Home / (၁၃၄) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (May Day) သုံးပွင့်ဆိုင်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားခဲ့သည့်မိန့်ခွန်း

(၁၃၄) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (May Day) သုံးပွင့်ဆိုင်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားခဲ့သည့်မိန့်ခွန်း

ယနေ့အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ကြပါသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ ဖိတ်ကြားထားသော နိုင်ငံတကာမှဧည့်သည်တော်များနှင့် တိုက်ရိုက်ထုတ်လွှင့် မှုမှတစ်ဆင့် ကြည့်ရှုနေကြတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့အား မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သရင်း ကောင်းကျိုးအဖြာဖြာ တင့်တယ်စွာဖြင့် ဘေးအပေါင်းကင်းကွာ၍ ကိုယ်စိတ် နှလုံး ကျန်းမာချမ်းသာကြပါစေကြာင်းလည်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ယနေ့အခမ်းအနားအား ဦးစီးကျင်းပပြုလုပ်ပေးပါသော အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအပါအဝင် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တော်များနှင့် တာဝန်ရှိ သူတစ်ဦးချင်းစီကိုလည်း ကျေးဇူးတင် လေးစားရပါတယ်။ အလုပ်သမားထုတစ်ခုလုံး၏ ညီညွတ်မှု အင်အားကို ပြသဖော်ထုတ်နိုင်ခဲ့သည့် မေလ (၁) ရက်နေ့အား ကမ္ဘာ့အလုပ်သမားနေ့အဖြစ် ၁၈၈၉ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံကြီးက  ဆုံးဖြတ်ခဲ့ကြကာ ခေတ်အဆက်ဆက် အလုပ်သမားတို့၏ အခွင့်အရေးတို့အား အသိအမှတ်ပြု ဂုဏ်ပြုဖော်ညွှန်းခဲ့ကြသည်မှာ ယနေ့အချိန်ထိပင် ဖြစ်ပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးတွင် လည်း တာဝန်သိအလွှာစုံလုပ်သားများဟာ ကာယအား၊ ဉာဏအားများဖြင့် ကျရာတာဝန်များကို စွမ်းရာကဏ္ဍများတွင် ပါဝင်နေကြတဲ့အတွက် ပြည်တွင်းပြည်ပမှ အလုပ်သမားထုကြီးကိုလည်း ဒီအခမ်းအနားမှတစ်ဆင့် ကျေးဇူးတင်လေးစားပါကြောင်း ဖော်ပြလိုပါတယ်။

အကြမ်းဖက်ဥပဒေမဲ့စစ်အာဏသိမ်းမှုနောက်တွင် မိမိတို့နိုင်ငံသားအားလုံးတို့ဟာ  အခြေခံနိုင်ငံသားအခွင့်အရေးတို့ ဆိုးဝါးစွာ ချိုးဖောက်ခံခဲ့ကြရပြီး အကျင့်ပျက်ခြစားမှုနှင့် ဥပဒေ စိုးမိုးမှုမရှိခြင်းတို့ကြောင့် အလုပ်သမားထုတစ်ရပ်လုံးအနေဖြင့်လည်း မတရားဖိအားပေး ဖိနှိပ် ခိုင်းစေခံရခြင်း၊ လုပ်ခလစာအပြည့်အဝမရရှိခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း စသည့်အခြေအနေ အရပ် ရပ်တို့ ရင်ဆိုင်ခံစားနေကြရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု တွေကြောင့် နိုင်ငံခြားဝင်ငွေရရှိရန် ခက်ခဲနေမှုကို ကျော်လွှားဖို့  ရွေ့ပြောင်းလုပ်သားတွေအပေါ် အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို ၀င်ငွေခွန် တိုးမြှင့်ကောက်ခံတာကလည်း အလုပ်သမားထု အတွက် လွန်စွာ ခက်ခဲကြပ်တည်းစေသည့် မတရားဖိနှိပ်မှုဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဥ်းပြီးလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်အမှတ် (၆/၂၀၂၃)နဲ့ (၇/၂၀၂၃) တို့ကို ထုတ်ပြန်ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအသီးသီးမှ အလုပ်သမားကိုယ်စားလှယ်ရုံး များနှင့် ချိတ်ဆက်လျက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်ပေး နိုင်ရေးလုပ်ငန်းများ၊ ပိုမိုကောင်းမွန်သော ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာမူဝါဒများ၊ ပြည်တွင်း ပြည်ပအလုပ်သမားအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများ ချိုးဖောက်ခံနေရမှုများအတွက် တိုင်ကြား နိုင်သည့် ယန္တရားများနှင့် အလုပ်သမားရေးရာ အသိအမြင်မြှင့်တင်ရေးစကားဝိုင်းများ စသည်တို့ကို မြေပြင်နှင့်အွန်လိုင်းမှတစ်ဆင့် စီစဥ်ဆောင်ရွက်ပေးနေသည့်အတွက်လည်း ဝမ်းမြောက်စွာ ကြိုဆို ဂုဏ်ပြုလိုပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များပါဝင်သည့် ကွန်ရက်ကောင်းတစ်ခုအား ဖွဲ့စည်းထားရှိကာ အလုပ်သမားထုအရေး အတွက် တက်ညီလက်ညီဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုများကို ILO အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့အစည်းများက အသိအမှတ်ပြု ချိတ်ဆက်ပူးပေါင်းဆောင်ရွက် သွားစေလိုကြောင်းလည်း တိုက်တွန်းပြောကြားလိုပါတယ်။ ILO ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါ အချက်အလက်တွေကို ဖြေရှင်းချက်ပေးရန် ပျက်ကွက်မှုအတွက် အကြမ်းဖက် စစ်ကောင်စီအပေါ် ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားရန် လိုအပ်သလို ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့၀င်တွေကို ပြန်လွှတ်ပေးဖို့ ILO ကနေ ဖိအားပေးတိုက်တွန်းသွားဖို့ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။ လွှတ်တော်ကဏ္ဍ အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှာလည်းပဲ အလုပ်သမားရေးရာကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိတဲ့အတွက် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

ယနေ့ မေဒေးနေ့ ကြွေးကြော်ဆောင်ပုဒ်မှာ ဖက်ဒရယ်ဒီမိုကရေစီမရှိဘဲ အလုပ်သမား အခွင့်အရေးမရှိနိုင် “ No Federal Democracy, No Labour Rights” ဖြစ်ကာ မေဒေးလှုပ်ရှားမှု ကမ်ပိန်းများကိုလည်း နေရာဒေသအသီးသီးတွင် ပုံစံမျိုးစုံဖြင့် စီစဥ်ကျင်းပလျက် အလုပ်သမားထု၏ အမှန်တကယ် ရရှိသင့်ရရှိထိုက်သော အခွင့်အရေးတို့အတွက် သံပြိုင်အတူတကွ ပူးပေါင်းပါဝင် ချိတ်ဆက် ဆောင်ရွက်ပေးနေကြတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လုပ်သားပြည်သူတစ်ဦးတစ်ယောက်ချင်းတို့အား လွန်စွာ ကျေးဇူးတင်ဂုဏ်ယူရပါကြောင်း ထည့်သွင်း ပြောကြားလိုပါတယ်။ မဝေးတော့တဲ့ ကာလတစ်ခုမှာ မိမိတို့အားလုံး၏ နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်စေဖို့ ပြည်တွင်းပြည်ပအလုပ်သမားထုကြီးအပါအဝင် မိမိတို့တိုင်းရင်းသား ပြည်သူများအားလုံး ညီညီညွတ်ညွတ်နဲ့ တွဲလက်မြဲမြဲချိတ်ဆက်ကာ ရှေ့ဆက်ချီတက်ကြပါစို့လို့ ပြောကြားလျက် နိဂုံးချုပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

နွေဦးတော်လှန်ရေး မုချအောင်ရမည်။

Scroll to Top