၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
ယနေ့ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့ ကိုယ်စားပြုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ တော်လှန်ရေးရဲဘော်ရဲဘက်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ပြည်သူ့အောင်ပွဲနှစ်ဖြစ်ပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က ပြည်သူ့အာဏာကို မတရားတဲ့ နည်းနဲ့ လုယူဖို့ကြိုးစားခဲ့ချိန် ရွေးကောက်ခံကိုယ်စားလှယ်များဟာ ဖေဖော်ဝါရီလ (၅) ရက်နေ့ မှာပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းပြီး ဒီမိုကရေစီစနစ်ရဲ့ အနှစ် သာရဖြစ်တဲ့ ပြည်သူလူထုက တရားဝင်ပေးအပ်ထားသော ကိုယ်စားပြုမှုကို မပျောက်ပျက် စေဖို့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ အရေးကြီးတဲ့ ကနဦးခြေလှမ်းဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုများရဲ့ တပ်ပေါင်း စုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ ဟန်ချက်ညီညီပေါင်းစပ်ကာ ဖက်ဒရယ် ဒီမိုကရေစီချာတာကို ရေးဆွဲနိုင်ခဲ့သလို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရကိုလည်း ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ပြည်သူကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လိုအပ်ချက်နဲ့အညီ လွှတ်တော်တာဝန်တွေကိုသာမကပဲ ရောက်ရာနေရာမှာ ကျရာတာဝန်တွေကိုပါ တတ်စွမ်း သရွေ့ ထမ်းရွက်ကြရင်း ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်ခဲနက် ထုတ်ဖော်ပြသခဲ့ကြတဲ့ ပြည်သူ လူထုရဲ့ဆန္ဒနဲ့ သဘောထားတွေကို မြန်မာမှာသာမက ကမ္ဘာမှာပါ အစဉ်ဆက်မပြတ် မီးမောင်း ထိုး ဖော်ပြပေးနေတဲ့အတွက်လည်း အထူးကျေးဇူးတင်ရပါတယ်။
လက်ရှိကာလဟာ တော်လှန်ရေးအရှိန် အမြင့်ဆုံးကာလကို ရောက်ရှိနေပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်တွေက ပိုမိုပြင်းထန်ရှုပ်ထွေးလာတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ လှိုင်းကြမ်းလေထန်ကာလမှာ ကျွန်တော်တို့ တော်လှန်ရေးသမား အားလုံးဟာ ပြည်သူနဲ့တော်လှန်ရေးကို ရှေးရှုတဲ့မူဝါဒများ၊ လုပ်ဆောင်ချက်များကို မျက်ခြေ ပြတ်မခံ၊ လမ်းလွဲမရောက်စေဘဲ ရှေ့ဆက်နေကြရတာ ဖြစ်ပါတယ်။ အဖွဲ့အစည်း၊ အင်စတီ ကျူးရှင်းများ အချင်းချင်း ကြားမှာရှိတဲ့ သဘောထားမတိုက်ဆိုင်မှု၊ ပွတ်တိုက်မှုမှန်သမျှကို ပြည်သူနဲ့ တော်လှန်ရေးကို ရှေးရှုတဲ့မူနဲ့သာ ဖြေရှင်းနေကြပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ အလေ့အထတွေကို ထိန်းသိမ်းဖို့ ကျောရိုးကြီးအဖြစ် ခံယူပါတယ်။ အစိုးရတိုင်းဟာ ဒီမိုကရေစီ ယန္တရားနဲ့ ဆောင်ရွက်ကြရတာဖြစ်ပြီး ဒီမိုကရေစီရဲ့ အလေ့အထတွေ စံနှုန်းတွေကိုတော့ လွှတ်တော်ကထိန်းကျောင်းရတာဖြစ်လို့ လက်ရှိတော်လှန်ရေးကာလမှာ ဒီမိုကရေစီစံချိန်စံညွှန်း တနည်းအားဖြင့် ပြည်သူကို တိုက်ရိုက်ကိုယ်စားပြုနေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အနေနဲ့ ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်ဖို့ကိစ္စရပ်တွေမှာ အလေးထားဆောင်ရွက်ပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
မဟာမိတ်ဆက်ဆံရေးကဏ္ဍတွေမှာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အောင်နိုင်ရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဆိုင်ရာ အစီ အမံတွေကို NUCC, CRPH တို့နှင့်အတူ သက်ဆိုင်ရာ ဒေသအလိုက် အတိုင်ပင်ခံကောင်စီများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒေသ အသီးသီးက ခေါင်းဆောင်တွေအနေနဲ့ မိမိတို့ဒေသအလိုက် ယဥ်ကျေးမှု၊ လူနေမှုဘဝနဲ့အညီ နိုင်ငံရေးစနစ်တွေကို ဖော်ဆောင်ကြရာမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ပါဝင်နေမှသာ ဒေသအသီးသီးမှာရှိကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကျင့်သုံးနိုင်ဖို့ အာမခံချက်ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ခေတ်ပြောင်း စနစ်ပြောင်း ဒီတော်လှန်ရေးကြီးမှာ ကျွန်တော်တို့အားလုံးလိုလားကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ထူထောင်ကြဖို့ရန် ဆက်လက်ကြိုးစား ပါဝင်ပေးကြဖို့ကိုလည်း လေးစားစွာ မေတ္တာရပ်ခံလိုပါတယ်။
ယခုတော်လှန်ရေးကာလအတွင်း စီမံဆောင်ရွက်နေကြရတဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေး ကိစ္စရပ်တွေဟာဆိုရင်လည်း ဒီမိုကရေစီကိစ္စရပ်တွေချည်း သက်သက်မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေး၊ တနည်းအားဖြင့် လူ/အဖွဲ့အစည်းတို့က အုပ်ချုပ်တဲ့စနစ်မဟုတ်ဘဲ မူနဲ့အုပ်ချုပ်တဲ့ စနစ်တွေကို တည်ဆောက်နေကြရတာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပေမယ့် အမှန်တကယ် မူနဲ့အုပ်ချုပ်နိုင်ဖို့ဆိုရင်တော့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့ဆန္ဒနဲ့အညီ ထိန်းကျောင်းနိုင်မှုကလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီလို ဆောင်ရွက်ရာ မှာ ကျွန်တော်တို့ဟာ ၂၀၂၀ ရွေးကောက်ပွဲကရရှိတဲ့ လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ရွေးကောက်ပွဲမဟုတ်တဲ့ အခြား နည်းလမ်းတွေကနေ ရရှိတဲ့ လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ စုစည်းပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ဖော်ဆောင် နေရတဲ့ လက်ရှိတော်လှန်ရေးရဲ့ အရှိတရားကို မျက်ခြေမပြတ်ဘဲ ဆောင်ရွက်နိုင်ကြလိမ့်မယ် လို့လည်း ယုံကြည်ပါတယ်။ ဒီလိုမူနဲ့ ဒီမိုကရေစီစံနှုန်းတွေကို အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင် မှသာ ကျွန်တော်တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးလည်း အားကောင်းမှာဖြစ်ပြီး လူထုအနေနဲ့ လည်း အုပ်ချုပ်ရေးကပေးတဲ့ ဝန်ထုပ်ဝန်ပိုးများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့မှာ တော်လှန်ရေးလိုအပ်ချက်အရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြား မတည်ဆောက်နိုင်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရမှာ တရားရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက် ရှိပါတယ်။ သို့သော် အထက်မှာ တင်ပြသလို တရားဥပဒေစိုးမိုးရေးအတွက် တရားရေးမဏ္ဍိုင်သီးသန့်မရှိခင် တော်လှန်ရေး ကာလမှာ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို အလေး ထား ပူးပေါင်းကူညီပေးကြဖို့ လေးစားစွာ တိုက်တွန်းလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများကို နောက်ထပ်တင်ပြလိုတာတစ်ခုကတော့ အကြမ်း ဖက် စစ်တပ်ဟာ လက်ရှိအချိန်မှာ တရားဝင်မှုလည်းမရှိ၊ မြေပြင်စိုးမိုးထိန်းချုပ်မှုတွေလည်း တစ်စ တစ်စ လျှော့နည်းလာနေပေမယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲတစ်ခုကို လိမ်ညာလှည့်စားမှုများစွာနဲ့ ပြုလုပ်ဖို့ လုံးပန်းနေတာကို တွေ့ရပါတယ်။ တော်လှန်ရေး အင်အားစုတွေအနေနဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လက်မခံခြင်းဟာ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခွင့်ရှိတဲ့ ရွေးကောက်ပွဲ ဆိုတဲ့ ဖြစ်စဉ်ကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ကျွန်တော်တို့မှာ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော် ပြသခဲ့ပြီးဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တစ်ခု တည်ရှိလျက်ရှိပြီး အဆိုပါ ပြည်သူ့ဆန္ဒကို စစ်အာဏာရှင်တစုက လက်နက်အားကိုးပြီး မတရားခြေဖျက်ရန် ကြိုးပမ်းနေခြင်းကြောင့်သာ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြခြင်းဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကနေတဆင့် ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီများနဲ့ ပြည်သူ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအားလုံးရဲ့ တည်ရှိမှုနဲ့ အခန်းကဏ္ဍဟာလည်း အင်မတန်မှ အရေးကြီးတယ်လို့ ကျွန်တော်တို့ ခံယူပါတယ်။
ဒါကြောင့် လက်ရှိ တော်လှန်ရေးအရှိန် အမြင့်ဆုံးကာလမှာ ပြည်သူ့ကိုယ်စားလှယ် တော်ကြီးများအနေနဲ့ ပြည်သူကို ဆက်လက်ထိတွေ့ကာ ပြည်သူ့ဆန္ဒကို တိတိကျကျ ရှင်းရှင်း လင်းလင်းသိရှိပြီး တော်လှန်ရေးရဲ့ ဖြစ်တည်တိုးတက်မှုတွေဟာ ပြည်သူ့ဆန္ဒကနေ သွေဖယ် သွားတာမျိုး မဖြစ်စေရေး ဝိုင်းဝန်းကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုလည်း ဒီမိုကရေစီ စံချိန်စံနှုန်းများ၊ မူနဲ့အုပ်ချုပ်တဲ့ စနစ်တွေ ဖြစ်စေဖို့ အစွမ်းကုန် ကူညီထောက်ပံ့ပေးကြဖို့ လေးစားစွာ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ၂၀၂၅ ခုနှစ်အတွင်းမှာ အဆင့်ဆင့် အုပ်ချုပ်ရေးယန္တရားတွေကို ပိုမိုပြီး ပြည်သူ့မျက်နှာကိုမူတဲ့၊ ပြည်သူကို အလေး ထားတဲ့၊ စည်းကမ်းသေဝပ်တဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖြစ်လာအောင် အထူးအလေးထား ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ပြောကြားပြီးဖြစ်ပါတယ်။ ပြည်သူကို မျက်နှာမမူတဲ့ လုပ်ရပ်တွေ၊ ဥပဒေလုပ်ထုံးတွေကို ချိုးဖောက်တာတွေ၊ တော်လှန်ရေးထက် မိမိအကျိုးစီးပွား ကို ကြည့်သူတွေအားလုံးကို ထိရောက်စွာ အရေးယူနိုင်ဖို့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရားမျှတမှုဆောင်ကြဉ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအခန်းကဏ္ဍတွေကို ထိထိရောက်ရောက် ကြိုးပမ်း ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုလည်း အမိန့် နာခံမှုနဲ့ စစ်ရေးဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာမှု ပိုမိုအားကောင်းပြီး ပိုမိုစွမ်းရည် ထက်မြက် လာဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူ့ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိစေဘဲ တော်လှန်ရေးမှာ ထိရောက်စွာ အသုံးပြုနိုင်ဖို့ကိစ္စရပ်ကို ဆက်လက် အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေး၊ အသွင် ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်တွေအတွက် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိနိုင်ဖို့၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ နိုင်ငံရေးစံတန်ဖိုးကို အခြေပြုပြီး လက်တွေ့ကျတဲ့ နိုင်ငံရေးဆိုင်ရာ ကြိုးပမ်း အဖြေရှာမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ဟာ သေချာပေါက် အပြောင်းအလဲဖြစ်မယ့်ကာလတစ်ခု ဖြစ်အောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားရမှာဖြစ်တာကြောင့် ပြည်သူ့ဆန္ဒ ပြည်သူ့အောင်ပွဲဖြစ်စေဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အရေးတော်ပုံအောင်နေပါပြီ။


