Home / အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ဒုတိယအကြိမ်ပြည်သူ့ညီလာခံ (ပထမနေ့) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် ညီလာခံဂုဏ်ပြုအမှာစကား

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ဒုတိယအကြိမ်ပြည်သူ့ညီလာခံ (ပထမနေ့) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် ညီလာခံဂုဏ်ပြုအမှာစကား

(၄-၄-၂၀၂၄ ရက်၊ ကြာသပတေးနေ့)

               အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ဒုတိယအကြိမ်ပြည်သူ့ညီလာခံသို့ တက်ရောက်လာကြသော နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ကောင်စီဝင်အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်ကြီးများနှင့် ပြည်တွင်း၊ ပြည်ပမှ အထူးဧည့်သည်တော် များနဲ့ တိုင်းရင်းသားပြည်သူအပေါင်းကို မင်္ဂလာပါလို့ လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

               ပထမဦးဆုံးအနေနဲ့ ဒီကနေ့ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကြီး ကျင်းပနိုင်ခဲ့တဲ့အတွက် အဖက်ဖက်က ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ပြောကြားပါရစေ။ နိုင်ငံတစ်ဝှမ်း ခုခံတွန်းလှန်မှုတွေဟာ သိသိသာသာ အားကောင်းလာတဲ့ အချိန်မှာ မိမိတို့အားလုံး မဖြစ်မနေလုပ်ဆောင်ရမယ့် နိုင်ငံရေးအစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်နိုင်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ နွေဦးတော်လှန်ရေးကြီးမှာ အသက်တွေဘဝတွေပေးပြီး တော်လှန် ကြတဲ့ အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုပါတယ်။

               ဒီနေ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်များ၏ အဖွင့်မိန့်ခွန်းများနဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၏ ညီလာခံဂုဏ်ပြုအမှာစကားများအတွက်လည်းလွန်စွာမှ အားတက် ရပါတယ်။ ဒီရေ အတက်မှာ အချိန်မီကမ်းကပ်နိုင်ဖို့ အမြော်အမြင်အကြီးကြီး စုပေါင်းဆောင်ရွက် နိုင်‌ရေးအတွက် ပါဝင်သူအားလုံးကို အင်မတန်လေးစားကြောင်း ပြောကြားလိုပါတယ်။

               အစုအဖွဲ့အချင်းချင်းကြား၊ အင်အားစုအချင်းချင်းကြားမှာ အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ အင်အားစုတစ်ခုချင်းစီရဲ့ ပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍကို အပြန်အလှန် အသိအမှတ် ပြုမှုတွေနဲ့အတူ ဘုံရည်မှန်းချက်ဆီကို ဆက်လက်လျှောက်လှမ်းကြရအုံးမှာလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ မိမိတို့အားလုံး မျှော်ရည်ကြိုးပမ်းနေတဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်ကို ရောက်ရှိ ဖို့အတွက် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်တွေကို မမေ့မလျော့ဘဲ အတူတွန်းလှန်သွားကြဖို့လည်း လိုအပ်နေပါတယ်။ 

               ပဋိပက္ခအတွင်းကနေ စနစ်ပြောင်းနိုင်ငံရေး နိုင်ငံအတွက် ပြောင်းလဲတဲ့ စနစ်သစ် ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေကြရတဲ့အတွက် မိမိတို့မှာ စိန်ခေါ်မှုတွေများစွာ ဖြတ်ကျော်နေရ တာ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကြားကနေပဲ သုံးနှစ်တာကာလအတွင်းမှာလည်း သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ခဲ့တာတွေလည်းရှိပါတယ်။ ဒီကနေ့ ကျွန်တော်တို့ စုပေါင်း ဆွေးနွေးဆောင်ရွက်နေကြတာ လက်ရှိ နိုင်ငံရေးပြဿနာရပ်ကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ ဖြစ်တဲ့အတွက် ဒီတူညီဆန္ဒကို အခြေခံပြီး ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ 

               မတူညီတဲ့ ပါဝင်မှုတွေနဲ့ တာဝန်ကိုယ်စီထမ်းဆောင် ကြိုးပမ်းနေကြရတဲ့ နေရာမှာ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များဟာ မိမိတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်များအပြင် ကြားကာလရဲ့ နိုင်ငံရေးတာဝန် တွေကိုပါ ပါဝင်ထမ်းရွက်နေကြပါတယ်။ နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းရဲ့ အသိအမှတ် ပြုမှုနဲ့အတူ လွှတ်တော်မဏ္ဍိုင်ကနေ ပြည်သူ့ကိုယ်စား ပြည်သူ့အသံကို ကမ္ဘာကြီးက ကျယ်ကျယ် လောင်လောင် ကြားနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

               အလားတူ ပြည်တွင်းမှာလည်း မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ တွေနဲ့အတူ နီးနီးကပ်ကပ် မြေပြင်မှာ တာဝန်ထမ်းရွက်နေကြပါတယ်။ ဒုက္ခတွေအတူ ခံစားရင်း ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့၊ ပြည်သူတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ တန်းတူအခွင့်အရေးတွေ ဖော်ဆောင် ပေးနိုင်ဖို့ အင်အားစုအသီးသီးနဲ့ လက်တွဲ ဆောင်ရွက်လျက်ရှိပါတယ်။

               လက်ရှိနိုင်ငံရေးပြဿနာတွေကို တစ်ချိန်တည်းမှာ အားလုံးစုပြီး ဖြေရှင်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ခေါင်းဆောင်အသီးသီး၊ အင်အားစုအသီးသီး သိရှိပြီးသား ဖြစ်ပါတယ်။ လွယ်ကူတဲ့ ကိစ္စရပ်မဟုတ်ဘူးဆိုပေမယ့် အဖြေရှာမရတဲ့ ပုစ္ဆာလည်း မဟုတ်ပါဘူး။ ဒီပုစ္ဆာတွေဟာ ကျွန်တော်တို့ မဖြစ်မနေ ဖြေရှင်းသွားရမည့် ပုစ္ဆာတွေပဲ ဖြစ်ပါတယ်။ လူထုရဲ့ ဆန္ဒနဲ့အညီ အစုအဖွဲ့အသီးသီးရဲ့ မလျော့တဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လက်ရှိအခြေအနေ တွေကို ဖြတ်ကျော်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

               ဒီပြည်ထောင်စုမိသားစုရဲ့ စိန်ခေါ်မှုတွေကို မိသားစုဝင် တိုင်းရင်းသားညီအစ်ကိုများ က ပါဝင်ဖြေရှင်းမှသာ လက်ရှိအရှိန်ထက် မြန်တဲ့အဖြေရှာမှုကို ရရှိနိုင်မှာဖြစ်တဲ့အတိုင်း အေးအတူ၊ ပူအမျှ အတူတကွ ရင်ဆိုင်သွားကြဖို့လို့လည်း ဒီကနေ့အခမ်းအနားကနေ တင်ပြလို ပါတယ်။ အာဆီယံနဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လည်း မိမိတို့ အင်အားစုများအကြား ညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးတည်တဲ့ ဆွေးနွေးအဖြေရှာမှုကို ပံ့ပိုးကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။

               နိဂုံးချုပ်အနေနဲ့ ခေါင်းဆောင်အသီးသီးရဲ့ အမြော်အမြင်ကြီးမှု၊ အစုအဖွဲ့အသီးသီးရဲ့ နိုင်ငံရေးစနစ်ပြုပြောင်းလဲရေးအတွက် လိုလားမှုတွေနဲ့အတူ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ကြီးကနေ တော်လှန်ရေးကြီးရဲ့အလှည့်အပြောင်းအတွက် အထောက်အကူဖြစ်စေမယ့် ဆွေးနွေး မှုတွေ၊ သဘောတူညီမှုတွေ ဖော်ထုတ်နိုင်ကြပါစေကြောင်း လေးလေးနက်နက် ဆန္ဒပြုရင်း နိဂုံး ချုပ်ပါတယ်။

               အားလုံးကို လေးစားပါတယ်။

               နွေဦးတော်လှန်ရေး မုချအောင်ရမည်။

Scroll to Top