဆက်စကား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၈) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် နှုတ်ခွန်းဆက်စကား

၂၇-၉-၂၀၂၆ ရက် (တနင်္ဂနွေနေ့)၊ နံနက်၉ နာရီ
 
ယနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၈)နှစ်မြောက် အထိမ်းအမှတ် အဖြစ် အခမ်းအနားကျင်းပခြင်းနဲ့အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကိုယ်စား ကျွန်တော့်အနေနဲ့ အမှတ်တရစကားပြောကြားခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော် အတွင်းမှာ တာဝန်ရှိကြတဲ့ ဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနဲ့ ဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်ပါတီမှ ဦးဆောင်နေကြတဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့ ချုပ်ရဲ့ ဗဟိုအလုပ်ကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှ သံတမန်များ၊ ဖိတ်ကြားထားတဲ့ ပြည်တွင်းပြည်ပမှ ဧည့်သည် တော်များနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အားပေးပါဝင်နေကြတဲ့ ပြည်သူလူထုတစ်ရပ်လုံး မင်္ဂလာ အပေါင်း ခညောင်းပြီး ဘေးအန္တရာယ်ကင်းပါစေကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။
 
ဒီကနေ့ ကျွန်တော်တို့ ပါတီရဲ့ ဗဟိုအလုပ်ကော်မတီကနေပြီးတော့ စနစ်တကျစီစဉ်ပြီး ဆောင်ရွက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ အလွှာအသီးသီးက ပြည်သူများ ပါဝင် ပြီးတော့ အရောင်အသွေးစုံလင်စွာနဲ့ စုဖွဲ့တည်ထောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီထွန်းကားရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အပေါ်မှာ အစဉ်တစိုက် အခြေခံတည်ထောင်လာခဲ့တဲ့နှစ်ရဲ့ (၃၈) နှစ်မြောက် အခမ်းအနားကို ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုအပေါ်မှာ အလေးအနက်ထားပြီးတော့ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ သဘော ပေါက်ပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ စတင်တည်ထောင်စဉ်ကနေစပြီးတော့ ယနေ့ ကာလအထိ အခြေအနေအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးကြားမှာ ခေါင်းဆောင်မှု၊ တာဝန်အသီးသီး လက်ဆင့်ကမ်းတာဝန်ယူခဲ့ရာမှာ တကယ့်အဖွဲ့ချုပ်ရဲ့ သတ်မှတ်ပြောကြားစရာ ဂုဏ်ထူးတွေ၊ အချက်အလက်တွေ အများကြီးရှိသော်လည်းပဲ ဒီကနေ့တော့ဖြင့် ကျွန်တော့်အနေနဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့်တိုင်အောင် ဦးဆောင်မှု လက်ဆင့်ကမ်းရာမှာ အလွန်အတုယူစရာကောင်းတဲ့ အစဉ်အလာကောင်း သမိုင်းကြောင်းကို အထူးအလေးထား ဖော်ပြလိုပါတယ်။
 
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီရဲ့ သမိုင်းကြောင်းနဲ့ အစဉ်အလာ အကြောင်းကို ရှင်းပြဖူးပါတယ်။ အဲဒီလို ရှင်းပြတဲ့အချိန်တုန်းက ဥက္ကဋ္ဌကိုယ်တိုင် ပြောခဲ့တာက  “NLD ရဲ့ အစဉ်အလာဟာ နေရာလုခြင်း မဟုတ်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် နေရာပေးတာ၊ တစ်ယောက်အပေါ်တစ်ယောက် သစ္စာစောင့်တာ၊ တစ်ယောက်ပေါ်တစ်ယောက် ကူညီတာ၊ မစတာ၊ ဒါဟာ NLD ရဲ့ အစဉ်အလာပါ” လို့ ထုတ်ဖော်ပြောကြားခဲ့တာရှိပါတယ်။ ဒီလို ဦးဆောင်မှု ကောင်း ကောင်းနဲ့ အစပျိုးတည်ထောင်ခဲ့ကြပြီး ပြည်သူ့အတွက် အလင်းတန်ဆောင်ဖြစ်တာမို့ ယနေ့အချိန် ထိတိုင် ရပ်တည်နေနိုင်တာလည်းဖြစ်ပါတယ်။ ပါတီရဲ့ သမိုင်းအစဉ်အလာတွေကို မျိုးဆက်အလိုက် လက်ဆင့်ကမ်း ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့အတွက် ဒီကနေ့ (၃၈) နှစ်တိုင်တိုင် လက်တွေ့ တည်မြဲခိုင်မာနေတာ ဖြစ်ပါတယ်။ ပြောရရင် ပါတီရဲ့ အဆင့်ဆင့်ဆောင်ရွက်မှုတွေမှာ ဘယ်လောက် ထိ ပါတီဝင်များရဲ့ စည်းလုံးညီညွတ်မှု၊ ဖြောင့်မတ်မှန်ကန်မှုတွေအပေါ်မှာ မူတည်သလဲဆိုတာရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။ 
 
ပါတီဟာ ဒီ (၃၈) နှစ်တာကာလမှာ နိုင်ငံတစ်ဝှမ်းက ပါတီဝင်တစ်ဦးတစ်ယောက်ချင်းစီ ရဲ့ ညီညွတ်မှု၊ စုစည်းမှုနဲ့ စည်းကမ်းလိုက်နာမှုများနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲ၊ အကျပ်အတည်း မျိုးစုံကို ဒီကနေ့အချိန်ထိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြတ်ကျော်နေဆဲဖြစ်တာမို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့ လေးစားဂုဏ်ယူမိပါတယ်။ အင်မတန်မှလည်းတန်ဖိုးထားပြီး အစဉ် ထာဝရ အလေးအမြတ်ပြုနေတယ်ဆိုတာကို ထပ်ဆင့်ပြောကြားလိုပါတယ်။
 
ဒီရက်ပိုင်းအတွင်းမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ ဟောပြောချက်တွေ အဆိုအမိန့်တွေကို ဆိုရှယ် မီဒီယာတွေမှာ နေ့စဉ်နဲ့အမျှ မပြတ်တမ်းတွေ့နေရတာတွေဟာ တကယ်တမ်း ဒီကနေ့အခြေအနေ မှာ အများကြီး အားသစ်ရသလို ပါတီရဲ့ သစ္စာတရားနဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းနေပါတယ်။ 
 
နွေဦးတော်လှန်ရေးကာလမှာသာမက ခေတ်အဆက်ဆက်မှာ နည်းလမ်းအမျိုးမျိုးနဲ့ ပါတီရဲ့ တာဝန်၊ နိုင်ငံရဲ့ တာဝန်တွေကို ဦးလည်မသုန် ထမ်းရွက်ရင်းနဲ့ အသက်ခန္ဓာဆုံးရှုံးမှုတွေ အရင်းတည်ခဲ့ကြရတဲ့ ပါတီဝင်ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဆန္ဒ၊ ပြတ်သားတဲ့ ခံယူချက် တွေနဲ့ စွန့်လွှတ်ပေးဆပ်မှုတွေဟာ ကျွန်တော်တို့အနေနဲ့ အစဉ်အမြဲတန်ဖိုးထားလေးစားရပါကြောင်း ပြောကြားလိုပါတယ်။
 
အကြမ်းဖက်စစ်အုပ်စုဟာ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌအပါအဝင် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် များနဲ့ အဖွဲ့ဝင်တွေကို တရားမဲ့ ဖမ်းဆီးထောင်ချထားဆဲဖြစ်ပြီး ပါတီရဲ့ တရားဝင်တည်ရှိမှုကို ဖျောက်ဖျက်ဖို့ ပါတီရုံးချုပ်နဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေမဲ့ ဖျက်ဆီးတာတွေ၊ မီးရှို့တာတွေ ပြုလုပ်နေ သော်လည်းပဲ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ မဏ္ဍိုင်ပါတီအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီကနေ့ထိတိုင် ပြည်သူတွေရဲ့ နှလုံးသားမှာ ရှင်သန်အသက်ဝင်ဆဲ ဖြစ်ပါတယ်။
 
ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံအားပေးမှု အပြည့်အဝရရှိထားတဲ့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာလည်း ပါတီရဲ့ အခြေခံမူဝါဒများနဲ့အညီ ပြည်သူ့အကျိုးအတွက် ဆက်လက် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုပါတယ်။ ဒီလိုထမ်းဆောင် သွားမယ်ဆိုတာကိုလည်းပဲ အကြိမ်ကြိမ်အထပ်ထပ် အမြဲမပြတ် ပြောဆိုနေတာကို ကျွန်တော်တို့ သိရှိထားပြီးဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းနဲ့ ပြည်တွင်းပြည်ပက အားလုံးလည်း ကြားသိ သိမှတ်ပြီးသား ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူလူထုရဲ့ ချစ်ခင်လေးစားရတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရတဲ့ ပါတီခေါင်းဆောင်တွေ အမြန်ဆုံး လွတ်မြောက်ပြီးတော့ ခိုင်မာအားကောင်းစွာနဲ့ ဦးဆောင်မှုပြုနိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။ 
 
ဒီကနေ့ အခက်အခဲကြားထဲမှာ ဗဟိုအလုပ်ကော်မတီများ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် များနဲ့ ဒေသအသီးသီး အဆင့်အသီးသီးမှာရှိတဲ့ ပါတီရဲ့ တာဝန်တွေကို အခက်အခဲကြားထဲကနေ ရပ်တည်ရင်ဆိုင်ဆောင်ရွက်လှုပ်ရှားနေကြတဲ့ ဘက်ပေါင်းစုံက ပါတီဝင် ရဲဘော်တွေအားလုံး အပေါ်မှာလည်းပဲ အလွန်မှ လေးစားဖွယ်ရာကောင်းကြောင်းနဲ့ သမိုင်းမှတ်တိုင် ကောင်းကောင်း တင်နိုင်ခဲ့တာ ဒီကနေ့ (၃၈) နှစ် တိုင်ခဲ့ပြီဖြစ်တဲ့အတွက် ရှေ့ဆက်လည်း အောင်မြင်မှုတွေ ရပ်တည်နိုင်ပါစေကြောင်း  ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်။
 
အားလုံးကို လေးစားပါတယ်။
Scroll to Top