Home / မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (၃၅) နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်းနှင့် (၁၂) ကြိမ်မြောက် ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (၃၅) နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်းနှင့် (၁၂) ကြိမ်မြောက် ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား

ယနေ့အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ကြီး မန်းဝင်းခိုင်သန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှ  တော်လှန်ရေးရဲဘော် မိတ်ဆွေများနဲ့ ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးမှ တော်လှန်ရေးရဲဘော် မိတ်ဆွေများ၊ သွေးချင်း ညီနောင် တိုင်းရင်းသားများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပြီး တော်လှန်စစ်ကို အောင်စိတ်နဲ့ အနိုင်ဆင်နွှဲနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ပါတီသက်တမ်း (၃၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ (၁၂) ကြိမ်မြောက် ညီလာခံကြီးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ကိုယ်စား ဂုဏ်ပြုအမှာစကား ပြောကြားခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပြီး ကျေးဇူးတင်ရပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ စတင်ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေး ဦးတည်ချက် (၄) ရပ်တို့ကို အခြေတည်ပြီး နွေဦးတော်လှန်ရေးမှာလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေခြင်းဟာ မိမိတို့တိုင်းပြည်အတွက် ခွန်အားတစ်ရပ် ဖြစ်သလို ပြည်သူလူထု အတွက်လည်း အားကိုးအားထားပြုရတဲ့ တော်လှန်အင်အားစုကြီးတစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီညီလာခံကြီးကနေ မိမိတို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ ပဋိပက္ခတွေကို တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံပါတီ စတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စည်းလုံးညီညွတ်မှု အင်အားတွေနဲ့အတူ ဖြတ်ကျော်နိုင်မယ့် တန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး ရှေ့ဆက်နိုင်မယ်လို့လည်း  ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ လူမဆန်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ထုတ်ပြီး နောင်လာနောက်သားတွေအတွက် အလွန်အင်မတန်မှ တန်ဖိုးမဖြတ်နိုင်တဲ့ မှန်ကန်ကောင်းမွန်တဲ့ နိုင်ငံတစ်ခုအဖြစ် သမိုင်းပေးအမွေကို လက်ဆင့်ကမ်းထားခဲ့နိုင်ဖို့ ဒီနွေဦးတော်လှန်ရေးကြီးရဲ့ အရှိန်ကိုမြှင့်၊ တွဲလက်ကို ခိုင်ခိုင်တွဲ၊ နိုင်ငံရေးရေချိန်ကို အသိ၊ သတိ၊ နားလည်မှုတွေနဲ့ ဆက်လျှောက်လှမ်းကြဖို့ အင်မတန်မှ လိုအပ်နေတာကိုလည်း အားလုံး သတိချပ်ကြပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အင်မတန်မှ အားကိုးအားထား ပြုထိုက်ပြီးတော့ သမိုင်းအစဉ်အလာလည်း ရှိခဲ့တဲ့ ဒီကနေ့ ABSDF အဖွဲ့ကြီး တစ်ခုလုံးမှာ နိုင်ငံရဲ့သမိုင်းအတွက် အသက်ပေးသွားတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ထိခိုက်နစ်နာခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီနေရာကနေ အလေးပြုပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ၊ ပျက်စီးခဲ့ရတဲ့ အိုးအိမ်တွေ၊ အိုးပစ်အိမ်ပစ် တိမ်းရှောင်နေခဲ့ရတဲ့ ပြည်သူတွေ၊ သံတိုင်ရဲ့နောက်က ဘဝတွေ၊ အိပ်မက်တွေကို စွန့်ထားရတဲ့ လူငယ်တွေ အားလုံးအတွက် တည်ခုတည်းသော မျှော်လင့်ချက်ဟာ ဒီနွေဦးတော်လှန်ရေးကြီး မြန်မြန်ဆန်ဆန် အောင်မြင်ဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်မယ့် အဆုံးသတ် တိုက်ပွဲလည်း ဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာ အဖက်ဖက်က ရှုံးနိမ့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမျိုးမျိုးသော သပ်လျှိုသွေးခွဲမှုတွေ၊ လူထုအထင်အမြင်မှားအောင် စနစ်တကျ လုပ်ဆောင်မှုတွေကို မြင်တွေ့နေရမှာဖြစ်ပါတယ်။ နိုင်ငံတကာစင်မြင့်မှာ နေရာမရသလို ပြည်သူများရဲ့ စက်ဆုပ်ရွံရှာမုန်းတီးဆန့်ကျင်မှုတွေကြောင့် ပြည်သူကြားမှာလည်း နေစရာမရှိတော့တဲ့ အကြမ်းဖက်စစ်မစ္ဆာတွေရဲ့ သွေးခွဲသပ်လျှို ကောက်ကျစ်မှုတွေကိုလည်း ဉာဏ်အမြော်အမြင်ကြီးစွာနဲ့ ကျော်ဖြတ်နိုင်ရန်လည်း အထူးလိုအပ်ပါတယ်။ စစ်မိစ္ဆာတွေဆီမှာ စစ်မှန်မှုဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို အခု သူတို့ အကြပ်အတည်းက ထွက်ပေါက်ရစေဖို့ အတုအယောင် မျှော်လင့်ချက်တွေနဲ့ စည်းရုံးမှုတွေ တိုးမြှင့်လုပ်ဆောင်လာမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ညီလာခံကြီးကနေ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားပြည်သူများနဲ့ အချင်းချင်း ယုံကြည်မှုနဲ့ အပြန်အလှန် လေးစားမှု၊ စည်းလုံးညီညွတ်မှုတို့ကို အခြေတည်ကာ အောင်ပွဲဆီကို အရောက်လှမ်းမယ့် ရလဒ်ကောင်းတွေ ပေါ်ထွက်လာမယ်လို့ ကောင်းစွာ ယုံကြည်လျက်ရှိပါတယ်။ ပြည်သူများကလည်း မျှော်လင့်တောင့်တနေကြပါတယ်။

မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း လွှတ်တော်ကဏ္ဍဘက်ကနေ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုများနဲ့ ကြုံတွေ့စေခဲ့ရမူ မယိုင်မလဲ နောက်မဆုတ်ဘဲ အားလုံးနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ်ပြီး တန်းတူညီမျှတဲ့ တရားမျှတမှု ရရှိရေး ဆောင်ကျဉ်းပေးနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဖော်ဆောင်ရေးအတွက် နွေဦးတော်လှန်ရေးမှာ ပူး‌ပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သမ္ဘာရင့်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအနေနဲ့ ပြည်ထောင်စုဖွား နိုင်ငံသားများအတွက် ဆထက်တိုး အလုပ်အကျွေးပြုနိုင်ပါစေ၊ ခိုင်ခိုင်မာမာ ဆက်လက်ရှင်သန် အောင်ပန်းဆင်နိုင်ပါစေ လို့ ဒီကနေ့ (၁၂) ကြိမ်မြောက် ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို လေးစားပါတယ်။

Scroll to Top